သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အတိုင်ပင်ခံ ရာထူး ပြည်ပကျွမ်းကျင်သူ တချို့ အမြင်


သမ္မတကျမ်းကျန်ပွဲ တက်ရောက်လာတဲ့ သမ္မတသစ် ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ။ (မတ် ၃၀၊ ၂၀၁၆)
သမ္မတကျမ်းကျန်ပွဲ တက်ရောက်လာတဲ့ သမ္မတသစ် ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ။ (မတ် ၃၀၊ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံရာထူးပေးမယ့် ဥပဒေကို လက်ရှိ အာဏာရ NLD ပါတီက အမျိုးသားလွှတ်တော်မှာ ကြာသပတေးနေ့က တင်သွင်း လိုက်တဲ့ အပေါ် နိုင်ငံတကာမှာ သုံးသပ်ချက်တွေ အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံမှူးဟာင်းက ဒါဟာ လုပ်သင့်တယ်လို့ သုံးသပ်ပေမဲ့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန် ပါမောက္ခကတော့ မလိုအပ်တဲ့ အပြင် ပြဿနာတက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံ ရာထူးပေးရေး ဥပဒေကြမ်းကို NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးအတွက်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက မြန်မာ့အရေးသုံးသပ်သူတွေ ကြားမှာတော့ အခုလို ရာထူးသစ်ဖန်တီးမှုအပေါ် ထင်မြင်ချက်အမျိုးမျိုး ဖြစ်နေရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ဒီရာထူးသစ်အပေါ် အခုလိုသုံးသပ်ပြပါတယ်။

"ကျမခန့်မှန်းကြည့်တာက နိုင်ငံရဲ့အတိုင်ပင်ခံရာထူး ဆိုတော့ သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်နေတဲ့အခါမှာ သူမအနေနဲ့ အစိုးရရဲ့ ကဏ္ဍနှစ်ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ရော လွှတ်တော်ဘက်ပိုင်းနဲ့ပါ တွဲလုပ်နိုင်ဖို့ အနေအထားတစ်ခု ရသွားမှာဖြစ်ပါတယ်။"

သံမှူးဟောင်း Priscilla Clapp က ဆက်ပြီး ဒီရာထူးသစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ၊ မညီ စဉ်းစားရဖို့ရှိပေမဲ့ ဒီအချက်ကို NLD က စဉ်းစားပြီးမှ လုပ်ခဲ့ပုံရတယ်လို့ ထောက်ခံပြောဆိုပါတယ်။ NLD အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၁၇ နဲ့ မဆန့်ကျင်ပဲ ဒီရာထူးသစ်ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံ George Town တက္ကသိုလ် အာရှရေးရာ လေ့လာရေး ဌာနက မြန်မာ့အရေးသုံးသပ်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဖွဲ့စည်းပုံနဲ့ညီ၊ မညီ ပထမဆုံး စဉ်းစားဖို့ လိုနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ အမေရိကန်သံမှူုးဟောင်း Priscilla Clapp ကတော့ အခု အတိုင်ပင်ခံရာထူးသစ်အပြင် လက်ရှိရှိထားပြီးသား ဝန်ကြီးရာထူးတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆက်ထိန်းထားဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

"သူမအနေနဲ့ ဒီ အတိုင်ပင်ခံ ရာထူးကို ယူမယ်ဆိုရင် လက်ရှိယူထားတဲ့ ဝန်ကြီးနေရာ တစ်နေရာ (သို့မဟုတ်) နှစ်နေရာအထိ ဆက်ယူထားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီဝန်ကြီးရာထူးတွေက ဖွ့ဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ပါထားပြီး သားလေ။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဆိုလို့ရှိရင် နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီမှာ ဝင်ထိုင်လို့ရတယ်ရှင့်၊ ဒီဝန်ကြီးတာဝန်ကို သူမ ဆက်ထိန်းထားချင်မှာပါ။"

Priscilla Clapp က ဆက်ပြီး နောက်အရေးပါတဲ့ သမ္မတရုံးဝန်ကြီးကလည်း အခြားဝန်ကြီးတွေကို ဆင့်ခေါ်ဆွေးနွေးနိုင်တာမို့ ဆက်ထိန်းထားဖို့ လိုမယ်။ နောက် ပညာရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတွေကို အစပိုင်းမှာ ပြောင်းလဲရေးလုပ်ဖို့ ဦးဆောင်ပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို လွှဲပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြပါတယ်။

ဒါပေမဲ့ ပါမောက္ခ David Steinberg ကတော့ အခုလက်ရှိ ဝန်ကြီး လေးနေရာနဲ့တင် ဒေါ်အောင်ဆန်းစုကြည် အလုပ်ရှုပ်နေပြီး သမ္မတကို သြဇာလွှမ်းမိုးနိုင်ပြီမို့ အခုရာထူးသစ်က မလိုတော့ဘူးလို့ဆိုပါတယ်။

"သူမအနေနဲ့ သမ္မတရုံးဝန်ကြီးရာထူးအပါအဝင် ဝန်ကြီးနေရာ ၄ နေရာယူ ထားပြီးသားဖြစ်တဲ့အတွက် ဒီဝန်ကြီးတာဝန်တွေကနေ သမ္မတကို အများကြီး သြဇာလွှမ်းမိုးလို့ရပါတယ်။ အဲ့ဒီ့တော့ ဒီရာထူးသစ် ဘာကြောင့်ထပ်လိုမှာလဲ။"

ဒါ့အပြင် ပါမောက္ခ David Steinberg က ဆက်ပြီး ဒီရာထူးသစ်ကြောင့် တပ်မတော်နဲ့ ဆက်ဆံရေးမှာ အခုမဖြစ်တောင် ရေရှည်မှာ အဖုအထစ်ဖြစ်သွားနိုင်တယ်လို့ ဆက်သုံးသပ်ပြပါတယ်။

"ကျနော့်အမြင်ကတော့ အခုလိုရာထူးသစ်ဖန်တီးတာကြောင့် တပ်မတော်နဲ့ အဖုအထစ် တစ်ခုဖြစ်သွားနိုင်ပါတယ်။ လောလောဆယ်မှာ အထူးအရေးကြီးနေ တာက တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရော NLD ပါ နှစ်ဘက်လုံးအနေနဲ့ ယုံကြည်မှု တစ်ဆင့်စီ တည်ဆောက်ယူဖို့ပါ။ ခုချိန်ထိတော့ ဒီယုံကြည်မှုက ကင်းမဲ့နေတယ်လေ။ ဒီယုံကြည်မှုက အနာဂတ်အတွက် အရေးပါမှာပါ။"

ဒါ့အပြင် အခုလို ဝန်ကြီးဌာန လေးခုအပြင် နောက်ထပ် ရာထူးထပ်ယူတဲ့ အပေါ် နိုင်ငံတကာမှာလည်း အမြင်ကောင်းမှာမဟုတ်ဘူးလို့ ပါမောက္ခ David Steinberg က ထောက်ပြပါတယ်။

"အပြင်ဘက် ကမ္ဘာကြီးကနေ ကြည့်မယ်ဆိုရင်တော့ ဘယ်လိုပဲ လက်တွေ့မှာဖြစ်နေဖြစ်နေပေါ့နော် သူမအနေနဲ့ နောက်ထပ်အာဏာတွေရဖို့ ဆက်လုံးပမ်းနေပုံရတယ်လို့ ထင်သွားကြမှာပါ။ ဒီဟာက တိုင်းပြည်အတွက် ရေရှည်မှာတော့ မကောင်းပါဘူး။"

ဒါပေမဲ့ အမေရိကန်သံမှုူးဟောင်း Priscilla Clapp ကတော့ လက်ရှိအချိန်မှာ အသွင်ကူးပြောင်းရေး လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်နေရတာတွေကို ဝေဖန်နေမယ့်အစား စောင့်ကြည့်သင့်တယ်လို့ သုံးသပ်ပြပါတယ်။

XS
SM
MD
LG