သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှု ဝေဖန်ခံရလို့ Starbucks ၀န်ထမ်းတွေကို သင်တန်းပေးမည်


Starbucks ကော်ဖီဆိုင်ကို ဆန္ဒပြနေသူများ- Philadelphia မြို့ (ဧပြီ ၁၅, ၂၀၁၈)

အမေရိကန်ပြည်ထောင်စုအတွင်းမှာရော ကမ္ဘာတ၀ှမ်းမှာပါ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ အမေရိကန်ကော်ဖီဆိုင် လုပ်ငန်း Starbucks ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ ဆိုင်ပေါင်း ၈၀၀၀ ကျော်ကို မေလ ၂၉ ရက်နေ့မှာ ပိတ်ထားဖို့ရှိနေပါတယ်။

Starbucks ကော်ဖီဆိုင်တွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ ရှိနေတယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းတချို့ ထွက်လာခဲ့ပြီးတဲ့နောက် ဝေဖန် ကန့်ကွက်မှုတွေ ကြုံခဲ့ရသလို၊ ဒီလို အခြေအနေမျိုး ထပ်မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့အတွက် ဆိုင်ဝန်ထမ်းတွေကို အသိပညာပေး သင်တန်းတွေ ပို့ချဖို့ အခုလိုဆိုင်တွေ ထောင်နဲ့ချီကို တရက်တာ ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Philadelphia မြို့က Starbucks ဆိုင်တခုမှာ ထိုင်နေကြတဲ့ အာဖရိကနွယ်ဖွား အမေရိကန်အမျိုးသားနှစ်ဦး… ဖမ်းဆီးခံရတဲ့ဖြစ်ရပ် ကြုံခဲ့ရပြီးတဲ့နောက် ရက်ပိုင်း အတွင်းမှာပဲ ခုလို လုပ်ဆောင်မယ့် အကြောင်းကို Starbucks က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဘာစားသောက်စရာပစ္စည်းမှ မ၀ယ်ဘဲ ဆိုင်ထဲမှာ ထိုင်နေလို့ ဆိုပြီး ဆိုင်ဝန်ထမ်းတယောက်က ရဲကိုခေါ်ပြီး အဲဒီအမျိုးသားနှစ်ဦးကို ဖမ်းခိုင်းခဲ့တာပါ။ သူငယ်ချင်းတွေ ရောက်မလာသေးတာကြောင့် ဒီအတိုင်း ထိုင်စောင့်နေကြတာလို့ ဆိုတဲ့ သူတို့နှစ်ဦးကိုတော့ ပြစ်မှု တစုံတရာ ကျူးလွန်တဲ့သက်သေ အထောက်အထား မတွေ့ရတာကြောင့် နောက်ပိုင်းမှာ ရဲက ပြန်လွှတ်ပေးခဲ့သလို၊ Starbucks ကုမ္ပဏီ အကြီးအကဲ Kevin Johnson ကလည်း သူတို့နှစ်ဦးကို ကိုယ်တိုင် တွေ့ဆုံ တောင်းပန်ခဲ့ပါတယ်။ ရဲကို ခေါ်ခဲ့တဲ့ ၀န်ထမ်းကိုလည်း အဲဒီဆိုင်မှာ ဆက်မထားတော့ဘူးလို့ Starbucks ကုမ္ပဏီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG