တရုတ်နိုင်ငံ တောင်ပိုင်းမှာ နန်မာဒိုလ် (Nanmadol) မုန်တိုင်းကို ဒီနေ့ ညနေပိုင်းမှာ ရင်ဆိုင်ရဖို့အတွက် အာဏာပိုင်တွေက စတင် ပြင်ဆင်နေကြပါပြီ။
ဒီ အပူပိုင်းမုန်တိုင်းဟာ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့အပြီး အခုလို တရုတ်ဘက်ကို ရွှေ့လာနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ မီဒီယာတွေကတော့ ထိုင်ဝမ် ရေလက်ကြားထဲက ကွမ်ဇူး (Quanzhou) မြို့ကြီးထဲမှာ လူပေါင်း ၄၀,၀၀၀ ကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေအဖြစ် ဖွဲ့ပေးထားပြီပြီလို့ ဆိုပါတယ်။ သောင်းနဲ့ချီတဲ့ ငါးဖမ်းသမားတွေကိုလည်း ဖူဂျီယန် (Fujian) ပြည်နယ်က ဆိပ်ကမ်းကို ပြန်လာကြဖို့ အမိန့်ပေးထားပြီး ထိုင်ဝမ်နဲ့ ပြေးဆွဲနေတဲ့ သင်္ဘောလိုင်းတခုကိုလည်း ရပ်ဆိုင်းထားပါတယ်။
အရာရှိတွေကလည်း လေယာဉ်ပျံသန်းမှု တချို့ကို ဖျက်သိမ်းထားလိုက်ပြီး ကျည်ဆန် အမြန်ရထားတွေကိုလည်း ဖြည်းဖြည်းမောင်းဖို့၊ ဒါမှမဟုတ် လုံးဝ ရပ်နားထားဖို့ အမိန့်ပေးထားကြောင်း ခရီးသွားတွေကို ကြိုတင် သတိပေးထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ အသေအပျောက် ဖြစ်စေခဲ့တဲ့ အိုင်ရင်းန် (Irene) ဟာရီကိန်း မုန်တိုင်းကြောင့် ရေကြီးတာတွေနဲ့ မီးပြတ်တာတွေကို ဆက်ရင်ဆိုင်နေကြရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံမြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်မှာ မြေပြိုစေခဲ့တဲ့ ဒီမုန်တိုင်းကြောင့် အမေရိကန်နဲ့ အခု တနင်္လာနေ့မှာ ရောက်သွားတဲ့ ကနေဒါနိုင်ငံမှာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြရပါတယ်။
အိမ်ခြေပေါင်း ၅,၀၀၀,၀၀၀ နဲ့ စီးပွားရေး လုပ်ငန်းတွေလည်း မီးပြတ်တဲ့ဒဏ် ခံနေရပြီး မီးပြန်ရဖို့ တပတ်ကြာနိုင်သေးတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။