သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံအဆို ပြင်ဆင်ရေး တပ်ကိုယ်စားလှယ်တွေ အကြံပြု


ဒေါ်အောင်ဆန်းစုကြည်မှ အရင်သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အား လွှတ်တော်မှာ နှုတ်ဆက်နေစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ အရင်သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အား လွှတ်တော်မှာ နှုတ်ဆက်နေစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (State Counsellor) ရာထူးပေးအပ်မယ့် ဥပဒေကြမ်း မှာ နိုင်ငံတော် အစား နိုင်ငံတော်သမ္မတ အဖြစ်ပြောင်းလဲပေးဖို့ တပ်မတော်သား အစုအဖွဲ့ကပြည်သူ့ လွှတ်တော်မှာ မနေ့ကအဆိုပြုခဲ့ပါတယ်။ ဒါအပြင် ဒီဥပဒေ ကြမ်းဆွေးနွေးမှု အတွက် အချိန်အလုံ အလောက် ပေးဖို့တောင်းဆိုခဲ့တာပါ။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကတော့ ဥပဒေကြမ်းအတည်ပြုနိုင်ရေး ဒီကနေ့ အင်္ဂါနေ့မှာ လွှတ်တော် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွား မယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုရှိမရှိ ပြည် သူ့ လွှတ်တော်မှာ NLD ဘက်ကဘယ်လိုတင်ပြဆွေးနွေးခဲ့သလဲဆိုတာ မအင်ကြင်းနိုင် က ဆက်ပြီး ပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (State Counsellor) အဖြစ်ခန့်အပ်မယ့် ဥပဒေ ကြမ်းမှာ နိုင်ငံတော်ဆိုတဲ့နေရာမှာ နိုင်ငံတော်သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်ပြောင်းလဲ ပြင်ဆင်ပေးဖို့ တင်ပြခဲ့ကြောင်း ဥပဒေကြမ်း ကို ထောက်ခံအဆိုပြုခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်းက မနေ့ က လွှတ်တော်မှာ အခုလိုပြောသွားပါတယ်။

“ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်မောင်မောင်က ဤဥပဒေကြမ်းနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့သည်မှာ (က) အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၏အမည်တွင် “နိုင်ငံတော်၏” ဟူသော စကားရပ်နေရာမှာ အခြားသင့်လျော် သည့်စကားရပ် ဥပမာ- “နိုင်ငံတော်သမ္မတ၏” ကိုပြင်ဆင်ရန်၊ (ခ) နိုင်ငံတော် အတွက် အရေးကြီးသော ဤဥပဒေကြမ်းကို စိစစ်ရန်အတွက် အချိန်လုံလောက်မှု မရှိခြင်း၊ (ဂ) အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင် နှစ်ရပ်ရောထွေးနေခြင်း၊ (ဃ) လက်ရှိကျင့်သုံးနေသည့်၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ ဖဒရယ်ပြည်ထောင်စုနိုင်ငံတော်ဟူသော စကားရပ်သုံးနှုန်းထားခြင်းမရှိကြောင်း တင်ပြခဲ့ပါသည်။”

ဒါပေမဲ့လည်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ဦးထွန်းထွန်းဟိန်းက ပြောသွားပါတယ်။

“ဤဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၁၇)ပါ ပြဌာန်းချက်နဲ့အညီ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ အတည်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဝင်အများစုသည် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုသင့်ကြောင်း သဘောတူညီကြပါသည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၁၇) အရ သမ္မတမှာ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာ အပြည့်ရှိနေပေမဲ့လည်း ပြည်ထောင်စုလွှတ်တေ်ာကနေ လိုအပ်ရင် အခြားလူပုဂ္ဂိုလ်တဦး သို့မဟုတ် အဖွဲ့အစည်းတခုကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ပေးအပ်နိုင်ခွင့်ရှိနေကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“၂၀၀၈ဖွဲ့စည်းပုံမှာ သမ္မတကိုအထူးသဖြင့် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ အာဏာအများကြီးပေးထားပါတယ်။ အဲဒီအနေအထားကြောင့် လည်း တဖက်က ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ပေါင်းကနေ လူပုဂ္ဂိုလ်တယောက် သို့မဟုတ် အဖွဲ့အစည်းတခုကို အခြားအာဏာတွေအပ်နှင်းခွင့်မရှိဘူးလို့ မပြော ဘူးပေါ့ဗျာ။ သူတို့လွှတ်တော်ဘက်ကလည်း လူတယောက်ကို သို့မဟုတ် အဖွဲ့အစည်းတခုကို အုပ်ချုပ်ရေးအာဏာ အပ်နှင်းခွင့်ရှိပါတယ်ပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆောင်ရွက်ရမယ့်တာဝန်တွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကား ရေး၊ ဈေးကွက်စီးပွားရေးပြုပြင်ရေး၊ ဖယ်ဒရယ်ြ ပည်ထောင်စုတည်ထောင်ရေး၊ ငြိမ်းချမ်းရေး နဲ့ ဖွံဖြိုးတိုး တက်ရေး စတာတွေ အတွက် လွှတ်တော်နဲ့ သမ္မတ ကို အကြံပေးရမှာဖြစ်တယ်လို့ ဥပဒေကြမ်းမှာ ဖေါ်ပြထားပါတယ်။

မနေ့ကပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ ဒီဥပဒေကြမ်းကို ထပ်ပြီးဆွေးနွေးနိုင်ရေး အချိန်အလုံအလောက်ပေးဖို့ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်က အခုလိုပြောသွားပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီဥပဒေကို ပြဌာန်းတယ်ဆိုရင် ကျနော် တို့တပ်မတော်သားများကနေပြီး ထောက်ခံသွားမှာဖြစ်ပါတယ်။ နောက်ကျနော်တို့အနေနဲ့ကတော့ ဒီဥပဒေပြုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လိုအပ်တဲ့စကားလုံးအသုံးအနှုန်းများ၊ လိုအပ်တဲ့ ဥပဒေဆိုင် ရာပြဌာန်းချက်များ ကို ဘောင်ဝင်သွားအောင်ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ လည်း အားလုံးပါဝင်ပြီးထောက်ခံသွားမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ နိုင်ငံတော်အတွက်အလွန်အရေးကြီးတဲ့ ဒီဥပဒေကိုစဉ်း စားဆွေးနွေးနိုင်ဖို့အတွက်၊ ပြင်ဆင်ချက်များတင်သွင်းနိုင်ဖို့အတွက် အချိန် လုံလုံလောက်လောက် ပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ခင်ဗျား။”

ဒါပေမဲ့လည်း ဒီဥပဒေကြမ်းကို အစီအစဉ်အတိုင်း အင်္ဂါနေ့မှာ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ဗိုလ်မှူးချုပ်မောင်မောင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီဆောင်ရွက်ထားတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မယ် လို့ ပြောထားတဲ့ အကြောင်းကျနော်တို့ ကြားသိရပါတယ်။ ဒါကြောင့် အခုနကပြော သလို ပြင်ဆင်ချက်အဆို အပိုဒ်ခွဲ၊ အကြောင်းအရာအလိုက် တိတိ ကျကျဖေါ်ပြပြီးတော့ ဆွေးနွေးခွင့်လည်းရှိပါတယ်။ ဒါပေမဲ့ ဒီဟာနဲ့ ပတ်သက် လို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၉၈(ဃ)အရ ဥက္ကဌက သင့်လျော် တယ်လို့ ထင်မြင်ယူဆလို့ရှိရင် အချိန်ကိုသတ်မှတ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်အတိုင်းပဲ ဆက်လက် သွားမှာဖြစ်ကြောင်း ပဲ ပြည်သူ့လွှတ်တော်ကို အသိပေးအပ်ပါတယ်။”

ပြည်သူ့လွှတ်တော်ရဲ့ ဒီကနေ့အင်္ဂါနေ့ အစီအစဉ်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။

XS
SM
MD
LG