သုံးရလွယ်ကူစေသည့် Link များ

သမ္မတခရီးစဉ် နိုင်ငံပိုင်သတင်းစာဖော်ပြမှု ဝေဖန်ခံနေရ


သမ္မတဦးသိန်းစိန် မိတ္ထီလာခရီးသတင်းဓာတ်ပုံနဲ့ ထိပ်စည်းစာတမ်း
သမ္မတဦးသိန်းစိန် မိတ္ထီလာခရီးသတင်းဓာတ်ပုံနဲ့ ထိပ်စည်းစာတမ်း

ဒီကနေ့ထုတ်ဝေတဲ့ မြန်မာ့အလင်းနဲ့ကြေးမုံ နိုင်ငံပိုင်သတင်းစာတွေမှာ မိတ္ထီလာမြို့နဲ့ မိတ္ထီလာလွင်ပြင်တခုလုံး အစိမ်းရောင်လွင်ပြင်ဖြစ်ရမည် ဆိုပြီး အစိမ်းရောင် ခေါင်းစည်းစာတန်းကြီးနဲ့ အာဏာရပါတီခေါင်းဆောင် သမ္မတဦးသိန်းစိန်ရဲ့ နယ်လှည့်ခရီးစဉ်ကို တွဲပြီးဖေါ်ပြလိုက်တာဟာ နိုင်ငံပိုင် သတင်းစာအနေနဲ့ ပါတီတခုအတွက် ဘက်လိုက်ဖေါ်ပြရာရောက်နေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေက ထောက်ပြ ဝေဖန်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့မှာ အစိမ်းရောင်လွင်ပြင်ဖြစ်ရမည်ဆိုပြီး မြန်မာ့အလင်းနဲ့ကြေးမုံနိုင်ငံပိုင်သတင်းစာတွေက အစိမ်းရောင် ခေါင်းစည်း စာတန်းကြီးနဲ့ ဖေါ်ပြ လိုက်တာဟာ အစိမ်းရောင်ကိုကိုယ်စားပြုထားတဲ့ ပါတီတခုအတွက် ဇောင်းပေးပြီး မဲဆွယ်စည်းရုံးပေးနေသလိုမျိုး အများပြည်သူကြားမှာ ပြောဆို ဝေဖန်ကြတယ်လို့ ဂျပန် NHK သတင်းထောက်ကိုသီက ပြောပါတယ်။

“ကြေးမုံနဲ့မြန်မာ့အလင်း အစိုးရပိုင်သတင်းစာနှစ်ခုကပေါ့နော်- ဒီနေ့ကျမှပဲ အစိမ်းရောင်လွှမ်းရမယ်-ဆိုတဲ့ သမ္မတကြီးရဲ့မိတ္ထီလာသတင်းနဲ့ပတ်သက်တဲ့ report လုပ်ခဲ့တာပါ။ ဟိုတလောကလည်း အစိမ်းရောင်ဝတ်-အနီရောင်ဝတ်ဆိုတာ NLD နဲ့ကြံ့ခိုင်ရေးကြားမှာ အနီရောင်က ဘာကိုဆိုလိုတယ်၊ အစိမ်းရောင်က ဘာကိုဆိုလိုတယ်ဆိုတာကို အရမ်းကို ထင်ထင်ရှားရှားရှိနေတယ်။ လူတွေရဲ့စိတ်ထဲမှာလည်း သိသိသာသာကွဲပြားနေတဲ့ အရောင် သင်္ကေတနှစ်ခုလည်း ဖြစ်နေတယ်။ အဲဒီထဲက အစိမ်းရောင်လွင်ပြင်ဒေသကို လွှမ်းရမယ်ဆိုတာမျိုး သုံးပြီးတော့ - သုံးရုံတင်မကဘူး။ သတင်းစာ နှစ်စောင်လုံးက တိုက်တိုက်ဆိုင်ဆိုင် ဒီစာသားကိုပဲသုံးထားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့၊ နောက်- ဓာတ်ပုံမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေကနေ အလံတွေထောင်ပြီးတော့ သမ္မတကြီးကို ကြိုဆိုနှုတ်ဆက်နေတဲ့ပုံတွေဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လူူူတိုင်း၊ အားလုံးက ကြည့်လိုက်တာနဲ့ ဒါ ဘယ်ပါတီကို ဇောင်းပေးပြီးတော့ ဖော်ပြထားသလဲဆိုတာ အားလုံးသိသာတယ်။ ဒါပေမယ့် သတင်းစာအနေနဲ့ ဒါမျိုးလုပ်တာကတော့ဖြင့် ဘောင်ဝင်မဝင်ဆိုတာ စဉ်းစားဖို့ရှိပါတယ်။”

တကယ်တော့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေဟာ နိုင်ငံပိုင်ဖြစ်သလို အများပြည်သူဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ ပြည်သူပိုင်သတင်း စာလည်း ဖြစ်ပါတယ်။ ဒီလိုပြည်သူပိုင်သတင်းစာတွေကနေ အစိမ်းရောင်ကို ကိုယ်စားပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအတွက် ဘက်လိုက် ရေးသားနေတာအတွက် ဥပေဒကြောင်းအရ ဘယ်လိုအရေးယူနိုင်မလဲဆိုတာကို NLD ပါတီတွင်းမှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဝင်းထိန်းက ပြောပါတယ်။

“သမ္မတဆိုလို့ရှိရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှား မှုတွေ၊ စစ်ရေးတွေမလုပ်ရဘူးဆိုတာ ဖွဲ့စည်းပုံမှာကိုက ရှိပြီးသား။ နယ်တွေကိုသွားတဲ့အခါမှာ တံတားဖွင့်တာ- ဘာညာကတပိုင်း။ ဒါပေမယ့် ကြံ့ခိုင်ရေးကိုတွဲပြီးတော့ စည်းရုံးတာက တပိုင်း။ အလားတူပါပဲ သတင်းစာတွေမှာ မိတ္ထီလာ လွင်ပြင် အစိမ်းရောင် ဖြစ်မယ်ဆိုတာ ဘာညာတွေက ဦးသိန်းစိန်ကော၊ အဲဒီအစိုးရ တဖွဲ့လုံးကောက ကြံ့ခိုင်ရေးအတွက် ဘက်လိုက် ပြီးတော့ ရေးသားပြောဆိုနေတဲ့ဟာက ထင်ရှားနေ တယ်။ အဲဒီ ထင်ရှားတဲ့ကိစ္စကို ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ဘယ်လိုလုပ်ပြီး ဥပဒေအရ အရေးယူ မလဲ၊ ဆွေးနွေး ဖို့ ကျနော်တို့ စီစဉ်ထားတယ်။”

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တချို့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မဲဆွယ်စည်းရုံးရာမှာ ရန်ကုန်တိုင်းတခုလုံး အစိမ်းရောင်လွှမ်းရမယ် … ဘယ် ဒေသမှာ အစိမ်းရောင်လွှမ်းရမယ် စသဖြင့် ဟောပြောကြွေးကြော်မှုတွေရှိခဲ့တာပါ။ ဒါကြောင့်လည်း နိုင်ငံပိုင်သတင်းစာတွေမှာ အစိမ်းရောင် လွင်ပြင်ဖြစ်ရမယ်ဆိုတဲ့ အစိမ်းရောင် ခေါင်းစည်းပါလာတဲ့အတွက် ပိုပြီး သံသယဖြစ်စေတယ်လို့ NLD ပြောခွင့်ရ ဦးဝင်းထိန်းက ထောက်ပြပါတယ်။

“ကြံ့ခိုင်ရေးအတွက် ဗြောင်ကြီးမဲဆွယ်ပေးနေတာပဲဆိုတာ သတိထားမိတာပဲဗျ။ အစိမ်းရောင်လွှမ်းမယ်ဆိုတာ ကြံ့ခိုင်ရေးလေ။ အရင်ရက်တွေ တုန်းကလည်း ဦးမြတ်လင်းကနေပြီးတော့ …လို့ အစိမ်းရောင်ဖြစ်ရမယ်လို့၊ နန္ဒကျော်စွာလည်း အစိမ်းရောင်ဖြစ်ရမယ်လို့- အဲဒီအော်တဲ့ဟာတွေနဲ့ အခု မြန်မာ့အလင်းနဲ့ကြေးမုံမှာပါနေတဲ့ဟာ တသဘောတည်းပဲလေ။ ကြံ့ခိုင်ရေးအတွက် လုပ်ပေးတာပဲလို့ ယူဆရတာပေါ့။”

နိုင်ငံပိုင်သတင်းစာတွေမှာ အစိမ်းရောင် ကိုယ်စားပြုပါတီအတွက် အခုလိုရေးသားမှုတွေဟာ သတင်းစာကျင့်ဝတ်နဲ့လည်းမညီဘူးလို့ NHK သတင်းထောက် သီဟက သုံးသပ်ပါတယ်။

“အစိုးရသတင်းစာတွေအနေနဲ့က နှစ်ခုပေါ့နော်။ …သူတို့ထိန်းပေးရမယ်။ တစ်ခုက ဘာလဲဆိုတော့ အစိုးရဝန်ကြီးဌာနတွေက ထုတ်တဲ့သတင်းစာတွေဟာ ပြည်သူ့ဘဏ္ဍာကိုသုံးပြီးတော့ ထုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးပါတီတစ်ခုရဲ့အကျိုးစီးပွားကို မျှော်ကိုးပြီးတော့ မလုပ်မိဖို့ပေါ့နော်၊ ပြည်သူ့ဘဏ္ဍာကိုသုံးပြီးတော့ ပါတီတစ်ခုရဲ့အကျိုးစီးပွားအတွက်ကို - အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ မဲဆွယ်တဲ့သဘောမျိုးဆန်တဲ့ဟာမျိုးကို မလုပ်မိဘို့ နံပါတ် (၁) လိုအပ်တယ်လို့၊ နံပါတ် (၂) က ဘာလဲဆိုတော့ သတင်းမဟုတ်ဘဲနဲ့ ကြွေးကြော်သံမျိုးပေါ့။ campaign လိုဆန်တဲ့စာသားမျိုးတွေကို တင်ဆက်တဲ့အခါကျတော့လည်း ပါတီရေးရာစာစောင်တို့၊ ပါတီတစ်ခုကထုတ်ပြန်တဲ့ ပါတီစာစောင်သဘောဆန်သွားတာပေါ့နော်။ သတင်းစာလို့ ကိုယ့်ကိုကိုယ် ယူဆလို့ရှိရင်တော့ သတင်းစာကျင့်ဝတ်အရ ဒါကိုတော့ စောင့်ထိန်းရမှာပေါ့။ အဲဒီနှစ်ချက်ကိုတော့ သူတို့လွတ်သွားတယ်။ ”

မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာဖေါ်ပြချက်တွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုရော သမ္မတရုံး တာဝန်ရှိသူ တွေကိုပါ ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG