သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံ နှစ်မကူးခင် ကျင်းပနိုင်ဖို့ ကြိုးပမ်းမယ်လို့ အတိုင်ပင်ခံရုံး ညွှန်ချုပ်ဆို


Zaw Htay
Zaw Htay

၂၀၁၈ ခုနှစ်အတွင်းမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒီနှစ်ထဲမှာ ထပ်မံကျင်းပဖို့ အလားအလာနည်းပါးကြောင်း UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ၂၀၁၈ မကုန်ခင် ဒါမှမဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ပြော ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးမှာ ၂၀၁၈ ခုနှစ်အတွင်းမှာ ညီလာခံတကြိမ်နဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ၂ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုင်ရာအခြေခံ အုတ်မြစ်တွေချမှတ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဒီလို သဘောတူညီခဲ့ပေမယ့် လက်ရှိ ကြုံတွေနေရတဲ့အခြေအနေတွေအရ ဒီနှစ်အတွင်းမှာ ညီလာခံ နောက်တကြိမ်ကျင်းပဖို့ အလားအလာနည်းပါးကြောင်း UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အတွင်းရေးမှုးတစ်ဦးဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“စတုတ္ထပင်လုံကို ကျနော်တို့ Target ထားထားတာက ဖက်ဒရယ်မူတွေ ရဖို့၊ အဲဒီအခါကျတော့ ကျနော်တို့က အခုဆိုရင် နိုင်ငံရေးအရဆိုရင် ဖက်ဒရယ်မူတွေ ဆွေးနွေးရမယ်။ ဆွေးနွေးဖို့ဆိုရင် လုပ်ငန်းကော်မတီ အစည်းအဝေးတွေလည်း ကြိုပြီးတော့ ခေါ်ရမယ်။ လုပ်ငန်းကော်မတီ အစည်း အဝေးမှာ ကြိုတင် ညှိနှိုင်းမှုတွေ လုပ်ပြီးရင် UPDJC ခေါ်ရမယ်။ သူ့ရဲ့ process တွေအရဆို ဒီနှစ်ကုန်ထဲမှာတော့ မဖြစ်နိုင်တော့ဘူးလေ။ နိုင်ငံရေး ဆွေးနွေးမှုတွေကနေ KNU ကနေ ယာယီ ရပ်ဆိုင်းထားတာတွေ ရှိတယ်။ ဒီ Process အရလည်း အချိန်ပေးရအုံးမှာပေါ့လေ။ အဲဒါတွေက ရှိသေးတာကိုး။ ဒီနှစ်ကုန်ထဲတော့ ဖြစ်ဖို့ တော်တော်ခဲယဉ်းသွားပြီပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဒီနှစ်တွင်း ဒါမှမဟုတ် နောက်နှစ် ဆန်းမှာ ဖြစ်အောင်လုပ်မယ့် သဘောမျိုး ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“ကျနော်တို့က ၂၀၁၈ ခုနှစ်အတွင်းမှာ ညီလာခံ နောက်တကြိမ်လုပ်ဖို့ ရှိတယ်။ တကြိမ်တော့ လုပ်ပြီး သွားပြီ နောက် တကြိမ်လုပ်ဖို့ ရှိတယ်။ ဒီနှစ်ထဲမှာ Quota ၂ ကြိမ်လုပ်ရမယ်။ အဲဒီတကြိမ်တော့ မဖြစ်ဖြစ်အောင် လုပ်မယ်။ ၂၀၁၈ သက္ကရာဇ်အပိုင်းအခြား ဒီဇင်ဘာထဲမှာ ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် နောက်နှစ်ပိုင်းဆိုလည်း နှစ်ဆန်းပိုင်းလောက် ကူးသွားလို့ ရတယ်။ အဲဒါ တကြိမ်တော့ လုပ်ရမယ် 2018 Quota အတွက်။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံအစည်းအဝေးတွေကို တနှစ်မှာ ၂ ကြိမ်ကျင်းပဖို့ သတ်မှတ် ထားပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မေလမှာ ၂၁ ရာစုပင်လုံ ဒုတိယအစည်းဝေး ကျင်းပပြီး နောက် ၁ နှစ်ကျော်ကြာ မှသာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီလို ကြန့်ကြာခဲ့တာကတော့ နိုင်ငံရေးကဏ္ဍမှာ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အရေးကိစ္စနဲ့ လုံခြုံရေးကဏ္ဍမှာ တခုတည်း သော တပ်မတော်ဖြစ်ရေးကိစ္စတွေကို ဆွေးနွေးရေး မညှိနှိုင်းနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဇူလိုင်လမှာ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ဒီအချက်တွေကို မဆွေးနွေးဘဲ ချန်လှပ်ခဲ့ သလို ဒီအချက်တွေကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းဖို့ကိုလည်း သဘောတူခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာလမှာတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီး ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ ဒီအချက်တွေကို ပြေလည်အောင်မရှင်းနိုင်တာကြောင့်ဒီနှစ်အတွင်း ၂၁ ရာစု ပင်လုံ အစည်းအဝေး ထပ်မံကျင်းပရေးနှောင့်နှေးနိုင်ကြောင်းUPDJC အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်တဲ့ စိုင်းကျော်ညွှန့်က သုံးသပ်ပါတယ်။

“ဒီညီလာခံတို့ဘာတို့မှာရှိတဲ့ အခက်အခဲအကျပ်အတည်းပေါ့။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးမှု တွေမှာ ရှိနေ တဲ့ အခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုပြီးတော့ အလွတ်သဘောတွေ့ကြ မယ် ပြုကြမယ်ပေါ့လေ။ ထိပ်သီးအစည်းအဝေးတွေ လုပ်ကြတယ်ဆိုပေမယ့် ဖြစ်သွားတဲ့ပုံစံက ဒီ အခက်အခဲ အကျပ်အတည်းကို ဖြေရှင်းတာမဟုတ်ဘဲနဲ့ ပိုပြီးတော့ ဝိဝါဒကွဲသွားစေတာပေါ့။ ဟိုဘက် ဒီဘက် ယုံကြည်မှု လျော့ကျစေတဲ့ ပုံ သဏ္ဍာန်တွေ ဖြစ်သွားစေတဲ့အတွက်ကြောင့်မို့ ဆက်လုပ်ရမယ့် လုပ်ငန်းတွေက တော်တော်နှောင့်နှေးသွားတဲ့ သဘောလို့ ပြောလို့ ရပါတယ်။ ”

နိုဝင်ဘာလ ၁၀ ရက်နေ့ကကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အရေးပေါ်ဗဟိုကော်မတီ အစည်း အဝေး အပြီး ထုတ်ပြန်ချက်မှာ KNU အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးတွေကို ပါဝင်ဖို့ကို ယာယီရပ်ဆိုင်းထားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလလယ်ပိုင်းက ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ခေါင်းဆောင် တွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ NCA ခေါ် အပစ်ရပ်စာချုပ်အတိုင်း ဆက်လက် ဆောင်ရွက်ကြဖို့ နှစ်ဘက်လုံးက သဘောထားရှိခဲ့ကြောင်းနဲ့ KNU အဖွဲ့အနေနဲ့လည်း လာမယ့် လပိုင်းတွေအတွင်း တရားဝင် ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ ဆွေးနွေးနိုင်ခဲ့ကြောင်း ဒီနေ့ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG