သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာန လွှတ်တော် အတည်ပြု


 ပြည်ထောင်စုလွှတ်တော်။ မေလ ၁၀ ရက်နေ့ ၂၀၁၆ (MOI)
ပြည်ထောင်စုလွှတ်တော်။ မေလ ၁၀ ရက်နေ့ ၂၀၁၆ (MOI)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော် အတိုင်ပင်ခံဝန်ကြီး ဌာန ထားရှိရေးကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ ဒီဝန်ကြီးဌာန ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့ရှိပေမယ့်လည်း၊ သမ္မတလုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ သုံးသပ်သူအချို့ကတော့ ယူဆပါတယ်။ ကိုထက်အောင်က စုံစမ်းမေးမြန်းထားတာပါ။

မေလ ၅ ရက်နေ့က သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ ပြည်ထောင်စု လွတ်တော်ကို သဝဏ်လွှာ ပေးပို့ ခဲ့ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ ဒီကနေ့မှာ ကန့်ကွက်သူမရှိ ပြည်ထောင်စုလွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ နိုင်ငံတော်သမ္မတထံမှာ သဝဏ်လွှာ ပေးပို့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းရန်ကိစ္စနဲ့ ပတ်သက်ပြီး ၅ ရက် ၅ လ ၂၀၁၆ က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး ၁၉ ရက်မြောက်နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သဘော မတူတဲ့သူ မရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန တခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။”

ပြည်ထောင်စု လွတ်တော်နာယက မန်းဝင်းခိုင်သန်းက လွတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး အခုလို ပြောကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို လွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပေမယ့်လည်း ပြည်ထောင်စု ဝန်ကြီးအဖြစ် ဘယ်သူ့ကို ခန့်အပ်သွားမလဲဆိုတာကတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဝန်ကြီးဌာန ဖွဲ့စည်းဖို့ လွတ်တော်ကို ပေးပို့လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်လည်းဖြစ်သူ၊ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး အဖြစ် ခန့်အပ်သွားဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောပါတယ်။

“ကျနော်မဟုတ်ဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ ၊ ငြိမ်းချမ်းရေးပဲလုပ်မှာပါ ။ ကျနော်အဲဒီ ဝန်ကြီးဌာနမဟုတ်ပါဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်တာဝန်ပေးနိုင်ဖို့အတွက် လွတ်တော် ၂ ရပ်မှာ ပြီးခဲ့တဲ့ဧပြီလထဲမှာ ဥပဒေကြမ်း တင်သွင်းစဉ်တုန်းက တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းလိုက်တာနဲ့ ပတ်သတ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပြောတာက

“ကျနေ်ာ့အမြင်ကတော့ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဝန်ကြီး ရုံးဆိုင်ရာ ဝန်ကြီးဌာန ဆိုတာ လိုအပ်တယ်လို့မြင်တယ်။ ဒီဝန်ကြီးဌာန ပေါ်လာရတဲ့ အကြောင်းအရင်းကို စဉ်းစားရမယ်ဆိုရင် အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်ပြီးပေါ်လာတာလို့မြင်တယ်။ တကယ်တန်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြု ပြင်ပြောင်းလဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ သမ္မတဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနဆိုတာ ပေါ်လာစရာမရှိဘူးလို့ ကျနော်မြင်တယ်။ အဲဒီအခါကျတော့ အဲဒီလိုပေါ်လာတာ တကယ်တန်းကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနဲ့ တရားဥပေဒေ စိုးမိုးရေး စတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာနကို တိုးချုဲ့ဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတ ကလွတ်တော်ကို အကြောင်းကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်းဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်လက်ထက်မှာဒီတစ်ခေါက် ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီး ဌာနတစ်ခုအပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနပေါင်း ၂၂ ခု ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG