သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကဒ် ထိုင်းအစိုးရ ထုတ်ပေးမည်


ထိုင်းနိုင်ငံ အစိုးရဝန်ကြီးများ အစည်းဝေးကနေ ၂၀၁၆ ခုနှစ်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဆုံးဖြတ်ချက်ချရာမှာ ထိုင်းနို်င်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် သက်တမ်း ၂ နှစ်ရှိတဲ့ ပန်းရောင်ကဒ်ကို လုပ်ပေးမှာဖြစ်ပြီး ၄ ကြိမ်အထိ မိခင်နိုင်ငံကိုမပြန်ဘဲ သက်တမ်းတိုးနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက တောင်းဆိုထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း CI (Certificate of Identity) ထုတ်ပေးမယ့်ကိစ္စနဲ့ နိုင်ငံကူးလက်မှတ်တွေ ထပ်မံ အသုံးပြုခွင့်ပေးတာ မပါဝင်ဘူးလို့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေး ကျွမ်းကျင်သူများဆွေးနွေးပွဲကို ဇန္နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ ပြုလုပ်ခဲ့အပြီး အင်္ဂါနေ့မှာလုပ်တဲ့ ထိုင်းနိုင်ငံ အစိုးရဝန်ကြီးများ အစည်းအဝေးကနေ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ အချက်တွေကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကျွမ်းကျင်သူတဦးက အခုလို ရှင်းပြပါတယ်။

“ပထမတချက်က ဗီယက်နမ်အလုပ်သမားတွေကို တင်သွင်းတဲ့ကိစ္စကို သဘောတူတယ်ပေါ့။ နောက်တချက်ကတော့ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်လို့တော့ ပန်းရောင်ကဒ်တွေကို သူတို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံပေါ့နော် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်မယ့်သူတွေရော၊ ဟိုးအရင်တုန်းက ဘတ်လုပ်ပြီးသား သူတွေရောပေါ့ အားလုံးပေါ့ သူတို့ အဲဒီနောက်ပိုင်းမှာ ဇူလိုင်လအထိပေါ့ ၃၁ ရက်နေ့အထိ သူတို့အဲဒီမှာ စခန်းတွေဖွင့်ပြီးတော့ သူတို့ လာပြီးတော့ အဲဒါလုပ်ဖို့ပေါ့ ဒါတွေက ပတ်စ်ပို့ဗီဇာ ၄ နှစ်၊ ၆ နှစ်ပြည့်သွားတဲ့ အလုပ်သမားတွေကိုလည်း သူတို့ ဘတ်ပြန်ထုတ်ပေးမယ်ပေါ့နော်။ နောက်တခု ထူးတာကတော့ သူတို့ အဲဒီဘတ်ကတော့ ၂ မျိုး၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ပြုမှာပေါ့။ အဲဒီ ဘတ်တခုတည်းမှာတင် နေထိုင်ခွင့်ရယ်၊ အလုပ်လုပ်ပိုင်ခွင့်ရယ်၊ အဲဒီလက်မှတ်တွေ ဘာတွေ အကုန်ပါလာမှာပေါ့နော်။ အဲဒီဘတ်ပေါ်မှာ။ သူတို့အားလုံး ၈ နှစ်ဖြစ်သွားမှာပေါ့။ ”

အခုလက်ရှိ ထိုင်းနိုင်ငံက ထုတ်ပေးမယ့် ပန်းရောင်ကဒ်ဟာ အရင်တုန်းကတော့ နယ်မြေသတ်မှတ်ချက် ကန့်သတ်ထားပြီး အခုထုတ်ပေးမယ့် ပန်းရောင်ကဒ်ကတော့ ခရီးသွားလာခွင့်တွေ ရ - မရ ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိသေးဘူးလို့လည်း ဆက်ပြောပြပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့ ထောက်ခံမှုတွေ ပြန်ထုတ်ပေးရဦးမယ်လေ။ အဲဒီတော့မှ ကျနော်တို့ ကြည့်ရမယ်လေ။ အဲဒီထောက်ခံချက်တွေမှာ အသေးစိတ်ဘယ်လို ပါလာမလဲပေါ့။ နေထိုင်ရမယ်၊ သွားလာရမယ့် ကိစ္စက တနိုင်ငံလုံး သွားလာလို့ရသလား။ အဲဒါကတော့ ဒီမှာ အသေးစိတ် မထည့်ထားသေးဘူး။”

ပြီးခဲ့တဲ့ ထိုင်းနဲ့ မြန်မာ အစိုးရအဆင့် ဆွေးနွေးပွဲတွေမှာ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား လက်မှတ်တွေ လုပ်ဖို့ကိုလည်း မြန်မာအစိုးရဘက်က တောင်းဆိုထားတာပါ။ အဲဒီ လက်မှတ်တွေ လုပ်ဖို့အတွက် မြန်မာနိုင်ငံသား အများစုရှိတဲ့ နေရာတွေမှာ စင်တာတွေ ဖွင့်ပြီး လုပ်ဆောင်ဖို့ တောင်းဆိုထားပေမဲ့ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာအစိုးရတောင်းဆိုထားတဲ့ အဓိကအချက်တွေ ပါဝင်တာ မတွေ့ရဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။

“သူတို့ CI တို့ ဘာတို့တော့ သူတို့ လုပ်ဖို့တော့ တောင်းထားတာပေါ့နော်။ ဒါပေမဲ့ ဒီထဲမှာတော့ လောလောဆယ်တော့ ဘာမှ မပါပါဘူးဗျ။ ပတ်စ်ပို့အစားထိုး ပန်းရောင်ကဒ် ပြန်လဲပေးမယ့်သဘောပဲ။ ဒါပေမဲ့ အဲဒီပန်းရောင်ကဒ်မှာလည်း သူတို့ အဲဒီ ပတ်စ်ပို့နံပါတ်တွေ ပြန်ထည့်ပေးမယ်လို့ ပြောပါတယ်ခင်ဗျ။ ၄ နှစ် ၆ နှစ်ကို သူတို့က ပတ်စ်ပို့သက်တမ်းတိုးတာကို ဘတ်ပြန်ရတဲ့သဘောပေါ့။ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ရတဲ့ ကဒ်တကဒ်ကဒ် ကိုင်ထားပြီဆိုရင် ရတယ်ပေါ့။”

မြန်မာအစိုးဘက်က တောင်းဆိုထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား စာအုပ်အတွက် အချက်အလက်တွေ ဖြည့်စွက်ရာမှာ အချက် ၂၇ ချက် ပါဝင်ပြီး လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေ အပါအဝင် လျှောက်ထားသူရဲ့ မိသားစု၊ ဆွေမျိုးအရင်းအချာတွေရဲ့ အလုပ်အကိုင်တွေ၊ နေရပ်လိပ်စာတွေလည်း ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူဟာ ပြစ်မှု၊ တရားမမှု အရ အရေးယူခံရမှု ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ယခင် နိုင်ငံကူးလက်မှတ် လျှောက်ထားရင်လည်း ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ အချက် ၂၇ ချက်ကို ဖြည့်စွက်ပြီးမှသာ Certificate of Identity လို့ခေါ်တဲ့ သက်သေအထောက်အထားစာအုပ် အစိမ်းရောင်ကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအတော်များများကတော့ မှတ်ပုံတင်မရှိတာ သန်ခေါင်စာရင်းပြဖို့ အခက်အခဲတွေကြောင့် CI လုပ်ဖို့အတွက် အခက်အခဲရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတုန်းကလည်း CI ထုတ်ပေးနိုင်ရေး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း ကြိုးစားခဲ့ပေမဲ့ ပွဲစားတွေက ဒီလက်မှတ်ထုတ်ပေးရေးအတွက် ဘတ်ငွေ ၆၀၀၀ ကနေ ၈၅၀၀ အထိ တောင်းခဲ့တဲ့အတွက် အလုပ်သမားရေး လုပ်နေသူတွေ ကန့်ကွက်ခဲ့တာကြောင့် အဲဒီအစီအစဉ် ပျက်ခဲ့ရတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်ကော တရားဝင်ကော ပေါင်းရင် မြန်မာအလုပ်သမား ၃ သန်းလောက် ရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်းထားပြီး ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဒီထက်မက ရှိနေတယ်လို့လည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG