သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အတိုင်ပင်ခံ ရာထူး ဝါရင့်နိုင်ငံရေးသမားတချို့ အမြင်


ဒုသမ္မတ(၂) ဒုသမ္မတ(၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲများ ပြည်ထောင်စုလွှတ်တော် သမ္မတ ကျန်းကျိမ်ပွဲ။ ( မတ် ၃၀၊ ၂၀၁၆)
ဒုသမ္မတ(၂) ဒုသမ္မတ(၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲများ ပြည်ထောင်စုလွှတ်တော် သမ္မတ ကျန်းကျိမ်ပွဲ။ ( မတ် ၃၀၊ ၂၀၁၆)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အတွက်နိုင်ငံတော် အတိုင်ပင်ခံဆိုတဲ့ ရာထူးဟာ တကယ့် လက်တွေ့နဲ့ ကိုက်ညီမှု ရှိတယ်လို့ ဝါရင့် နိုင်ငံရေး သမားကြီး တချို့က ပြောဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ရရှိသွားရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာသက်ရောက်မှု ပိုရှိလာမှာ ဖြစ်တဲ့ အတွက် အသွင်ကူးပြောင်းရေး ပိုပြီး ထိရောက်လာမလားဆိုပြီးလည်း ခန့်မှန်းပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ လွှတ်တော်ကိုပါ ကြီးစိုးထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဥပဒေပြု ခန့်အပ်ဖို့ လွှွတ်တော်မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဆိုတဲ့ ရာထူးဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် လက်တွေ့ကျတဲ့ ရာထူးတခု ဖြစ်ပါတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြောပါတယ်။

"ကျနော် နားလည်သလောက်တော့ လက်တွေ့အားဖြင့် လည်းပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ အကြံပေးတဲ့ပုဂ္ဂိုလ်ဖြစ်မှာဆိုတော့ အတိုင်ပင်ခံရာထူးဆိုတာကလည်းပဲ လက်တွေ့နဲ့တော့ ကိုက်ညီနေတာ တွေ့ရတာပဲလေနော်။"

အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေ အရ သမ္မတဖြစ်ခွင့် ကန့်သတ်ခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးဟာ အားလုံးရဲ့ အထက်မှာ ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ် လို့လည်း ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ဆိုပါတယ်။

"အဓိကအားဖြင့် အကြံပြုမယ့်ဟာဆိုတော့ ဒါ သူက အားလုံးရဲ့အထက် ကနေ နေရာဝင်ယူလာတဲ့သဘောပဲဖြစ်မှာပေါ့ဗျာနော့။ ကျနော်အမြင်အားဖြင့်ရင် ကျန်သော ပုဂ္ဂိုလ်တွေ သမ္မတ၊ ဒုတိယသမ္မတ ရာထူးရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေဟာဆိုရင် သူတို့ရဲ့ အရည်အချင်းအတိုင်း လွတ်လွတ်လပ်လပ်နဲ့ လုပ်ပိုင်ခွင့်တော့ ပေးစေချင်တာပေါ့ဗျာနော်။ အကယ်လို့ လိုအပ်တယ် ဆိုရင်တော့ဖြင့်ရင် အဲ့လိုပဲ သူက အကြံပြုနိုင်တယ်ဆိုရင် အဲ့တာမျိုးဆိုရင်တော့ ကောင်းတာပေါ့။ နေရာတကာ ဝင်ပါနေမယ်ဆိုရင် ကျန်သောသူတွေရဲ့ အရည်အချင်း ကို နှိမ်ပစ်လိုက်ရာ ကျသွားမှာပေါ့နော်။"

အမျိုးသား လွှတ်တော်မှာ စတင် တင်သွင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းမှာတော့ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။ ဝါရင့် ကချင်နိုင်ငံရေး သမားကြီးတဦး ဖြစ်တဲ့ ဒေါက်တာ တူးဂျာကလည်း အခုလို သုံးသပ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်တာပေါ့။ သူက တိုင်းပြည် အပေါ်မှာ ပြည်သူလူထု အပေါ်မှာ တကယ်စိတ်ကောင်းစေတနာပြည့်ဝတဲ့ စိတ်ရှိတဲ့ပုဂ္ဂိုလ် ဆိုပြီးတော့မှ ပြည်သူလူထုအကျိုးကို အတတ်နိုင်ဆုံး သယ်ပိုးချင်တဲ့အတွက်ကြောင့် သူက ဒီလိုရယူချင်တဲ့သဘောမျိုး ဖန်တီးယူတဲ့ သဘောမျိုး ဖြစ်မယ်လို့ထင်တယ်လေ။ ဒါကြောင့် သူက အတတ်နိုင်ဆုံး ကြိုးစားချင်တဲ့ အတွက်ကြောင့် သူ့ရဲ့ သြဇာသက်ရောက်မှုလည်း ဒါပိုပြီးတော့ ရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်လို့ ကျနော် ထင်ပါတယ်။ ပြည်သူလူထု အကျိုးအတွက် ရည်မှန်းပြီး လုပ်တယ်လို့ ထင်ပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံ ဆိုတဲ့ အတွက် အစိုးရ တပ်မတော် အပါအဝင် အားလုံး အကျုံးဝင်တဲ့ သဘောလို့လည်း ဒေါက်တာ တူးဂျာက ရှုမြင်ပါတယ်။

"နိုင်ငံတော်ဆိုတာ သုံးနှုံးထားတဲ့အတွက် စစ်တပ်လည်း ပါပြီးသားပေါ့။ သူလည်း သူ ထည့်တွက်ပြီးသား ဖြစ်ပါလိမ့်မယ်။ သူ စစ်တပ်နဲ့လည်း အဆင်ပြေအောင် ဆက်ဆံသွားဖို့ ရည်ရွယ်ချက်လည်း ရှိမှာပါ။ နောက် တဖြေးဖြေးချင်း ကျနော်တို့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ပိုပြီးတော့ ပြည့်ဝလာအောင် ပိုပြီး ပြေလည်လာအောင် လုပ်ဆောင်သွားချင်တဲ့ ဆန္ဒနဲ့ လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် တပ်နဲ့ကတော့ ဒါ ဆွေးနွေး ညှိနှိုင်းပြီးတော့ သွားရမှာပဲ။ တပ်ရဲ့ ထောက်ခံမှုလည်း ရရှိလာအောင် တပ်လည်း တနေ့တခြား ပိုပြီးတော့မှ အပြောင်းအလဲဖြစ်လာအောင် အသွင်ကူးပြောင်းရေးကို ပိုပြီးတော့ ထောက်ခံလာအောင် သူ့အနေနဲ့ လုပ်ဆောင်သွားချင်တဲ့ ဆန္ဒ သဘောထားရှိမှာပါ။ "

အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီး နောက်တနေ့ မတ်လ ၃၁ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်နိုင်ဖို့ ဥပဒေကြမ်းတရပ်ကို အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန ၄ခုရဲ့ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူထားပြီး လည်း ဖြစ်ပါတယ်။

XS
SM
MD
LG