သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ရာထူး နှင့် ဥပဒေကြောင်း


ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသစ်များနှင့် တွေ့ဆုံစဉ်။ ( မတ် ၂၅၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသစ်များနှင့် တွေ့ဆုံစဉ်။ ( မတ် ၂၅၊ ၂၀၁၆)

တိုင်းပြည်ရဲ့ အမြင့်မားဆုံး ရာထူးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ဖို့ လွှတ်တော်ကကြိုးပမ်းနေတာဟာ လူထု ဆန္ဒကို အကောင်အထည်ဖေါ်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြော ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေတခဲနက်တည်း မဲဆန္ဒပေးရွေးချယ်ခဲ့ပေမဲ့ သူ့ကို သမ္မတ မဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်ကြောင့် အခုလို လွှတ်တော် ရဲ့လုပ်ပိုင်ခွင့် ဥပဒေဘောင် ထဲကနေဆောင်ရွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဥပဒေပြုခန့်အပ်နိုင်ဖို့ ကြိုးပမ်းရာမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ မနေ့ သောကြာနေ့က အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ကန့်ကွက်ခဲ့ပါတယ်။

လူပုဂ္ဂိုလ်တဦးကပဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ နိုင်ငံတော် အချုပ်အချာ အာဏာ သုံးရပ်လုံးမှာ ပါဝင်နေတာဖြစ်တာကြောင့် အပြန်အလှန် ထိန်းညှိရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်မှာ အခုလို တင်ပြသွားပါတယ်။

" " ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က) ပါ ပါတီအမည်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တဦးအား ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံးကို အပ်နှံတဲ့သဘော သက်ရောက်နေခြင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုတယ်ဆို သည့် ပြဋ္ဌာန်း ချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခု ဥပဒေကြမ်း ပါ ပြဋ္ဌာန်းချက်များ၏ အနက် အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင် ကွဲလွဲနေခြင်း တို့ကြောင့် ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီး မှသာ ပြဋ္ဌာန်းသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။"

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်အပ်မယ့် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာမရှိသလို၊ ကွဲလွဲမှုတွေလဲ မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ဗွီအိုအေ ကိုပြောပါတယ်။

"အဓိက ကတော့ အတိုင်ပင်ခံ အကြံပေးဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မဆန့်ကျင်စေပဲ ဆိုတာ ဒါ ချုပ်ထားတဲ့ ကိစ္စပဲ။ အကြံပေးအဖွဲ့ဆိုတာ အကြံပေးဖို့ အဖွဲ့လိုက် ဆွေးနွေးကြတယ်။ ပြောကြတယ် ဆိုကြတယ်ဆိုရင် တော်တော်နဲ့ ခရီးမပေါက်နိုင်ဘူးပေါ့။ တဦးချင်းကို တာဝန်ပေးထားတယ်။ သူက ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်ဆိုတာရယ်ကို ချုပ်ထားတာ ရှိပါတယ်။"

ဒါဆိုရင် NLD အစိုးရအဖွဲ့မှာ ဝန်ကြီးတာဝန်တွေအပြင် ပါတီဥက္ကဋ္ဌအဖြစ်ပါ ဆက်ပြီး ရှိနေမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ ဘာကြောင့် လိုအပ်ပါသလဲ။ ဥပဒေကြမ်းရေးဆွဲရေးမှာ ကူညီဆောင်ရွက် ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်က ဘာတုန်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် တကယ်တော့ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးရာ ခေါင်းဆောင်ပဲ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဦးဆောင်မှုပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော်လည်း ဒီပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်သည် များစွာ အနစ်နာခံခဲ့ပြီးတော့မှ အချိန်တွေ ဘဝတွေကို ရင်းပြီးတော့မှ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ကို ဆောင်ရွက် ခဲ့သော် လည်းပဲ တဖတ်သက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရာထူးကို ရယူလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီ့တော့ ဒီလိုအနေအထားမျိုးမှာ ဒီဝန်ကြီးဆိုတဲ့ ရာထူးဟာ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ တာဝန်ယူထားပေမဲ့လို့ ကျနော်တို့ ဒီ့ထက်ကြီးမြင့်တဲ့ ရာထူးတွေကိုတော့ သူ့ကို ပေးအပ်သင့်တယ်လို့ သဘောရတယ်။ ဒါပြည်သူတွေ ဘက်က ဆန္ဒပါ။ အဲ့တော့ အဲ့ဒီ့လို ဆန္ဒရှိတော့ အဲ့ဒီ့ပြည်သူတွေရဲ့ ဆန္ဒကို သိတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်တာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ဥပဒေအရ ပြဋ္ဌာန်းထားတာကိုတော့ ဦးကိုနီက အခုလိုဆက်ပြောပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဆိုတဲ့အတွက် အဲ့တာ အင်မတန်မှ ကြီးမြင့်တဲ့ရာထူးဖြစ်တယ်။ သမ္မတသော်လည်းကောင်း၊ လွှတ်တော်ဘက် ကသော်လည်းကောင်း တိုင်းပြည်ရဲ့ရှေ့ရေးအတွက် အကြံဉာဏ်လိုချင်ရင် အကြံဉာဏ်တောင်းခံနိုင်တယ်။ သူကလည်းပဲ အကြံဉာဏ်ပေးသင့်တယ်လို့ ယူဆလို့ရှိရင် အကြံဉာဏ်ပေးလို့ရတယ်။ အဲ့တော့ ဒီလိုအကြံဉာဏ်ပေးတာကို နာခံပြီးတော့ တိုင်းပြည်ကောင်းရာကို လုပ်သွားမယ်ဆိုရင် တိုင်းပြည်မှာ အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာမှာပဲ နိုင်ငံတကာကနေ လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ရဲ့ ပုံရိပ်မျိုးကို ကျနော်တို့ ရလာမှာပါပဲ။"

အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ အခုလိုမျိုး ပုဂ္ဂိုလ်တဦးတည်းကို ခန့်အပ်တာမျိုး မဟုတ်ပဲ သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာမျိုး ရှိခဲ့ကြောင်း ဦးအောင်သိန်းကပြောပါတယ်။

"အကြံပေး၊ အတိုင်ပင်ခံဆိုတာက ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ထားခဲ့ဖူးတာတွေ ရှိပါတယ်။ အခုလည်း ကျနော်တို့က အတိုင်ပင်ခံဆိုတဲ့သဘောကို အဖွဲ့အစည်းလိုက် မထားပဲနဲ့ တဦးချင်းအပေါ် ထားချင်းအားဖြင့် ခရီးရောက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ပေါ့။"

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တခဲနက်မဲဆန္ဒပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ပေးခန့်အပ်ကြောင်းနဲ့ သူရဲ့ရာထူးသက်တမ်းဟာ သမ္မတရာထူးသက်တမ်းအတိုင်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG