သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှု ဘာသာရေးလွတ်လပ်ခွင့်ညီလာခံမှာ ပြောကြား


အမေရိကန်၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးအဖွဲ့ USAID အကြီးအကဲ Mark Green
အမေရိကန်၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးအဖွဲ့ USAID အကြီးအကဲ Mark Green

ဘာသာရေးတခုအပေါ် တိုက်ခိုက်တာဟာ ဘာသာအားလုံးကို တိုက်ခိုက်တာပဲဖြစ်တယ်လို့ ခံယူထားတာကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ ဘေးဒုက္ခတွေအပေါ် စိတ်ထိခိုက်ကြရတာဖြစ်တယ်လို့ အမေရိကန်၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးအဖွဲ့ USAID အကြီးအကဲကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးမြှင့်ရေးဆိုင်ရာညီလာခံ ဒုတိယနေ့ အစီအစဉ်တခုအတွင်း USAID အကြီးအကဲ Mark Green က အဲဒီလိုပြောသွားတာပါ။

ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။

ဘာသာရေးလွတ်လပ်ခွင့် တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ပထမဆုံးညီလာခံ ဒုတိယနေ့မှာတော့ ညီလာခံတက်ရောက် လာတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးဖိနှိပ်မှုကနေ လွတ်မြောက်လာသူတွေအပါအဝင် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေက သူတို့တွေ့ကြုံရတာတွေ၊ သူတို့ လေ့လာသိရှိ နားလည်ထားတာတွေကို အပြန်အလှန် ဖလှယ်ပြောဆိုကြပြီး လူ့အဖွဲ့အစည်းတွေမှာ ဘာသာရေးလွတ်လပ်ခွင့် ပိုအားကောင်းလာစေရေး တူညီတဲ့လမ်းကြောင်းတခုကို ဖော်ထုတ်ဖို့ ဆွေးနွေးကြတာပါ။

ညီလာခံဒုတိယနေ့ ညနေပိုင်းမှာ အမှာစကားပြောတဲ့ USAID အကြီးအကဲ Mark Green က ကမ္ဘာတဝန်းမှာဖြစ်ပျက်နေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေတွေကို နမူနာထုတ် ပြောဆိုတဲ့ထဲမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်တာ တွေကိုလည်း ထောက်ပြပြောဆိုသွားတာပါ။

“ဘာသာရေးလွတ်လပ်ခွင့်အတွက် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်အပေါ် အစစ်မှန်ဆုံးတိုင်းတာချက်ဟာ တခြားဘာသာ ရေးတွေရဲ့ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရေးကိစ္စ ဦးစားပေးအဖြစ် ကျနော်တို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဘာသာ ရေးတခုအပေါ် တိုက်ခိုက်မှုဟာ အဆုံးမှာ ဘာသာရေးအားလုံးကို တိုက်ခိုက်တာပဲဖြစ်တယ်ဆိုတာကို အခိုင်အမာ ဆုပ်ကိုင်ထား တာကြောင့်ပဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒီမှာရှိနေတဲ့ ကျနော်တို့ကြားမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခတွေအပေါ် သိပ်ကို စိတ်ထိခိုက်ကြရတဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။”

မြန်မာအစိုးရက ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ ရည်ညွှန်းပြောဆိုပြီး အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာက တော့ ရိုဟင်ဂျာလို့ပဲ ရည်ညွှန်းပြောဆိုကြပါတယ်။

မစ္စတာ Green ဟာ ပြီးခဲ့တဲ့မေလကပဲ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေ၊ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း သူတွေ့မြင်ထားတာတွေကို ထောက်ပြပြီး မစ္စတာ Green ပြောသွားတာက -

“ရိုဟင်ဂျာတွေဟာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုကို ခံစားကြရသူတွေဖြစ်တယ်ဆိုတာ ကျနော်တို့နိုင်ငံခြား ရေးဌာနနဲ့ တခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။ တရားလက်လွတ် သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ရိုက်နှက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ အိုးအိမ်စွန့် ထွက်ပြေးရမှု၊ ပိုင်ဆိုင်ပစ္စည်းဖျက်ဆီးခံရမှု စတာတွေအားလုံးဟာ မတူ ကွဲပြားမှုတွေကို လက်မခံနိုင်တာနဲ့ ဘာသာကွဲပေါ် မုန်းတီးမှုတွေအပေါ် အခြေခံပြီးဖြစ်လာတာတွေပါ။”

ညီလာခံဒုတိယနေ့မှာ အဖွင့်မိန့်ခွန်းပြောတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan ကလည်း ဘာသာရေးလွတ်လပ်ခွင့်ဟာ အမေရိကန်ပြည်ထောင်စုအတွက်၊ သမ္မတထရမ့်ပ်အစိုးရအတွက် အထူးအရေးကြီးပါတယ်လို့ ထည့်ပြောသွားပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျနော်တို့ ဒီမိုကရေစီရဲ့ အခြေခံဖြစ်ပြီး ကျနော်တို့အားလုံးကို အတူတကွ ဖြစ်တည်စေပါတယ်။ ကျနော်တို့ကြားမှာ ဘယ်လိုပဲ ကွဲပြားချက်တွေ ရှိနေပါစေ၊ လွတ်လပ်စွာ ကွဲပြားခွင့်ဆိုတာအပေါ် ကျနော်တို့ ညီညွတ်ကြပါတယ်။ ကျနော်တို့ရဲ့ Bill of Rights မှာ ပထမဆုံး ဘာသာရေးလွတ်လပ်ခွင့်၊ အဲဒီနောက် လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေအပါအဝင် လွတ်လပ်မှုတခုချင်းစီကို ရှင်းလင်းစွာနဲ့ အားကောင်းစွာ အကာအကွယ်ပေးထားပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျနော်တို့ရဲ့ မျိုးရိုးဗီဇ DNA ထဲမှာရှိနေပြီး သံအမတ်ကြီး Brownback ပြောသလို ကျနော့်နှလုံးသားနဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။”

အခုညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ရိုဟင်ဂျာကိုယ်စားလှယ်တွေ၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေ တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်က တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တက်ရောက်နေကြပါတယ်။

အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်လာတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ဖြစ်ပြီး အင်္ဂါနေ့တုန်းကတော့ ဝန်ကြီး Ali နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan တို့ သီးခြား တွေ့ဆုံ ဆွေးနွေးပါတယ်။ ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းတာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပါဝင်တဲ့ အခန်းကဏ္ဍအတွက် အဲဒီဆွေးနွေးပွဲအတွင်း ဒုဝန်ကြီး Sullivan က ချီးကျူးပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေကို မူရင်းနေရာတွေဆီ ပြန်ပို့ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘေးကင်းလုံခြုံမှုရှိတဲ့ အခြေအနေတွေ ဖန်တီးရေး အမေရိကန်က မြန်မာကို ဆက်ပြီး ဖိအားပေးသွားမယ်လို့ ဒုဝန်ကြီး Sullivan ကပြောကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီညီလာခံဟာ အမေရိကန်နို်င်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်ယူကျင်းပတဲ့ ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ဝန်ကြီးများအဆင့် ပထမဆုံးညီလာခံဖြစ်ပြီး အင်္ဂါနေ့ကစလို့ သုံးရက်ကြာ ကျင်းပနေတာပါ။

ဇူလိုင်လ ၂၆ ရက် (ဒီကနေ့) ကြာသပတေးနေ့မှာ ညီလာခံနောက်ဆုံးရက်ကို ကျင်းပမှာဖြစ်ပြီး ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းလုပ်ဆောင်ရမှာတွေကို ဖော်ထုတ်သတ်မှတ်ဖို့၊ ဘာသာရေးအခြေခံ ဖိနှိပ်မှု ကို တုန့်ပြန်ရေးဆိုင်ရာ နည်းလမ်းသစ်တွေကို ချမှတ်ဖို့နဲ့ အားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရေး သန္နိဋ္ဌာန်သစ်တွေ ချမှတ်ကြဖို့ဆိုတာတွေကို ဦးတည်ပြီး အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေး ကြမှာဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG