သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Star Wars ရုပ်ရှင်ဇတ်ဆောင်မင်းသမီးကြီးကွယ်လွန်


ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင် Star Wars ဇာတ်ကားတွဲမှာ မင်းသမီး Leia အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာက နာမည်ကြီး လူသိများလာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Carrie Fisher ဟာ အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်က Los Angeles မြို့ကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာရင်း - လေယာဉ်မဆင်းခင် ၁၅ မိနစ်လောက်မှာ ရုတ်တရက် နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရတာပါ။ မင်းသမီး Fisher ကိုတော့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဆေးမှူးတဦးက - ဆေးရုံမပို့နိုင်ခင် အချိန်အထိ အရေးပေါ် ပြုစုကုသမှုပေးခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့ - မိသားစုဝင်တွေက ကျန်းမာရေး ပြန်လည် တည်ငြိမ်လာနေပြီဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အင်္ဂါနေ့က မင်းသမီး Fisher ကွယ်လွန်ကြောင်း ကြေညာချက်ကိုတော့ - သမီးဖြစ်သူ Billie Lourd က ပြောခွင့်ရပုဂ္ဂိုလ်ကတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေက ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ အသည်းကျော်တွေဖြစ်ခဲ့တဲ့ မင်းသမီး Debbie Reynolds နဲ့ အဆိုတော် Eddie Fisher တို့ရဲ့ သမီး မင်းသမီး Carrie Fisher ဟာ ၁၉၇၅ ခုနှစ်မှာ မင်းသား Warren Beatty နဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့ Shampoo ဇာတ်ကားဟာ လူကြိုက်များခဲ့ပါတယ်။

အလားတူ Austin Powers, The Blues Brothers, Hannah and Her Sisters, နဲ့ When Harry Met Sally ရုပ်ရှပ်ဇာတ်ကားတွေ အပါအဝင် တခြား လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၇၇ ခုနှစ်က မူရင်း Star Wars ဇာတ်ကားမှာ သဘောထားတင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မင်းသမီး Leia တယောက်အဖြစ် သရုပ်ဆောင်ခဲ့တာကိုတော့ ပရိတ်သတ်တွေက အထူးအမှတ်ရနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG