သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး အမြန်လမ်းမကြီး (အပိုင်း ၂)


Yangon-Mandalay-Nay Pyi Taw High Way (Photo by Ronney Nyein-VOA)
Yangon-Mandalay-Nay Pyi Taw High Way (Photo by Ronney Nyein-VOA)

နိုင်ငံတကာ သတ်မှတ်စံ မပြည့်မှီတဲ့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးမှာတွေ့ရတဲ့ အားနဲချက်တွေနဲ့ ဒီအားနဲချက်တွေကို အစိုးရဘက်က ဘာတွေ လုပ်ပေးနေတယ် ဆိုတာကို အမြန်လမ်းကို အမြဲသုံးပြီး သွားလာနေသူ့ ကိုနေလင်းဖြိုးက ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

အကျယ် ၂၇ ပေရှိတဲ့ ကွန်ကရစ် ၂ လွှာနဲ့ ခင်းထားတဲ့ ဒီအမြန်လမ်းမကြီးမှာ အောက်အလွှာက ၆ လက်မ၊ အပေါ်အလွှာက တပေ ထူပြီး တန်ချိန် ၈၀ လောက်လေးတဲ့ ယာဉ်တွေ ဖြတ်သန်းမှုကို ခံနိုင်ရည် ရှိပါတယ်။ တံတားပေါင်း ၁၃၀၀ ကျော်ရှိပြီး ထရပ်ကားတွေ မောင်းခွင့်မပြုပဲ လူစီး ကားတွေအတွက် သတ်မှတ်ထားတဲ့နှုန်းက ကီလိုမီတာ တရာပါ။ ဒီလမ်းမကြီးစဖွင့်ချိန်မှာ ကားမောင်းသူတွေ ကြုံရတဲ့ အခက်အခဲက ဘာပါလဲ။

“ဟိုး စစ နှစ်တွေမှာ ကားတွေလည်း ရှားတယ် ခင်ဗျ။ ကားတွေမှာ တာယာ date ကို ဖတ်ရတယ် ဆိုတဲ့ သဘောတရားကို မသိကြဘူး ခင်ဗျ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မသိခဲ့ဘူး ခင်ဗျ။ စောစောပိုင်း နှစ်တွေမှာ။ အဲဒီအချိန်မှာ အမြန်လမ်း ဆိုပြီး ပေါ်လာတယ်။ လမ်းက ကတ္တရာ မဟုတ်ပဲနဲ့ ကွန်ကရစ်နဲ့ခင်းထားတယ် ခင်ဗျ။ လမ်းအသစ် ဖြစ်တာလည်း ပါတော့ အရိပ်အာဝါသ ကလည်း မရှိဘူး။ အဲတော့ အပူချိန် မြင့်တယ် လို့တော့ ထင်ပါတယ်။ တချို့က ဒါရိုက် မောင်းတဲ့ အခါ တာယာက -- ရင် တာယာ ပွင့်သွားတယ်လို့ ထင်ပါတယ် ခင်ဗျ။ နောက်ပိုင်း တာယာဝယ်ရင် လူတွေက date ဖတ်ရတယ် ဆိုတာလေးကို သတိထား မိလာကြတယ် ခင်ဗျ။ နောက်ပိုင်း လူတွေက လက်လွတ်စံပယ် မဝယ်ကြတော့ဘူး ခင်ဗျ။

နောက်တခုက အားနဲတဲ့ နေရာတွေမှာ ပြင်တဲ့ အခါကျရင်တော့ နောက်ပိုင်းမှာ သူက နိုင်လွန် ကတ္တရာ ခင်းခိုင်းတယ် ခင်ဗျ။ သူက အပိုင်းလိုက် အပိုင်းလိုက်။ အခု ကျွန်တော်တို့ ရန်ကုန်ဘက်က ထွက်မယ် ဆိုရင် မိုင် ၂၀ လောက် အထိကတော့ လမ်းဘယ်ညာ အကုန် ခင်းပြီး ပါပြီခင်ဗျ။ နိုင်လွန် ကတ္တရာ တောက်လျှောက် နောက်ပိုင်းမှာ ပျက်တဲ့ နေရာတွေကို ပြင်တဲ့ နေရာအားလုံးကို သူက အပိုင်းလိုက် အပိုင်းလိုက် လုပ်ခိုင်းနေတယ် ခင်ဗျ။ အခုတွေ့ရတာ ကတော့။”

နောက်ဆို ပိုပြီးတော့ အဆင်ပြေမယ့် ပုံ ပေါ်တာပေါ့နော်။

“ဟုတ်ကဲ့။ အခု အစိုးရသစ် လက်ထက်မှာတော့၊ တချို့ ကျွန်တော်ပြောခဲ့တဲ့ အန္တရာယ် များတဲ့ နေရာတွေမှာတော့ ပြင်တယ် ခင်ဗျ။ မိုးသဲကြီးမဲကြီး ရွာချ လိုက်တဲ့ အချိန်မှာ ကားလမ်း ပေါ်မှာ ရေက ရေဖမ်းထားသလို ဖြစ်နေပြီးတော့၊ လမ်းဘေးကို ဆင်းမသွား ပဲနဲ့၊ တကယ်လို့ အရှိန်က သူတို့ပြောထားတဲ့ အတိုင်း ကီလိုမီတာ ၁၀၀ ဆိုတဲ့ အရှိန်နဲ့ မောင်းလာ ပြီးတော့ ရုတ်တရက် ကားက အဲလို အရမ်းကို ဆွဲသွားတာ ပေါ့နော်။

အဲလို ပြဿနာ ဖြစ်တတ်တဲ့ နေရာလေးတွေ သူတို့လိုက်မှတ် ပြီးတော့ အခု ပြင်တော့ ပြင်နေတယ် ခင်ဗျ။ လမ်းတွေအားလုံး။ နောက် ရောင်ပြန်တွေ အားနဲတဲ့ နေရာမှာ ရောင်ပြန်တွေ ထားတယ်။ နောက် speed တွေကို ချနေပြီ ခင်ဗျ။ အရင်တုန်းက ကီလို ၁၀၀ အထက် ကိုမမောင်းရဘူးပေါ့နော်။ ဒါပေမယ့် တချို့အန္တရာယ် များတဲ့ နေရာတွေမှာ ၆၀ တို့ ၈၀ တို့၊ အဲဒီလို ဆိုင်းဘုတ်တွေ လိုက်ထောင်ထားပြီ ခင်ဗျ။ အဲ့ဒီထက် ပိုမမောင်းဖို့။ အဲဒီလို မျိုးတွေတော့ လိုက်ထောင်တယ်။ ရောင်ပြန် အားနဲတဲ့ နေရာတွေမှာ ရောင်ပြန် တွေ လိုက်လုပ်ထားတာ တွေ့တယ် ခင်ဗျ။”

ဒီလမ်းကြောင်း ဖေါက်တဲ့ နေရာမှာ ရော၊ အားနဲမှု ရှိတယ်လို့မြင်ပါသလား။

“အဲဒီလိုတော့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။ တချို့နေရာ တွေမှာ ဒီလမ်းသည် မကွေ့သင့် ပဲနဲ့ ပေါ့နော်၊ ကွေ့တယ်လို့ ကျွန်တော် ခံစားရတယ် ပေါ့နော်။ အထူးသဖြင့် မန္တလေးနား ရောက်ခါနီး ဆိုရင် လမ်းက အရမ်းကို ကွေ့တယ်ခင်ဗျ။ ကွေ့တာမှ တကယ် အရမ်းကို မြွေလိမ် မြွေကောက်ကို ဖြစ်နေတယ်။ ဘာကြောင့် အဲလို ကွေ့ရတယ်တော့ မပြောတတ် ဘူးပေါ့နော်။ ဒီ နည်းပညာကိုပဲ မတတ် လို့လား။ နောက် တချို့ ရုတ်တရက် ကွေ့ကွေ့ သွားတယ် လမ်းက။ နောက် ကွေ့ရင်လည်း နှုန်း ၁၀၀ နဲ့က အတွေ့အကြုံ ရှိတဲ့ သူအတွက်က အဆင်ပြေတယ် ဒါပေမယ့် အတွေ့အကြုံ နဲတဲ့ သူအတွက်က အဲဒီမှာ ပြဿနာ ရှိတယ် ခင်ဗျ။”

နောက် ဒီလမ်းမှာ တံတားတွေ ဖေါက်တဲ့ အနေထားကရော အဆင်ပြေရဲ့လား။

“တံတားတွေက စောစောပိုင်းတွေမှာ တံတားတွေ ကျဉ်းတယ် ခင်ဗျ။ အခုနောက်ပိုင်း နှစ်တွေမှာ တော့ ဖေါက်ပြီး ၄- ၅ နှစ်လောက် နေတဲ့ အခါမှာတော့ အကုန်လုံး တော့ နဲနဲ နဲနဲ လိုက်ပြင်တယ်။ ကျယ်သွားတယ်။ အခုဆို အားလုံး အဆင်ပြေပါတယ် ခင်ဗျ။”

ဒီ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ စိတ်ထဲတခြား ကသိကအောက် ဖြစ်စရာလေး တွေ ဘာများ ကြုံရ ပါသေးသလဲ။

“တခြားတော့ မရှိပါဘူး။ ဒါပေမယ့် အဓိက ကတော့ လမ်းပေါ်မှာ ဆိုင်ကယ် ကို တရားဝင် ခွင့်မပြု ထားပေမယ့်။ ဆိုင်ကယ် ကို မောင်းနေကြတယ်။ ဆိုင်ကယ် စီးနေကြပါတယ် ခင်ဗျ။ နောက် တချို့ ဆိုင်ကယ်ကို လမ်းပြောင်းပြန် မောင်းနေကြပါတယ်။ အဲဒါမျိုး တွေကို အခုချိန် အထိတော့ ထိထိရောက်ရောက် အရေးမယူ ပေးနိုင်သေးဘူး ပေါ့နော်။ အဲဒါမျိုး တွေပ ယာဉ် မောင်းတွေ အတွက်တော့ အန္တရာယ် များတယ်လို့ထင်ပါတယ်။ နောက် တချို့ လမ်းမကြီးတွေ ဘေးက ရွာတွေက အပိုင်းလိုက် အပိုင်းလိုက် ညဘက် ဆိုရင် ကားတွေက တက်မောင်း ကြတယ် ခင်ဗျ။ ကုန်ကားတွေ။ သူတို့ ခွင့်ပြုထားတဲ့ တန်ချိန်ထက် ပိုတဲ့ ကားကြီးတွေကို တွေ့တယ် ခင်ဗျ။ ဥပမာ မြေသယ်ကားကြီးတွေ၊ ကရိန်းကြီးတွေတို့။ သူတို့က နယ်ခံတွေ ဖြစ်တဲ့ အတွက်ကြောင့် ဘယ်အပေါက်က ထွက်ပြီး ဘယ်အပေါက်က ဝင်ရင် ရတယ် ဆိုတာ သိတယ် ခင်ဗျ။ ကျွန်တော် တို့လို ခရီးသွား တွေကတော့ မသိဘူးခင်ဗျ။ အဲဒီတော့ ဒီကားကြီး တွေကို ရုတ်တရက် တွေ့လိုက်တော့။ ဒီကားကြီးက ဘယ်က တက်လာမှန်းလည်း မသိဘူး။ အဲဒီလို မျိုးတွေ ပေါ့နော်။

အဆိုးဆုံး ကတော့ သူတို့ကို ဆိုင်ကယ် စီးဖို့ ဆိုပြီးတော့ ဒီကွန်ကရစ် လမ်းရဲ့ ဘေးမှာ မြေကြီးလမ်း လုပ်ထား ပေးတယ် ခင်ဗျ။ ကျွန်တော်တို့ သိသလောက် ပေါ့။ ရွာသားတွေ သုံးဖို့ အတွက် ဆိုပြီးတော့ ထားတဲ့ ဟာကို ရွာခံတွေက မသုံးကြဘူး၊ ဒီ ကွန်ကရစ် လမ်းပေါ်ကိုပဲ သူတို့ဆိုင်ကယ်တွေ တက်စီး တယ်။ တချို့ဆိုရင် လမ်းပြောင်းပြန် စီးတယ် ခင်ဗျ။ အဲတော့ ခုနောက်ပိုင်းမှာ ကျွန်တော်တို့ကြားတာ ကတော့ လမ်းပေါ်မှာ တခုခု ဆိုင်ကယ်ကို တိုက်ခဲ့တယ် ဆိုရင် ဆိုင်ကယ် သမားက တရားစွဲခံရတယ် လို့ကြားတယ် ခင်ဗျ။”

ဒီလမ်းပေါ်မှာ ခရီးသွားလာ နေသူတွေ၊ ယာဉ်တွေ အန္တရာယ် ကင်းဖို့အတွက် လုံခြုံရေး ဘယ်လောက်များ ဖြည့်ထား ပေးပါသလဲ။ အရေးပေါ် ဖြစ်လို့ ရှိရင် အရေးပေါ် အတွက် ခေါ်ဖို့ ပြုဖို့ ဒါမျိုးကို မြန်မြန် ဆန်ဆန်နဲ့ အကူအညီတွေ ဘာတွေများ ရရဲ့လား။ ဘယ်လိုများ အခက်အခဲ ရှိလဲ ပြောပြပေးပါအုံး။

“စောစောပိုင်း ဖွင့်ခါစ အခြေနေ ကတော့ တော်တော်လေး အဆင်မပြေခဲ့ဘူး ခင်ဗျ။ တခုခု ဖြစ်လို့ အကူအညီ ခေါ်ရင်လည်း တော်ရုံနဲ့ မရဘူး။ အမြန်လမ်း ရဲစခန်း ဆိုတာမျိုး မရှိခဲ့ဘူး ခင်ဗျ။ အစပိုင်းမှာ ပေါ့နော်။ တော်တော်လေး ဒုက္ခ သုက္ခ ရောက်ခဲ့ကြပါတယ်။ အဲဒီတုန်း ကတော့ လမ်းက အသစ်ကြီး ဖြစ်တာက တကြောင်း ကားက တာယာ အားနဲချက်တို့၊ ယာဉ် မောင်း ပေါ့ဆမှုတို့၊ နောက် လမ်းရဲ့ အားနဲချက် တို့ကြောင့် ခဏခဏ ဖြစ်တယ်။ ဒုက္ခ သုက္ခ လူတွေ တော်တော် ရောက်ကြတယ် ခင်ဗျ။

အဲဒါတွေ များလာတဲ့ အချိန်မှာ အရေးပေါ်hotline နံပါတ် ဆိုပြီးတော့ ၁၈၈၀ ဆိုပြီးတော့ လုပ်ထားပေးတယ် ခင်ဗျ။ သူတို့သတ်မှတ် တဲ့ အတိုင်းပေါ့နော်။ အပိုင်းလိုက် အပိုင်းလိုက် တွေမှာ ရဲစခန်းတွေ ထားတယ်။ အဲဒီ ရဲစခန်းတွေမှာ သူနာပြု ယာဉ်တွေ ရှိတယ်။ နောက် ကရိန်းတွေ တွေ့တယ်ခင်ဗျ။ အခု နောက်ပိုင်းတော့ ညပဲဖြစ်ဖြစ်၊ နေ့ပဲ ဖြစ်ဖြစ် ပေါ့၊ အပိုင်း အခြား အလိုက်ကို အမြန်လမ်း ရဲ ခေါ်တယ် ခင်ဗျ။ သူတို့အခေါ်တော့။ အဲဒီရဲက တောက် လျှောက် ရှိနေတာ တွေ့တယ် ခင်ဗျ။ လမ်းဘေးမှာ သူတို့ ဆိုင်ကယ် လေးတွေနဲ့ ရပ်စောင့် ပေး နေတယ်။ ကျွန်တော်တို့ ခရီးသွားတွေ အနေနဲ့ လိုအပ်တဲ့ အကူအညီပေါ့။ ဘာပဲဖြစ်ဖြစ် ဥပမာ ဘီး ပေါက်တာက အစ၊ ကားပျက်တာ ဘာညာ။ ကားမှောက်တာ အဆုံး ပေါ့နော်။ သူတို့ကို အကူအညီ တောင်းရင် ရတယ် ခင်ဗျ။

ဒါက အခုနောက်ပိုင်း နှစ် တွေမှာမှ ရလာတာ ပေါ့နော်။ အရင်တုန်း ကတော့ ဘယ်သူ့ကို ခေါ်လို့ခေါ်ရမှန်းလဲ မသိဘူး ပေါ့နော်။ နောက်ပိုင်း နှစ်တွေမှာ သူတို့ဖုံး နံပတ်တွေ ပေးတယ်။ ဘယ်အပိုင်းဆို ဘယ်နံပါတ်။ အဲဒီလို ပေးတယ်။ အဲတော့ ရုတ်တရက် ခေါ်လိုက်တဲ့ အခါကျတော့ သူက ဟာ အဲဒီ အပိုင်းက ကျွန်တော့် အပိုင်း မဟုတ်ဖူး။ ဘယ် နံပတ်ကို ခေါ်ပါ။ အဲဒီလို မျိုး တွေ ပေါ့နော်။ ကသိ ကအောက်တွေ ဖြစ်တယ် ခင်ဗျ။ အများကြီး ပြောလာ ကြတော့မှ သူက သီးသီး သန့်သန့် နံပတ်ကို ပေးလာတယ်။ အဲဒါကို ခေါ်လိုက် ရင် သူတို့က ချိတ် ဆက်ပေးတယ် ခင်ဗျ။ ခေါ်လိုက်ရင် ရဲက သူ့ဟာနဲ့သူ အပိုင်းလိုက် အပိုင်းလိုက် စောင့်နေပါတယ်”

အဲဒီတော့ လုံခြုံရေး အပိုင်းက အတော်လေး စိတ်ချလာရတဲ့ အပိုင်း ပေါ့နော်။

“ဒါပေမယ့် အားနဲ နေပြန်တာက ကျွန်တော်တို့ မြင်တာ ပေါ့နော်။ လုံခြုံရေးက တယောက် ပဲ ရှိတယ် ခင်ဗျ။ တနေရာမှာ။ ၂ ယောက်တော့ ရှိသင့်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နေ့လည် ဘက် ဆိုရင် သိပ်ကိစ္စ မရှိဘူးခင်ဗျ။ ဥပမာ ညဘက်များ တခုခု ဥပမာ သူ့ကို လုပ်ခဲ့မယ် ဆိုရင် သူ့မှာ လက်နက်လည်း မတွေ့ဘူး ခင်ဗျ။ ကျွန်တော် တွေ့ရ သလောက်။ သုူ့ကို ရန်ပြုမယ် ဆိုရင်တောင် သူ့ကိုယ်သူ တောင်မှ သူတော်တော် ကာကွယ် ရမယ့် သဘောရှိတယ်။ မှောင်ကြီး မဲကြီး ထဲမှာ သူက တယောက်ထဲ။ ကျွန်တော် တို့ ကားသွားတဲ့ အချိန်မှာ ကားမီးရောင်မှာ သူတို့ကို မြင်မြင် နေတယ်။ မှောင်ထဲမှာ အဲလို တယောက်ထဲ နေနေရတယ်။ တချို့ မတ်တပ်ရပ်ပြီး နေနေတယ်။ သူတို့ ဂျူတီတော့ ချိန်းတယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားတဲ့ ပုံစံ ကျတော့ ပြဿနာ တခုခု ဖြစ်ခဲ့တရင် သူတို့ အနေနဲ့ ကာကွယ်လို့ ရအောင် လက်နက် တခုခု၊ ပေးထားရင် သူတို့အတွက်လည်း ကောင်းမယ်။ နောက် ကျွန်တော်တို့ အကူအညီတောင်းရတဲ့ သူတွေ အနေနဲ့လည်း အတော်လေး အဆင်ပြေမယ်လို့ ထင်တယ် ခင်ဗျ။”

ကိုနေလင်းဖြိုးပါ။

ဒီအမြန်လမ်းကို ပိုမိုကောင်းမွန် ကျယ်ဝန်းလာအောင် လက်ရှိအစိုးရက USAIDS တို့ JICA တို့လို အဖွဲအစည်းတွေနဲ့ လုပ်ဆောင်နေပါတယ် ဆိုတာတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG