သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်း တနှစ်ပြည့် သမ္မတဂျိုးဘိုင်ဒန်ရဲ့ ထုတ်ပြန်ချက်


(Zawgyi/ Unicode)

လွန်ခဲ့တဲ့ တနှစ်က မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ငြင်းဆန်ပြီး ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချ၊ အာဏာသိမ်းယူခဲ့ပါတယ်။

ထိုအချိန်ကစပြီး စစ်ကောင်စီဟာ မရေမတွက်နိုင်တဲ့ ရက်စက်တဲ့လုပ်ရပ်တွေနဲ့ ကလေးသူငယ်များ အပါအဝင် အရပ်သားတွေအပေါ်မှာ ပြောမပြနိုင်လောက်တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ လူပေါင်း ၁,၅၀၀ ကျော် အသတ်ခံရပြီး ထောင်နဲ့ချီတဲ့ လူတွေ မတရားဖမ်းဆီး ထိန်းသိမ်းခံရတာ၊ ဟန်ပြ တရားစီရင် စစ်ဆေးမှုတွေကို ခံခဲ့ကြရပါတယ်။ အဂတိလိုက်စားမှုတွေ အလွန်များပြားလာပြီး အရပ်ဘက် ပဋိပက္ခတွေလည်း ပိုဆိုးလာခဲ့ပါတယ်။

ဒီအာဏာသိမ်းမှုဟာ မြန်မာနိုင်ငံ တနံတလျား ဆင်းရဲဒုက္ခတွေ ဖြစ်ထွန်းစေခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုကိုလည်း ထိပါးစေခဲ့ပါတယ်။ အခြားတဘက်မှာတော့ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ သူတို့ ဖန်တီးလိုက်တဲ့ မငြိမ်မသက်မှု တွေထဲက အမြတ်ရရေး အားထုတ်နေကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဘဝရှင်သန်ရေး အထောက်အကူ လိုအပ်နေပေမယ့် စစ်ကောင်စီကတော့ စာနာမှု အထောက်အပံ့ပေးရေး ငြင်းဆန်နေပြီး အကူညီပေးရေး လုပ်သားတွေကို တိုက်ခိုက်နေပါတယ်။

ဒီလို ရက်စက်ရမ်းကားမှုတွေကို ကျနော်တို့ ရှုတ်ချပြီး အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုကျူးလွန်သူတွေ တာဝန်ခံမှု ရှိစေဖို့ အာဆီယံ အပါအဝင် မိတ်ဆွေတွေ၊ လက်တွဲဘက်နိုင်ငံတွေနဲ့ ဆောင်ရွက်နေပါတယ်။

မြန်မာစစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရပါလိမ့်မယ်။

လူသားစာနာမှု အထောက်ကူ ဆောင်ရွက်နေသူတွေ အတားအဆီး မရှိ သွားရောက်ခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အဖွဲ့အစည်း အားလုံးနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေ ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။

စစ်တပ်က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုသံကို ဆက်ပြီး ငြင်းဆိုနေသမျှ စစ်တပ်နဲ့သူ့ကို ပံ့ပိုးနေသူတွေကို နောက်ထပ် အရေးယူမှုတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ပြောချင်တာကတော့ ခင်ဗျားတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို ကျနော်တို့က မေ့မထားပါဘူး။ နိုင်ငံ ဒီမိုကရေစီ ရရှိဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ သန္နိဌာန် အတွက် ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

(Unicode)











XS
SM
MD
LG