သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ ပြည်နယ် အစိုးရများ စတင် အသက်ဝင်


စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်။ (သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန)
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်။ (သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန)

ပြည်ထောင်စုအစိုးရအပါအဝင် သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် အစိုးရ အဖွဲ့သစ်တွေဟာ ဒီကနေ့မှာစပြီး အုပ်ချုပ်ရေးတာဝန်အရပ်ရပ်ကို စတင် ယူနေပြီဖြစ်ပါတယ်။ တချို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ အလွဲှအပြောင်းတွေကို စနစ်ကျမှုရှိခဲ့ပေမယ့်၊ တချို့ဒေသတွေမှာတော့ ပြီးခဲ့တဲ့အစိုးရက သေသေချာချာရှင်းရှင်းလင်းလင်း လွှဲပြောင်းတာတွေ လုပ်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပါတယ်။

သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီကနေ့မှာ အစိုးရသစ်တာဝန်တွေကို တရားဝင် စတင်လိုက်တဲ့ အချိန်မှာပဲ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ ဝန်ကြီးချုပ်တွေလည်း ဒီကနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး၊ အစိုးရတာဝန်တွေကို စတင်လာကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်တဲ့ ဒေါက်တာမြင့်နိုင်က ဝန်ကြီးချုပ်အဖြစ်နဲ့ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတယ်။ ပြီးတော့ လွှတ်တော်မှာ မိန့်ခွန်းပြောတယ်။ ပြီးတော့ ဝန်ကြီးရုံးကို သွားပြီးတော့ ဝန်ထမ်းတွေနဲ့ မိတ်ဆက် စကားပြောတယ်။ တွေ့ဆုံတယ်။ ဒါကတော့ သူတို့ကို သွားမိတ်ဆက်ရင်း နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ကို စကားပြောကြဆိုကြတာပေါ့။ ဝန်ကြီးချုပ် တယောက်တည်းပဲ ကျမ်းသစ္စာကျိန်ရတာ။ ကျန်တဲ့ ဝန်ကြီးအဖွဲ့တွေက ရှေ့အပတ်ထဲမှာ လုပ်ဖြစ်မှာ။"

သူ့အနေနဲ့ သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်ပေါ်လာဖို့အတွက်ကို ဦးစားပေး လုပ်ဆောင်သွား မှာဖြစ်တယ် လို့ ဒေါက်တာမြင့်နိုင် ကပြောပါတယ်။ ဒါ့အပြင် ပါတီရဲ့ မူဝါဒအတိုင်း အမျိုးသားပြန်လည်ရ င်ကြားစေ့ရေးမူကို ကိုင်စွဲပြီး အားလုံး ပါဝင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း သူကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အရေအတွက်ကို အရင်ထက် လျှော့ချသွားဖို့ စီစဉ်ထားကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စာရင်းကတော့ ရှေ့သီတင်းပတ်မှာ ထွက်ပေါ်လာဖို့ရှိပြီး၊ တခြားနိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ ပါ ၊ မပါ ဆိုတာကို အခုချိန်မှာ မပြောနိုင်သေးဘူးလို့ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဘက်မှာလည်း ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပု ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းအောင်ကပြောပါတယ်။

"ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ၃၀ရက်နေ့က ကျနော်တို့ ပြည်နယ် လွှတ်တော်က အားလုံးက အတည်ပြုလိုက်တယ်။ သဘောတူပြီးတော့ အတည်ပြု လိုက်တယ်။ အဲ့ဒီ့တော့ ဝန်ကြီးချုပ်ဖြစ်သွားတာပေါ့ဗျာ ၃၀ရက်နေ့က ။ ဒီနေ့ဆိုရင်တော့ ဥပဒေနဲ့အညီ အုပ်ချုပ်ပါမယ်ဆိုပြီး ကျမ်းကျိန်လွှာမှာ ကျမ်းကျိန်တာပေါ့ဗျာ။ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ စတင်တဲ့အစည်းအဝေးမှာ။"

ရခိုင်ပြည်နယ်မှာ အရင်အစိုးရဘက်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နဲ့ ခေတ္တ တာဝန်ယူခဲ့တဲ့ ဦးမြအောင်က တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာတော့ တာဝန်အလွှဲအပြောင်းတွေကို အရင်အစိုးရ က သေသေချာချာရှင်းရှင်းလင်းလင်း လွှဲပြောင်းတာမျိုးတွေမရှိခဲ့ပါဘူး။

အစိုးရတာဝန်တွေ စနစ်တကျလွှဲပြောင်းခြင်းမရှိတာနဲ့ ပတ်သက်ပြီးတော့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဒေါက်တာဇော်မြင့်မောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

" ၂၉ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ၃၀ရက်နေ့ လွှဲပြောင်းပါမယ်ဆိုပြီးတော့ လွှတ်တော် ပြန်ကြားရေးမှူးဆီကို ဖုန်းဝင်လာတယ်။ ဟုတ်ပြီ အဲ့တာဆိုလို့ရှိရင်လည်း ကျနော် တွေ့မယ်ပေါ့။ ကျနော်ပြင်ဆင်ထားတယ်။ ဒါပေမဲ့ လွှတ်တော်မှာ ကျနော် ဆက်ပြီး အလုပ်လုပ်နေတယ်။ ညနေ ၄နာရီကျတော့ ဘာသတင်းပြန်ဝင်လာလဲ ဆိုတော့ သမ္မတရုံးက ဘာညွှန်ကြားချက်မှ မရှိတဲ့အတွက် မလွှဲတော့ဘူး ဒီအတိုင်းပဲ ထားသွားမယ် ဆိုတဲ့သဘောမျိုး ပြောတာပေါ့နော်။ အလွှဲအပြောင်းတွေ ဘာတွေမရှိဘူး ဆိုရင် ၃၀ရက်နေ့ သမ္မတကြီး ကျမ်းကျိန်တာကို ကျနော် တက်မယ်။ ညစာစားပွဲ တက်မယ်ပေါ့နော်။ ညစာစားပွဲ ကျနော်သွားတက်ပါမယ်။ ၃၁ရက် ပြန်လာတဲ့ အခါကျတော့ တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူးက သူလာပြီးတော့ စာရင်းနဲ့ ဒါ လွှဲပြီးသား ဖြစ်သွားတဲ့ သဘောပါပဲတဲ့။ သူက လာပြီးတွေ့တာ။ သူ့ရုံးကို လာထိုင်လို့ရပါပြီ ဆိုပြီး ကျနော့်ကိုပြောတယ်။ ၃၁ရက် ကျနော် ကျမ်းကျိမ်ပြီးတဲ့ အချိန်မှာ။ ဒီနေ့ ကျနော် စပြီးတော့ ရုံးပြန်ထိုင်တော့တာပေါ့။

ရန်နိုင်။ ။ ဒါဆိုရင် ဆရာ့အနေနဲ့ အရင်အစိုးရဝန်ကြီးချုပ်နဲ့ လူချင်းတွေ့ပြီး တာဝန်လွှဲပြောင်းတာမျိုး မလုပ်လိုက်ရဘူးပေါ့။

ဒေါက်တာဇော်မြင့်မောင်။ ။ တခုမှ မဖြစ်ခဲ့ပါဘူးဗျာ။ လက်ဆွဲလည်း မနှုတ်ဆက်လိုက်ရပါဘူး။ ကျနော်ကိုယ်တိုင်လည်း သူ့ကို တခါမှ မတွေ့ဖူးလိုက်ရဘူး။ သူလည်း ကျနော့်ကို တခါမှ တွေ့ဖူးလိုက်မှာမဟုတ်ဘူး။

အခုလို အစိုးရတာဝန်တွေကို စနစ်တကျလွှဲပြောင်းခြင်းမရှိတာတွေ နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကအခုလို ဝေဖန်လိုက်ပါတယ်။

"ကျနော့်အမြင်မှာတော့ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ အစိုးရအလွှဲအပြောင်းမှာ အစိုးရအဟောင်းတွေကို အစိုးရသစ်ကို စနစ်တကျ စာရင်းဇယားနဲ့တကွပေါ့ လူကိုယ်တိုင် လွှဲပြောင်းပေးဖို့ လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။ အဲ့ဒီ့လို လွှဲပြောင်းပေးတာမျိုး မဟုတ်ဘူးဆိုရင် ကျနော်အမြင်အားဖြင့် အစိုးရသစ်အနေနဲ့ စာရင်းဇယားတွေ နောက် အထောက်အထားတွေ တွေ့ရှိချက်တွေကို စနစ်တကျ ပြန်လည် သုံးသပ်လေ့လာဖို့လိုတယ်လို့ ကျနော်ကမြင်တယ်။ နောက် တချက်တွေ့ တာကတော့ ဘာလဲဆိုတော့ အခုလတ်တလောပေါလေ အပြင်ပမ်းအားဖြင့် ကြည့်မယ်ဆိုရင် အစိုးရဟောင်းနဲ့ အစိုးရသစ် အာဏာ အလွှဲအပြောင်းဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိနေတယ်လို့ အပြင်ပမ်းအားဖြင့် သဘောရပေမဲ့လို့ တကယ့်အနှစ်သာရ အတွင်းသဘောမှာတော့ အစိုးရသစ်နဲ့ အစိုးရဟောင်း အလွှဲအပြောင်းမှာ အစိုးရဟောင်း အနေနဲ့ စေတနာ မမှန်တာတွေ နောက်ပြီးတော့ ဖြစ်သလို ထိုးထည့်သွားတဲ့ အနေအထား မျိုးတွေ နောက် စနစ်တကျ လွှဲပြောင်းမှု မရှိတာတွေကိုလည်း တွေ့ရပါတယ်ဗျ။ ဥပမာ နောက်ဆုံး ဒီနေ့ နေ့လည် ၂ နာရီအထိ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြည်ထောင်စု ဝန်ကြီးတွေ နေဖို့ နေအိမ်တွေဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့်မို့လို့ ပြောင်းရွှေ့ပြီး နေနိုင်တဲ့အနေအထားမရှိတာကို တွေ့ရတယ်။ ဒီနေအိမ်ကိစ္စက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ပြောလို့ မရပေမဲ့ တဖက် ကပြန်ကြည့်မယ်ဆိုရင် ဒါ စေတနာ မမှန်တာကို ပြနေတယ် လို့ ယေဘူယျ သုံးသပ်လို့ရပါတယ်။ "

အခု ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်နယ် နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်အားလုံး စတင်အသက်ဝင်ပြီဆိုပေမယ့်၊ လက်တွေ့အုပ်ချုပ်ရေးပိုင်းကို ဝန်ကြီးချုပ်တွေကပဲ ကိုယ်တိုင်လုပ်ဆောင်နေရဆဲရှိပါတယ်။ အတော်များများများဒေသတွေမှာ ဝန်ကြီးအဖွဲ့တွေကိုတော့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။

XS
SM
MD
LG