သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းဓါတ်ပုံမှားယွင်းမှု နားလည်မှုလွဲနိုင်


အများပြည်သူများ နေ့စဉ်ထုတ်သတင်းစာ ဖတ်ရူှုနေစဉ်။
အများပြည်သူများ နေ့စဉ်ထုတ်သတင်းစာ ဖတ်ရူှုနေစဉ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာ ၃ စောင်လုံးမှာ ကေအိုင်အေ ရဲ့ မိုင်းခွဲမှု သတင်းဓာတ်ပုံကို မှားယွင်းဖော်ပြခဲ့လို့ ဒီကနေ့ ထုတ် အစိုးရ သတင်းစာတွေကနေ တရားဝင် တောင်းပန်လာခဲ့ပါတယ်။ အခုလို တောင်းပန်တာဟာ ကောင်းမွန်ပေမဲ့ အခုလို မှားယွင်းမှုမျိုးဟာ အစိုးရနဲ့ပြည်သူကြား၊ တပ်မတော်နဲ့ ကေအိုင်အေတို့ အကြား အကြီးအကျယ် နားလည်မှု လွဲစရာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ပြည်တွင်းမီဒီယာလောက အသိုင်းအဝိုင်း က သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြစ်ကြီးနား ပူတာအို ကားလမ်းပေါ်မှာ ကေအိုင်အေအဖွဲ့ က
မိုင်းခွဲ တိုက်ခိုက်လို့ အပြစ်မဲ့ အရပ်သားတစ်ဦး သေဆုံး တယ်ဆိုတဲ့
ခေါင်းစဉ်နဲ့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ့လိုဖော်ပြလိုက်တဲ့ သတင်းဓာတ်ပုံမှာ သုံးထားတဲ့ သတင်းရဲ့ ဓာတ်ပုံ က
မိုင်းခွဲခံရလို့ ပျက်ဆီးနေတဲ့ ဆိုင်ကယ်တစ်စီးပုံစံ ကိုဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီဓာတ်ပုံဟာ ကေအိုင်အေက မိုင်းခွဲလို ပျက်စီးသွားတဲ့
ဆိုင်ကယ်ရဲ့ဓာတ်ပုံ မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ထဲမှာ ပျက်ကျခဲ့တဲ့
အဲပုဂံလေယာဉ် ပျက်ကျစဉ်တုန်းက လေယာဉ်နဲ့ဆိုင်ကယ် တိုက်မိပြီးပျက်ကျခဲ့တဲ့
ဓာတ်ပုံ ဖြစ်နေလို့ ဒီကနေ့ သတင်းစာမှာ တာဝန်ရှိသူတွေက
တောင်းပန်ချက် ဆိုပြီး ဖော်ပြလာပါတယ်။ အခုလို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူနေတဲ့
အစိုးရပိုင် သတင်းစာတွေမှာ မှားယွင်းလို့ ပြန်လည်တောင်းပန်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို အခု
လို့ ပြောပါတယ်။

“ ကျနော်တို့ကတော့ဗျာ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဘက်ကို
သွားနေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီက စာနယ်ဇင်းကျင့်ဝတ်တွေကို
ပိုပြီးတော့ လိုက်နာဖို့ လိုတယ်ဆိုတဲ့ အယူအဆကို လက်ခံပြီး ကျင့်သုံးနေတာပါ။ ဟိုတချိန်တုန်းကတော့ အစိုးရသတင်းစာတွေက မှားရင်လည်း ပျက်ကွက်ခဲ့တာတွေ
အများကြီး ရှိခဲ့ပါတယ်။ သမ္မတကြီးရဲ့ မူဝါဒအရ အများပြည်သူဝန်ဆောင်မှုနဲ့
သွားပြီဆိုရင်တော့ ပိုပြီးတော့ ပြည်သူ့ဆန္ဒကို လေးစားရမှာဖြစ်တဲ့
အတွက်ကြောင့်မို့လို့ ကျနော်တို့ မှားရင် မှားတဲ့အကြောင်း ပြင်ဆင်ပေးရမှာပါ။ အခုနောက်ဆုံး ဖြစ်တဲ့ဟာဆိုရင် ကျနော်တို့ အမှားပြင်ဆင်ချက်ဆိုပြီး ထည့်တာမဟုတ်ပါဘူး။ ဒီသတင်းစာများအတွက် တာဝန်ရှိတဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ကနေ ပြည်သူကို တောင်းပန်တဲ့အနေနဲ့ ကျနော်တို့ပြန်ပြီး
ထည့်တာဖြစ်ပါတယ်။”

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေရဲ့ စာမျက်နှာထက်မှာ အခုလို
အဲဒီ့သတင်းဓာတ်ပုံ မှားယွင်းတဲ့အတွက် နောင်အခါမှာ တိုက်ပွဲဓာတ်ပုံ၊
မတော်တဆ ထိခိုက်မှု ဓာတ်ပုံတွေကို သုံးတဲ့အခါ မှာ စာတည်းတွေအနေနဲ့ သေချာစွာ
စိစစ်ဖို့နဲ့ မသေချာရင် လုံးဝမထည့်ဖို့ ဦးဆောင်ညွှန်ကြားရေးမှူးတွေက
ညွှန်ကြားထားတယ် ဆိုပြီးတော့ ဖော်ပြလာပါတယ်။

နိုင်ငံပိုင် သတင်းစာတွေလို အများသိကြတဲ့ အစိုးရ ပြန်ကြားရေးဌာနက
တာဝန်ယူနေတဲ့ သတင်းစာတွေဟာ အခုလို တိုက်ပွဲ ဖြစ်နေစဉ်ကာလအတွင်းမှာ
တဖက်အဖွဲ့အစည်းကို ထိခိုက်သလို ဖြစ်တာကြောင့် အစိုးရ နဲ့ ပြည်သူ
၊တပ်မတော် နဲ့ကေအိုင်အေကြား နားလည်မှု လွဲချော်တာမျိုးတွေဖြစ်သွားနိုင်တယ်လို့လည်း
The voice ဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့
အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကျော်မင်းဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဲ့တာ သတင်းစာမို့လို့ တာဝန်ရှိပါတယ်။ အကယ်လို့ ရိုးရိုးသားသား မှားတယ်ဆိုရင် ပြဿနာမရှိဘူး။ သို့သော် တဖက်က ဒါဟာ တပ်မတော်အပေါ်မှာ
ပြည်သူလူထုက အထင်လွဲစရာ၊ နောက်တခါ အစိုးရအပေါ်မှာ ပြည်သူလူထုက အထင်လွဲစရာ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော်အကြားမှာ အထင်လွဲစရာ၊
နားလည်မှုလွဲစရာ၊ ကချင်ကေအိုင်အေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကြားမှာ။ ကေအိုင်အေနဲ့ အစိုးရကြားမှာ၊ ကေအိုင်အေနဲ့တပ်မတော်ကြားမှာ ပိုပြီးတော့ နားလည်မှုလွဲစရာ၊ ပိုပြီးတော့ နားလည်မှုလွဲသွားစရာ မရှိနိုင်ဘူးလား၊ သေးတဲ့ကိစ္စမဟုတ်ဘူး။ ပေါ့သေးသေးမဟုတ်ဘူး။ စာလုံးပေါင်း သတ်ပုံမှားတာမဟုတ်ဘူး။ သတင်းနေရာမှာ သတင်းတစ်မျက်နှာမှာ ဓာတ်ပုံနေရာမှားတာမဟုတ်ဘူး။ ဓာတ်ပုံကြီး လုံးလုံး လွဲနေတာ။”

ပြန်ကြားရေးဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်နေတဲ့ သတင်းစာတွေကို ပုဂ္ဂလိက
အခြေပြု မီဒီယာဖြစ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကြိုးစားဆောင်ရွက်နေတာတွေ
ရှိပြီးတော့ အဲဒီ့လို သတင်းစာတွေကို ပုဂ္ဂလိကအခြေပြု မီဒီယာဖြစ်ဖို့ ဒီနှစ်ကုန်ပိုင်းမှာဖြစ်အောင်
ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

“နှစ်ကုန်ပိုင်းလောက်မှာ ပြောင်းလဲနိုင်ဖို့ ကျနော်တို့ ရည်မှန်းချက် ထားပြီး ဆောင်ရွက်နေပါတယ်။ နောင်ပေါ်လာမယ့် အများပြည်သူ
ဝန်ဆောင်မှု သတင်းစာတွေရဲ့ အယ်ဒီတာလွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို
အာမခံနိုင်မယ့် ဥပဒေတစ်ရပ် အခုကျင်းပဆဲ လွှတ်တော်မှာ တင်သွင်းနိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။"

လက်ရှိအချိန် မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့
အစိုးရပိုင်သတင်းစာဟာ သုံးစောင်ရှိပြီးတော့ လာမယ့် ဧပြီလကစပြီးတော့
ပြည်တွင်းလုပ်ငန်းရှင်တွေထဲကနေပြီး သတင်းစာထုတ်ဝေလိုတဲ့ သူတွေကို နေ့စဉ်
ထုတ် သတင်းစာတွေ ချထားပေးတော့မှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG