သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း George H. W. Bush ရဲ့နိုင်ငံတော်ဈာပန အခမ်းအနား နှင့် နိုင်ငံရဲ့ နောက်ဆုံးဂါဝရ


Members of the clergy and a military honor guard carrying the flag-draped casket depart at the conclusion of the state funeral for former President George H.W. Bush in the Washington National Cathedral in Washington, Dec. 5, 2018.
Members of the clergy and a military honor guard carrying the flag-draped casket depart at the conclusion of the state funeral for former President George H.W. Bush in the Washington National Cathedral in Washington, Dec. 5, 2018.

ဒီဇင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဝါရှင်တန်ဒီစီက National Cathedral ဘုရားကျောင်းမှာ ကျင်းပတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဆက်မြောက် သမ္မတGeorge H.W. Bush အတွက် နိုင်ငံတော်ဈာပန အခန်းအနားကို အထင်ကရ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အတူ ကမ္ဘာတဝှမ်းက လက်ရှိနဲ့ အနားယူသွားတဲ့ ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက် ပြောပြပေးမှာပါ။

သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Jimmy Carter, Bill Clinton နဲ့ Barack Obama တို့ဟာလည်း လက်ရှိသမ္မတ Donald Trump နဲ့ အတူ ကွယ်လွန်သူသမ္မတGeorge H.W. Bush ရဲ့ ဈာပနအခန်းအနားကို တက်ရောက်လာကြပြီး ကွယ်လွန်သူ သမ္မတ Bush အတွက် သူ့ရဲ့ သားဖြစ်သူ အမေရိကန်ရဲ့ ၄၃ ဆက်မြောက် သမ္မတ George W. Bush ရဲ့ ဂုဏ်ပြု အောက်မေ့ဖွယ်စကားတွေကို နားထောင်ခဲ့ကြပါတယ်။

"ကျနော်တို့ သားတွေ သမီးတွေအတွက် ကောင်းဆုံးဖခင်ကို ရခဲ့တာပါ။ ညီမလေး Robin ကိုဖက်ထားရင်း မေမေ့လက်ကို ကိုင်ထားတဲ့ ဖေဖေ့ရဲ့ အပြုံးကို အခု သူ့ကို တမ်းတရချိန်မှာ ပြန်မြင်ယောာင်မိပါတယ်။"

ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ ပြည့်နေတဲ့ ကက်သီဒရယ် ဘုရားကျောင်းရဲ့ ခန်းမထဲမှာ သမ္မတဟောင်း Bush က သူ့ဖခင်ရဲ့ ဆုံးမစကားတွေကို ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

"သမ္မတယောက်အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် ရင်ထဲက နှစ်နှစ်ကာကာ ချစ်မြတ်နိုးဖို့၊ ဂုဏ်သိက္ခာ ရှိရှိနဲ့ အရာရာကို သတ္တိရှိရှိ ဦးဆောင်ဖို့ လုပ်ရမယ်ဆိုတာကို သူက သင်ပြခဲ့ပါတယ်။ သူ့ရဲ့ သမိုင်းကြောင်းစာအုပ် ထွက်ပေါ်လာတဲ့ အခါမှာတော့ George H.W. Bush ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကြီးမြတ်တဲ့ သမ္မတ တယောက်ဖြစ်သလို သံတမန်ရေးကိစ္စရပ်မှာ အထူး ကျွမ်းကျင်သူ၊ ခက်ခဲတဲ့ ကာလတွေမှာ အောင်မြင်အောင် ဦးဆောင်နိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်တယောက် ဖြစ်ရုံမက အများလေးစားရတဲ့ သိက္ခာနဲ့ သမာဓိရှိတဲ့ သမ္မတ တယောက်ဖြစ်တယ်လို့ ရေးသားကြပါတယ်။"

ကွယ်လွန်သူသမ္မတ Bush က ပြည်သူအတွက် တာဝန်ထမ်းဆောင်တာဟာ ဂုဏ်ရှိကြောင်းနဲ့ လိုအပ်ကြောင်း သင်ပြခဲ့သလို သူကိုယ်တိုင် လည်း ဒါကိုလက်တွေ့ ပြသခဲ့တယ်လို့ သားဖြစ်သူ Bush က အမှတ်တရစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ဖခင်ဟာ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာရှိသူ တဦးဖြစ်ကြောင်း ပြောကြားနိဂုံးချုုပ်ရင်း စတင်ငိုကျွေးခဲ့တာ ဖြစ်ပြီး ပရိတ်သတ်က သူ့ကို လက်ခုပ်သြဘာရှည်ကြီးနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

ဈာပနအခန်းအနားမှာ သမ္မတ Donald Trump က အမှာစကားမပြောကြားပေမယ့် အခန်းအနားမလာခင် သူ့တွစ်တာကနေ Bush မိသားစုနဲ့ အတူရှိနေမှာ ဖြစ်ကြောင်း ရေးသားခဲ့သလို ဒီကနေ့ကျင်းပတဲ့ အခန်းအနားဟာ ဈာပနအခန်းအနားမဟုတ်ပဲ အသက်ရှည်ရှည်နဲ့ ထူးခြားတဲ့ ဘဝကိုဦးဆောင်ခဲ့တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တဦး အတွက် ဂုဏ်ပြုတဲ့ အခန်းအနားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးက သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ George H.W. Bush ဟာ အသက် ၉၄ နှစ်အရွယ် ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားတာ ဖြစ်ပြီး အခု သမ္မတ Bush အတွက် ကျင်းပတဲ့ နိုင်ငံတော် ဈာပနအခန်းအနားကို လေးလေးစားစား တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေ ထဲမှာတော့ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel ၊ ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား Charles ၊ ဂျော်ဒန်ဘုရင် Abdullah နဲ့ ပိုလန်သမ္မတ အန်ဇေ ဒူဒါ (Andrzej Duda) တို့လည်း ပါဝင်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ်ဟောင်း Brian Mulroney၊ အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း Alan Simpson နဲ့ သမ္မတ Bush ရဲ့ အထုပ္ပတ္တိရေးသားသူ တဦးဖြစ်တဲ့ သမိုင်းပညာရှင် Jon Meacham တို့ကလည်း သမ္မတဟောင်း Bush အတွက် ဝမ်းနဲ အောက်မေ့စကား ပြောကြားခဲ့ကြပါတယ်။

သမ္မတ Bush ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ချိန်က ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ Mulroney ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ရာဇဝင်ကို ပြန်ကြည့်ရင် သမ္မတဟောင်း George H. W. Bush လောက် သတ္တိပြောင်မြောက်ပြီး စည်းကမ်းကြီးတဲ့၊ ဂုဏ်သိက္ခာ ရှိတဲ့ သမ္မတ တယောက်မှ သူမတွေ့ဘူးဘူးလို့ ဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီနည်းကျ တည်ဆောက်ထားတဲ့ အကြီးကျယ်အမြင့်မြတ်ဆုံး သမ္မတနိုင်ငံ တနိုင်ငံအဖြစ် ဒီကမ္ဘာမြေပေါ်မှာ ဘုရားသခင်က ဖန်ဆင်းထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းတလျှောက် ပြန်ကြည့်ရင် အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သမ္မတတွေထဲမှာ George Herbert Walker Bush လောက် သတ္တိပြောင်မြောက်တဲ့၊ စည်းကမ်းကြီးတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ သမ္မတ တယောက်မှ ကျနော်မတွေ့ဘူးသေးပါဘူး။"

သမ္မတ Bush ရဲ့ မိတ်ဆွေရင်းချာတဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ်ဟောင်း Alan Simpson ကလည်း သမ္မတ Bush ဟာ မွေးစကနေ သေဆုံးသွားချိန်အထိ မွေးရာပါ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

သမ္မတ Bush ရဲ့ အထုပ္ပတ္တိရေးသားသူ တဦးဖြစ်တဲ့ သမိုင်းပညာရှင် Jon Meacham ကတော့ သမ္မတ Bush ဟာ အမေရိကန်ရဲ့ သက်ရှိထင်ရှား နောက်ဆုံး ကျန်ရစ်တဲ့ မြင့်မြတ်တဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ စစ်ပြန်တဦးဖြစ်ပြီး ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသက် ၂၀ အရွယ် ပစိဖိတ်ဒေသတွင်း ဗုံးကြဲတိုက်လေယာဉ်မှုးဘဝနဲ့ ဂျပန်တွေ အဖမ်းဆီးခံရမယ့် အန္တရာယ်ကို ပါးပါးနပ်နပ် တိမ်းရှောင်နိုင်ခဲ့သူတွေထဲက တဦးဖြစ်တယ်လို့ ပြောပါတယ်။ သူအခုလို ကွယ်လွန်သွားချိန်မှာ သူ့ရဲ့ လေသူရဲဘဝ သူရဲကောင်းလုပ်ရပ်တွေကို အောက်မေ့သတိရမိသလို ၁၉၉၀ နှစ်တွေ အတွင်း ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်၊ အရှေ့နဲ့အနောက် ဂျာမဏီ ပြန်ပေါင်းစည်းချိန်ကာလတွေမှာ သူပါဝင်လုပ်ဆောင်ခဲ့ တာတွေနဲ့ အတူ သူ့ရဲ့ သာမန်ပြည်သူဘဝ လူမှုဘဝအားလုံးမှာ အားလုံးအပေါ် အကြင်နာနဲ့ ဆက်ဆံ တာတွေကို တမ်းတမိကြောင်း ပြောပါတယ်။

"သူဟာ ဘယ်လောက်ပဲ စိတ်နှလုံးကြေကွဲ ဝမ်းနည်းပြီး ထိခိုက်နာကျင်နေပါစေ တခြားသူတွေအတွက်ဆို အမြဲပဲ နားလည်မှု အပြည့်နဲ့ နွေးနွေးထွေးထွေး နှစ်သိမ့်ပေးတတ်သူဖြစ်ပါတယ်။ တယောက်ယောက် စိတ်ဓါတ်ကျနေပြီ ဆိုရင်လည်း သူက အပြေးလာပြီး အားပေးစကား ပြောတတ်သူပါ။"

အမေရိကန်အလံ လွှမ်းခြုံထားတဲ့ သမ္မတ Bush ရဲ့ ရုပ်ကလပ်ကို လွှတ်တော် ဗဟိုခန်းမထဲမှာ တနင်္လာနေ့ညဘက်ကစပြီး အများပြည်သူ ဂါရဝပြုနိုင်အောင် စီစဉ်ပေးထားရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ National Cathedral ဘုရားကျောင်းကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ လွှတ်တော်မှာ လာရောက်ဂါရဝပြုကြတဲ့ ပရိတ်သတ် သောင်းနဲ့ချီရှိတဲ့ကြားက စိတ်လှုပ်ရှားစေတဲ့ ဖြစ်ရပ်တခုကတော့ စစ်ပြန်တွေနဲ့ အတူ ကွယ်လွန်သူ သမ္မတ Bush ကို အလေးပြုဖို့ အသက် ၉၅ နှစ်အရွယ် အထက်လွှတ်တော်အမတ်ဟောင်း Bob Dole က သူ့ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကျိုးစားထရပ်ပြီး ဂါရဝပြုခဲ့တာ ဖြစ်ပါတယ်။

သမ္မဟောင်း Bush ရဲ့ ရုပ်ကလပ်ကို ဗုဒ္ဓဟူးနေ့ ဘုရားကျောင်းက အခန်းအနားအပြီးမှာပဲ မေရီလန်းပြည်နယ်က Andrews လေတပ်အခြေစိုက်စခန်းကို သယ်ယူခဲ့ပြီး လေတပ်စခန်းကနေ Texas ပြည်နယ် Houston မြို့ကို ပြန်လည် သယ်ဆောင်ဖို့ Air Force One လေယာဉ် မထွက်ခွါခင် အမြောက် ၂၁ ချက် ပစ်ဖေါက် ဂုဏ်ပြုခဲ့ပါတယ်။ ကြာသပတေးနေ့မှာတော့ St. Martin Episcopal ဘုရားကျောင်းမှာဝတ်ပြု ဆုတောင်းပွဲ ကျင်းပကာ George H.W. Bush သမ္မတစာကြည့်တိုက်နဲ့ ပြတိုက်ရှိရာ Texas A&M တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ကွယ်လွန်သူ သမ္မတကတော် Barbara နဲ့ သမီး Robinတို့ကို မြှုပ်နှံထားရာ နေရာမှာပဲဂူသွင်းသဂြိုဟ်မှာ ဖြစ်ပါတယ်။

သမ္မတ Trump က ဒီဇင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့ကို အများပြည်သူရုံးပိတ်ရက်နဲ့ တနိုင်ငံလုံးဝမ်းနဲကြေကွဲဖွယ်နေ့အဖြစ် ကြေညာခဲ့တာ ဖြစ်ပြီး အစိုးရရုံးအများစုပိတ်ခဲ့သလို နယူးရောက် စတော့ရှယ်ယာဈေးကွက်လည်း ပိတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG