သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမှာ လူ ၃,၀၀၀ ကျော် ဆန္ဒပြ


စစ်တွေမြို့အတွင်း ဆိုင်ခန်းများနှင့် ဘဏ်များ ပိတ်ထားသည့် မြင်ကွင်း။
စစ်တွေမြို့အတွင်း ဆိုင်ခန်းများနှင့် ဘဏ်များ ပိတ်ထားသည့် မြင်ကွင်း။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ OIC လို့ခေါ်တဲ့ အစ္စလာမ်ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ရဲ့ ရုံးခွဲ လာရောက် ဖွင့်လှစ်မယ့် အစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ နေ့လည်က စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ ရှ် ကောင်စစ်ဝန်ရုံးရှေ့မှာ သံဃာတော်တွေနဲ့ မြို့မိ မြို့ဖတွေပေါင်းပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်များအဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပေမယ့် တခြား မြို့မိ မြို့ဖတွေလည်း ထောင်နဲ့ချီ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဦးဆောင်ကျင်းပသူ သံဃာတော်တွေက ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားတယ်။

စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်များအဖွဲ့က ဦးဆောင် ကျင်းပတဲ့ ဒီဆန္ဒပြပွဲကို သံဃာတော်အပါး ၅၀၀ ကျော်အပါအဝင် မြို့မိ မြို့ဖတွေ စုစုပေါင်း ၃,၀၀၀ ကျော်တို့ဟာ စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့မှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

“ဦးဇင်းတို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာအဖွဲ့တွေကစုပြီးတော့ ကားနဲ့ စီတန်းလာတာပေါ့နော်။ နောက်ပြီးတော့ ကောင်စစ်ရုံဝန်းထဲ ဝင်ကြတာပေါ့နော်။ အဲဒီမှာ ရဲတွေ ကတော့ ရှိတာပေါ့။ ဒါပေမဲ့ ဦးဇင်းတို့လာတဲ့အခါတော့ ဖွင့်ပေးတာပဲ။ သူတို့က လမ်းကြောင်း ရှင်းပေးတယ်လေ။ အဲဒီနားကို ရောက်တဲ့အခါလည်း သူတို့က အေးအေးဆေးဆေးပဲ တောင်း ဆိုခွင့်ပေးတယ်။ ဦးဇင်းတို့က အချက်လေး ချက်ကို ကိုင်ပြီးတော့ တောင်းဆိုတယ်။”

ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပတဲ့ သံဃာတော်များအဖွဲ့က ဦးပညာသာမိ ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ OIC လို့ခေါ်တဲ့ အစ္စလာမ်ကိုးကွယ်တဲ့နိုင်ငံများအဖွဲ့ရဲ့ ရုံးခွဲ လာရောက်ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် အဲဒီ ရုံးဖွင့်မယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနေတွေနဲ့ စေတီပုထိုးတွေကို ဒေသခံတွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ရော ဒီဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲအတွင်း သူတို့ရဲ့ တောင်းဆိုချက်တွေကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့မှာ ကြွေးကြော်ခဲ့ ကြသလိုပဲ အဲဒီ တောင်းဆိုချက်တွေကို အိတ်ဖွင့်ပေးစာအဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ကို ပေးအပ်ခဲ့တယ်လို့ ဦးပညာသာမိက ဆက်ပြောပြပါတယ်။

“အဲဒီလေးချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံ၌ OIC လုံးဝ အလိုမရှိ၊ ရခိုင်ပြည်၌ OIC လုံးဝ အလိုမရှိ၊ နှစ်ဘက်လုံး ငြိမ်းချမ်းစွာ နေနိုင်ရန်အတွက် အောင်မင်္ဂလာ(ရပ်ကွက်)အား မြို့ပြင်သို့ ထုတ်ပေးပါ။ ငြိမ်းချမ်းစွာနေထိုင်သည့် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အပြည့်အဝ တာဝန်ယူ ကာကွယ်ပေးပါ။ အဲဒါကတော့ တောင်းဆိုချက်လေးချက်ပေါ့။ နောက် တရားမဝင် ဘင်္ဂလီကိစ္စနဲ့ ပတ်သက်ရင် ပြတ်ပြတ် သားသား ရေးပြထားတဲ့ နိုင်ငံတော် သမ္မတကြီးအား ထောက်ခံတယ်ဆိုတဲ့ ထောက်ခံချက် တချက်နဲ့ ဦးဇင်းတို့ ဆန္ဒပြပြီးတော့ အခု ပြန်ထွက်လာကြပြီ။ အိပ်ဖွင့်ပေးစာ အဲဒီမှာ ပေးထားခဲ့တယ်လေ။”

မနက်ဖြန်မှာလည်း အလားတူ OIC ရုံးဖွင့်မယ့်ကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တွေမြို့က အမျိုးသမီးတွေ စုပြီး ဆန္ဒပြကြဖို့ အစိုးရထံမှာ ခွင့်ပြုချက် တောင်းထားတယ်လို့ ရခိုင်ပြည်နယ် ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မီတီက အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“သူတို့က OIC ကို ဒီမှာ ဖွင့်ခွင့် လက်မခံဘူးဆိုတာ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ သူတို့က ခွင့်တင်တာပါ။ အစိုးရကတော့ ခွင့်ပြုပါတယ်ခင်ဗျ။ ရပ်မိရပ်ဖတွေက တင်တာပါ။”

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ OIC ရုံးဖွင့်မယ့်အစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေကို ဆန့်ကျင်တဲ့အနေနဲ့ မနေ့က တနင်္လာနေ့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်သံရုံးရှေ့တွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျား။
XS
SM
MD
LG