ဗြိတိန်နိုင်ငံမှာ ၁၅ ရက်မြောက် Olympic အားကစားပြိုင်ပွဲတွေ ဆက်လက်ကျင်းပနေတာမှာ အမျိုးသား ဘောလုံးဖိုင်နယ်ကို အခုအသံလွှင့်နေချိန်မှာပဲ ကစားနေကြပါတယ်။ လန်ဒန်မြို့က အထင်ကရ Wembley ကွင်းမှာ Brazil နဲ့ Mexico အသင်းတို့ လွန်ခဲ့တဲ့ နာရီဝက်လောက်ကစပြီး ကန်နေကြတာ ဖြစ်ပါတယ်။
လောလောဆယ် သောကြာနေ့က ကစားခဲ့တဲ့ Olympic ဘောလုံး ကြေးတံဆိပ် လုပွဲမှာ တောင် ကိုရီးယားက ဂျပန်ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ပြီး ကြေးတံဆိပ် ရသွားပါတယ်။
တနင်္ဂနွေနေ့ မာရသွန်ပြေးပွဲကျရင်တော့ မာရသွန်အပြေးသမား Guor Marial ဟာ Olympic အလံအောက်မှာ ဘယ်နိုင်ငံကိုမှ ကိုယ်စားမပြုတဲ့ တသီးပုဂ္ဂအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ် ပါတယ်။ အသက် ၂၈ နှစ်အရွယ် အပြေးသမား Marial ဟာအခု တောင် ဆူဒန်နိုင်ငံ ဖြစ်သွားတဲ့ အရပ်က ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံ ပြည်တွင်းစစ်ပွဲဖြစ်နေစဉ် ၁၉၉၃ ခုနှစ်မှာ ဆူဒန်နိုင်ငံကနေ ထွက်ပြေးခဲ့ပြီး အခု အမေရိကန် အနောက်တောင်ပိုင်း Arizona ပြည်နယ်မှာ နေထိုင်နေပါတယ်။ သူဟာ လက်ရှိ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် Green Card ကိုင်ဆောင်ထားပေမဲ့ အမေရိကန်နိုင်ငံသား မဖြစ်သေးတဲ့အတွက် အမေရိကန် Olympic အသင်းမှာ ပါဝင်ခွင့်မရပါဘူး၊ သူ့ဆီမှာ တောင်ဆူဒန် နိုင်ငံရဲ့ နိုင်ငံသားလက်မှတ်၊ နိုင်ငံကူး လက်မှတ်လည်း မရှိသလို တောင်ဆူဒန်နိုင်ငံမှာလည်း Olympic ကော်မတီ မရှိသေးတဲ့အတွက် နိုင်ငံမဲ့အပြေးသမားအနေနဲ့ ဝင်ပြိုင်မှာဖြစ်ပါတယ်။
London Olympic မှာ လောလောဆယ် ရွှေဆံဆိပ် အများဆုံးကို အမေရိကန်ပြည်ထောင်စုက ရထားပါတယ်။ အမေရိကန်က ရွှေတံဆိပ် ၄၁ ခုအပါအဝင် ဆုတံဆိပ် အများဆုံးနဲ့ ဆုဇယား ထိပ်ဆုံးရောက်နေပြီး တရုတ်က ဒုတိယ၊ အိမ်ရှင် ဗြိတိန်က တတိယ နေရာတွေမှာ ရှိနေကြပါတယ် ရှင်။