သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ရူပဗေဒပညာရှင် Stephen Hawking ထားခဲ့တဲ့ အမွေ


စကြာဝဠာရဲ့အစနဲ့ တွင်းနက်ကြီးတွေလို အာကာသရဲ့ နက်နဲဆန်းကြယ်မှုတွေကို လေ့လာစူးစမ်းခဲ့သူ အသက် ၇၆ နှစ်အရွယ် ကမ္ဘာကျော် ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking မနေ့ကပဲ ကွယ်လွန်သွားပါပြီ။ သိပ္ပံလောကအတွက် သူ ဘယ်လို ကောင်းကျိုးပြုခဲ့သလဲ၊ သူနဲ့ပတ်သက်လို့ အားကျလေ့လာစရာတွေ ဘာရှိမလဲဆိုတာ Southern Mississippi University က မြန်မာ ရူပဗေဒပညာရှင် ဒေါက်တာခင်မောင်မောင်ကို ကိုသားညွန့်ဦးကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ Stephen Hawking မနေ့ကပဲ ကွယ်လွန်သွားပါတယ်။ သူနဲ့ ပတ်သက်လို့ legacy ပေါ့နော် ပြောမယ်ဆိုရင် ဘာတွေများရှိပါသလဲခင်ဗျ

ဒေါက်တာခင်မောင်မောင်။ ။ သိပ္ပံပညာမှာတော့ သူလုပ်ခဲ့တဲ့ ဘာသာရပ်ကတော့ Theoretical Cosmology ဒီ စကြာဝဠာကြီး ဘယ်လိုစသလဲ ၊ ဘာတွေဖြစ်သလဲ ၊ ဘာကြောင့်ဒါတွေဖြစ်သလဲ ဘာတွေရှိသလဲ ဆိုတာကို သူက လေ့လာတာပေါ့ ။ အဲဒီမှာ အရေးအကြီးဆုံး သူတွေ့ခဲ့တာကတော့ Hawking Radiation ပေါ့နော် Black hole ပေါ့လေ တွင်းနက်တွေကနေ ဘယ်လိုလုပ်ပြီးတော့ Radiationတွေ ထွက်တယ်ဆိုတာကို ရှင်းပြခဲ့တာ ။ နောက်ပြီးတော့ တခြား သိပ္ပံပညာရှင် တွေနဲ့ တွဲပြီးတော့ လုပ်ခဲ့တဲ့ နိယာမတွေ အများကြီးရှိပါတယ်။

ကိုသားညွန့်ဦး။ ။ သူနဲ့ပတ်သက်လို့ သိပ္ပံပညာမှာလေ့လာနေတဲ့ လူငယ်တွေအတွက်က အားကျစရာလိုဖြစ်နေတယ်။ အဲဒါတော့ သူ့အနေနဲ့ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုခဲ့တာ ဘာတွေများရှိခဲ့မလဲ။

ဒေါက်တာခင်မောင်မောင်။ ။သူအကြောင်းက ပိုပြီးလူသိများသွားတာက သူ့မှာ အသက် ၂၀ လောက်ကတည်းက neuromuscular disease ဆိုတာ Lou Gehrig’s disease ပေါ့နော် အကြောတွေ တဖြေးဖြေးသေပြီးတော့ လူက လှုပ်လို့မရတော့ဘူးဖြစ်သွားတဲ့ အခြေအနေပေါ့နော်။ အဲဒီရောဂါရှိရဲ့သားနဲ့ သူက ကြိုးစားပမ်းစားနဲ့လုပ်ရတာ။ ဆိုတော့ သူက လက်ကလည်း ရေးလို့မရဘူး။ သူတွက်သမျှက ခေါင်းထဲကနေ တွက်ရတယ်။ ဒါက တော်ရုံတန်ရုံစိတ်ဓါတ်နဲ့က မရဘူး ။ သူအဲဒီလို ဂဏန်းတွက်တာတင်မကဘူး ပါရဂူကျောင်းသားလည်း ၃၉ ယောက်ကို မွေးခဲ့တယ်။ ပါရဂူကျောင်းသားတယောက်ကို ဘွဲ့ရဖို့ လုပ်ပေးဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ဒီအလုပ်လုပ်တာတင်မကဘူး လူတွေနဲ့လည်း အတွေ့အထိက အမြဲတမ်းရှိတယ်။ ဥပမာ TV Program တွေပါတယ်။ ရုပ်ရှင်တွေမှာ သူ ဟာသအနေနဲ့ ဝင်လုပ်တယ်။ ဥပမာ နာမည်ကြီး Star Trek: The Next Generation မှာတောင်မှ သူ့အနေနဲ့ ပါလိုက်သေးတယ်။

ကိုသားညွန့်ဦး။ ။ အိုင်စတိုင်းတုန်းက သူ့တွေ့ရှိချက်တွေက နောက်ပိုင်း သုတေသန ပြုချက်တွေ လေ့လာသူတွေအတွက် အများကြီးချန်ထားခဲ့တယ်။ Hawking မှာရော သူ့ တွေ့ရှိချက် ချက်တွေက ဘာတွေများ လေ့လာစရာ ကျန်ပါသေးသလဲခင်ဗျ။

ဒေါက်တာခင်မောင်မောင်။ ။ အများကြီးရှိပါတယ်။ ဥပမာဆိုရင် Hawking Radiationကို သုံးပြီးတော့ လူတွေက ဘာလုပ်ဖို့ ကြည့်နေသလဲဆိုတော့ Extra Dimension ဆိုတာကိုကြည့် ၊ ဥပမာဆိုပါတော့ ကျနော်တို့ဆိုရင် အထက်အောက် တောင်မြောက် ၊ အရှေ့အနောက်ပေါ့လေနော် အရပ် ၈ မျက်နှာ Dimension ၃ ခုရှိတယ် ဆိုရင် အိုင်စတိုင်းအနေနဲ့ကတော့ အချိန်ဆိုတာကို ထည့်လိုက်တော့ Dimension ၄ ခုဖြစ်သွားတာပေါ့။ Space မှာရှိတဲ့ အမှတ်တခုကို တိုင်းတာဖို့ဆိုရင် တိုင်းတာမှုအတွက် ၄ ခုလိုတာပေါ့။ နောက်ပိုင်း Theory တွေပေါ်လာတာက ဘာလဲဆိုရင် Extra Dimension ဆိုတာပေါ်လာတယ်။ အဲဒါဘာလဲဆိုတော့ အဲဒီအပြင်ကို နောက်ထပ် Dimension တွေရှိနိုင်သေးတယ်။ မျက်စိနဲ့ စဉ်းစားကြည့်ရုံနဲ့ တော့ တော်ယုံမရဘူးပေါ့နော်။ အဲဒါမျိုးတွေကို ဘယ်လိုတွေ့နိုင်မလဲဆိုရင် Hawking Radiationကို သုံးပြီးတော့တွေ့နိုင်ပါတယ်။ အဲဒါမျိုးတွေကို တွေ့နိုင်ဖို့ Europe မှာရှိတဲ့ particle acceleratorတွေမှာလည်း အဲဒါမျိုးတွေကို စမ်းသပ်နေတယ်။ တွေ့တော့မတွေ့သေးဘူးပေါ့လေ။

ကိုသားညွန့်ဦး။ ။ အခုလို Stephen Hawking အနေနဲ့ သူ့မှာ မူရင်း မသန်စွမ်းမှု အားနည်းချက်ရှိတယ်။ ဒါပေမယ့် တကယ့်ကို သိပ္ပံပညာမှာထူးချွန်လာအောင် ဘယ်လိုလေ့လာမှုမျိုးတွေ ၊ ကြိုးပမ်းမှုတွေ နဲ့ သူ့ဘဝကို ကျော်လွှားခဲ့သလဲ။

ဒေါက်တာခင်မောင်မောင်။ ။သူကတော့ Theory ပညာရှင်ပေါ့ ၊ ဘာလုပ်သလဲဆိုရင် များသောအားဖြင့်ကတော့ ထိုင်ပြီး ဂဏန်းတွက်ရတာပေါ့ တချိန်လုံး စဉ်းစားနေရတာ လူများတွေ လုပ်ထားတဲ့ Theoryက မှန်သလား မှားသလား ဆိုတာကိုလည်း နံပတ် ၁ က ပြန်ပြီးတော့ Check လုပ်ရတယ်။ ပြန်ပြီးတော့ စမ်းစစ်ရတယ်။ နောက်တခါ ကိုယ်က အဲဒီအပေါ်မှာ ထပ်ပြီးတော့ ဘယ်လိုထပ်ပြီးလုပ်ရမလဲဆိုတာ အသစ်တခုကို ကိုယ်က စဉ်းစားရတယ်။ စဉ်းစားပြီးရင် ကိုယ်စဉ်းစားထားတာ မှန်မမှန် ကိုလည်း ပြန်ပြီး တွက်နိုင်တဲ့ အရည်အချင်းရှိရတယ်။ အဲလိုလုပ်ဖို့ဆိုတာ ကိုယ်က ဂဏန်းနဲ့ တခါ ချပြီးတော့တွက်ရတယ်။ အမှန်ကတော့ ကျနော်တို့ မြန်မာလူငယ်တွေအတွက်ပြောမယ်ဆိုရင် အကုန်လုံး ကြက်တူရွေး ကျက်သလို အာဂုံဆောင်လို့မဖြစ်ဘူး။ စဉ်းစားတတ်ဖို့အလွန်အရေးကြီးတယ်ဆိုတာ သူ့ဆီကနေ နမူနာယူဖို့ ကောင်းတာပေါ့နော်။”

ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking အကြောင်းကို ရူပဗေဒပညာရှင် ဒေါက်တာခင်မောင်မောင်ကို ကိုသားညွန့်ဦးကနေ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG