သုံးရလွယ်ကူစေသည့် Link များ

NCA အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာန ကြိုဆို


တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား။ အောက်တိုဘာ ၁၅၊ ၂၀၁၅။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အပေါ် ကြိုဆိုတဲ့တချိန်တည်းမှာ ပါဝင်မှု ပိုမိုအားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တရပ် အကောင်အထည် ဖော်နိုင်တဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့ အမေရိကန်နိုင်ငံခြားရေး ဌာနက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ NCA လက်မှတ် ရေးထိုးပွဲမှာ ပါဝင်ခဲ့ကြတဲ့သူ အားလုံးအနေနဲ့ စာချုပ်ပါ စာသား၊ အနှစ်သာရ တို့နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းသလို၊ ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့တွေနဲ့ အပြု သဘောဆောင် တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ပြီး အခုထက်ပိုပြီး အားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တရပ် ဖော်ဆောင်သွားဖို့ တိုက်တွန်းကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့် ဂျွန်ကာဘီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်ဆင်မှုတွေ ဆက်ရှိနေတဲ့ အခြေအနေနဲ့ အဲဒီဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် အတွက် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့အရေး အခက်အခဲတွေ ရှိနေသေးတဲ့ အပေါ်မှာ စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေ ကို အနီးကပ်စောင့်ကြည့်နေပြီး ဆက်လက် အားပေးသွားမယ့် အကြောင်းလည်း မစ္စတာကာဘီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အနောက်နိုင်ငံတွေ အများစုပါဝင်တဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ PSG ကလည်း NCA လက်မှတ်ရေးထိုးမှုကို ကြိုဆိုလိုက်ပြီး ဒီကနေ့ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်လာဖို့ ဦးတည်တဲ့ လမ်းကြောင်းတွေကို ဖော်ဆောင်သွားဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပါဝင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ PSG အဖွဲ့က မျှော်လင့်ကြောင်းလည်း PSG အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဗြိတိန်နိုင်ငံကလည်း NCA လက်မှတ်ရေးထိုးနိုင်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ပစ်ခတ်မှုတွေ ပြန်လည် စတင်နိုင်တဲ့ အန္တရာယ် ဆက်ရှိနေတာကြောင့် လက်နက်ကိုင် အဖွဲ့အားလုံးက အကြမ်းဖက်မှုတွေကို တညီတညွတ်တည်း ရှောင်ရှားကြဖို့နဲ့ အကူအညီလိုအပ်သူတွေထံကို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ အရေးကြီးတဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG