သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးမယ့် KIO နဲ့ အစိုးရတပ် တိုက်ပွဲတွေဆက်ဖြစ်


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာပဲ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဟာ အစိုးရတပ်တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုမိုးဇော် က တင်ပြထားပါတယ်။

KIO နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ ဖေဖော်ဝါရီလဆန်းက တရုတ်နိုင်ငံ ရွှေလီမြို့မှာ စစ်ရေးအရှိန် လျှော့ချဖို့ သဘောတူညီခဲ့ပေမဲ့ တိုက်ပွဲတွေကတော့ ကြိုးကြား ကြိုးကြား ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။

“ဒီရက်ပိုင်းမှာ အဖြစ်များတာတော့ ခပ်စိပ်စိပ်ဖြစ်နေတာကတော့ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဒေသမှာ ပိုဖြစ်တယ်။ ၈ ရက်နေ့ကလည်း ကျနော်တို့ တပ်ရင်း ၂ ဘက်မှာ သူတို့လာပြီး တိုက်ခိုက်တာတွေ လုပ်ပါတယ်။ အဲ့လိုဟာမျိုးတွေ တပ်ရင်း ၉ တို့၊ တပ်ရင်း ၈ တို့၊ တပ်ရင်း ၁၇ တို့၊ တပ်ရင်း ၂ တွေကတော့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတွေပါ။ အဲ့ဒီဒေသမှာ တိုက်ပွဲတွေကတော့ တရက်ခြားပုံစံပေါ့။ အဲ့လိုဟာမျိုးတွေ ဖြစ်တယ်ခင်ဗျ။ မနေ့က ဒီတပ်ရင်း ၂ ရယ်၊ တပ်ရင်း ၃၆ ရယ်၊ အဲ့ဒီနေရာ ၂ နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားတယ်။”
ဒီလိုတိုက်ပွဲတွေဖြစ်ရတဲ့ အဓိက အကြောင်းကိုတော့ ဦးလနန်က အခုလို ပြောပါတယ်။

“ဖြစ်တဲ့ဖြစ်စဉ်အားလုံးကတော့ အစိုးရစစ်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့်ပါ။ သူတို့ရဲ့ ရှေ့တန်းတွေမှာ ညွှန်ကြားနေတဲ့ အချက်တွေက ဘာလဲဆိုတော့ KIA တပ်စခန်းတွေနဲ့ အနီးကပ်ဆုံး နေရာယူထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်ခင်ဗျ။ တချို့ဆိုရင် ကျနော်တို့ KIA လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေကို နောက်ကနေပြီးတော့ အမြဲတစေ လိုက်ပြီးတော့ အကွက်ချောင်းတဲ့ ပုံစံမျိုးပေါ့ဗျာ။ သူ အဆင်ပြေရင် ပြေသလို၊ ပစ်ခတ်ချေမှုန်းရေး လုပ်မယ့်ပုံစံနဲ့၊ လိုက်လံချဉ်းကပ်ရင်းနဲ့ တိုက်ပွဲတွေ ဖြစ်တာများ တယ်ခင်ဗျ။ တချို့နေရာမှာဆိုရင် ကျနော်တို့ KIA တပ်စခန်းတွေနဲ့ ကိုက် ၄၀၊ ၅၀ အထိ သူတို့လာပြီးတော့ ကတုတ်ကျင်းတူးပြီးတော့ နေရာဝင်ယူကြတယ်။ တကယ်လို့များ ကျနော်တို့ဘက်က သည်းခံစိတ်မရှိဘဲ ပစ်ခတ်မယ်ဆိုရင် တိုက်ပွဲတွေ ကြီးကြီးမား မား ပြန်ဖြစ်သွားနိုင်တယ်။ ဒီလိုဟာမျိုး ပုံစံတွေကတော့ နေရာတကာ အနှံ့မှာ ရှိတယ်ခင်ဗျ။”

ဒီလိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပေမဲ့ တွေ့ဆုံဆွေးနွေးရေးကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

“အခုဖြစ်တဲ့ တိုက်ပွဲတွေကြောင့်တော့ ဆွေးနွေးပွဲက နှစ်ဘက်ဆန္ဒရှိမယ်ဆိုရင်တော့ ဘာမှ အဟန့်အတားဖြစ်မယ်လို့ မထင်ပါဘူး။ တကယ်လို့ ဆွေးနွေးဖြစ်မယ်ဆိုရင်လည်း ဒီကိစ္စအပေါ်မှာတော့ ဆွေးနွေးစရာ ရှိတယ်ခင်ဗျ။ ဒီကိစ္စတွေက ဒီလို ဆွေးနွေးရင်းနဲ့ပဲ တိုက်ပွဲတွေ လျော့ပါးသွားအောင် လုပ်ဆောင်ကြဖို့ဆိုတဲ့ ရည်မှန်းချက်လည်း ရှိပါတယ်။ ဒါကြောင့် တွေ့ဆုံမှုကတော့ ဒီတိုက်ပွဲတွေ ဖြစ်တဲ့အတွက်ကြောင့် ဟန့်တားတာမျိုး၊ ဆွေးနွေးပွဲ ဟန့်တားတာမျိုး မဖြစ်စေနိုင်ပါဘူးခင်ဗျ။”

KIO ပြောရေးဆိုခွင့်ရှိသူရဲ့ အစိုးရစစ်တပ်အပေါ် ပြောဆိုချက်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ဆင်ရေး အခြေအနေတွေကို ကကကြည်းက သတင်းအချက်အလက် ပေးပို့ထားတာ မရှိကြောင်း ပြောဆိုပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဟာ ဒီလ ၁၀ ရက်နေ့မတိုင်ခင် ဆွေးနွေး ဖို့အတွက် သဘောတူညီထားပေမဲ့ နိုင်ငံတကာ လေ့လာသူတွေ မတက်ရောက်နိုင် တာကြောင့် ဆွေးနွေးပွဲကို သင်္ကြန်နောက်ပိုင်း ကာလအထိ ရွှေ့ဆိုင်းထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အပြည့်အ၀ မရနိုင်သေးတာကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ကြားကနေ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အများအပြားဟာလည်း နေရပ် မပြန်နိုင်သေးဘဲ ဖြစ်နေကြပါတယ်။

လောလောဆယ်မှာတော့ ကုလသမဂ္ဂ လက်အောက်ခံ ဌာနတွေက မိုးမောက်မြို့ နယ်အတွင်းက မိုင်ဂျာယန်ဒေသဘက်ကို ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ဖို့ သွားရောက်နေပါတယ်။ ဒါပေမဲ့ ထောက်ပံ့ရေး ပစ္စည်းတွေသယ်ယူလာတဲ့ ယာဉ်တန်းဟာ လမ်းခရီးမှာ ကြန့်ကြာနေတယ်လို့လည်း KIO ရဲ့ ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါတယ်။

“ဒီနေ့လာမယ်လို့ သူတို့ဘက်က အကြောင်းကြားထားတာ ရှိပါတယ်။ ဒါပေမဲ့ မနေ့ညက သူတို့ ပြန်ပြောတာက နိုင်ငံခြားသားတယောက်ပါတယ်ဆိုတော့ ခွင့်ပြုချက် မရသေးဘူးတဲ့။ ဒါကြောင့် မရောက်သေးပါဘူးလို့ သတင်းပြန်ကြားပါတယ်။”

ဒီထောက်ပံ့ရေးယာဉ်တန်းဟာ ဘယ်နေ့ ရောက်လာမယ်ဆိုတာတော့ အသေအချာ မသိရကြောင်းလည်း ပြောပါတယ်။

KIOနဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ပွဲကာလအတွင်း မှာ ဒေသခံပြည်သူ ၁ သိန်းကျော်ဟာ ကချင်ပြည်နယ်က မြို့ကြီးတွေနဲ့ KIO ထိန်းချုပ်ရာ တရုတ-်မြန်မာနယ်စပ် ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကုလသမဂ္ဂ အပါအဝင် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေဟာ နယ်စပ်ဒေသ ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေဆီ သွားရောက်ဖို့ အခက်အခဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG