သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲကြားပိတ်မိသူ ထိုင်းလူမျိုးတွေကို နေရပ်ပြန်ပို့


မြန်မာနိုင်ငံ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းတွေကို တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းဘက်ကို ပြန်ပို့ - Thai Special force
မြန်မာနိုင်ငံ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းတွေကို တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းဘက်ကို ပြန်ပို့ - Thai Special force

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ယောက်ကို ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ မြန်မာအာဏာပိုင်တွေက တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီလိုပြန်ပို့ခဲ့သူတွေထဲမှာ ထိုင်းအစိုးရ အလိုရှိနေသူ ၃ ယောက် ပါဝင်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို ထိုင်းနယ်ခြားကော်မတီ TBC တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ရှမ်းပြည်နယ် တာချီလိတ်အုပ်ချုပ်ရေးအဖွဲ့တွေဘက်က လက်လွှဲပေးသူတွေကို နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ Natee Thomsen ဗိုလ်မှူး နတီ သင်စင် ဦးဆောင်ပြီး လက်ခံခဲ့ပါတယ်။ ထိုင်းနိုင်ငံ မယ်ဆိုင် အမှတ် ၃၇ တပ်ဖွဲ့က တာဝန်ရှိသူတွေ၊ ထိုင်း-မြန်မာနယ်စပ်ကော်မတီ နဲ့ မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ထိုင်းဘက်ကို ပြန်ရောက်သွားတဲ့ အမျိုးသား ၂၃ ဦး အမျိုးသမီး ၁၈ ဦးကို ထိုင်းစစ်တပ်ဘတ်စ်ကားနဲ့ မယ်ဆိုင်မြို့က အမှတ် ၃၇ တပ်ရင်းအတွင်း ခေါ်ဆောင်သွားပြီး သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ သတင်းစာရှင်းပွဲအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းတာဝန်ရှိသူ Praphat Phopsuwan - ဗိုလ်ချုပ် ပရာဖတ် ဖုတ်ဆူဝမ်က ထိုင်းအစိုးရ အလိုရှိနေသူ ၃ ယောက်ပါတယ်လို့ အခုလိုပြောပါတယ်။

"အခုရောက်လာတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို လိုအပ်တဲ့ ဆေးကုသစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ စစ်ဆေးဖို့က သူတို့က မြန်မာအာဏာပိုင်တွေထံမှာ ရှိနေတုန်းကတော့ စစ်ဆေးလို့ မရသေးဘူး။ အခုတော့ သူတို့အားလုံးကို သက်ဆိုင်ရာ လဝကနဲ့ ရဲ မူခင်းတပ်ဖွဲ့ဝင်တွေက အသေးစိတ်ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့နေရာမှာ အမှန်တကယ် လူကုန်ကူးခံရသူနဲ့ ထိုင်းနိုင်ငံအတွင်း မူခင်းတွေကြောင့် တိမ်းရှောင်နေသူတွေ၊ ပြစ်မူကျူးလွန်ထားသူတွေကို ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ ၄၁ ဦးထဲမှာ ထိုင်းအစိုးရက အလိုရှိလို့ ဖမ်းစရမ်းထုတ်ထားတဲ့သူ သုံးဦးပါဝင်နေတာ တွေ့ရပါတယ်လို့ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။"

ထိုင်းနိုင်ငံသားတွေ နိုဝင်ဘာလ ၁၇ ရက် သောကြာနေ့ကတည်းက ရောက်လာဖို့ဖြစ်ပေမဲ့ မြန်မာဘက်က ပြန်လည်ပို့ဆောင်ဖို့ ကြန့်ကြာနေတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကျမှ ပြန်ပို့နိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကနေ ကယ်ထုတ်ဖို့ ကျန်နေတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော် ရှိနေသေးတယ်လို့လည်း ထိုင်းအစိုးရဘက်က ပြောထားပါတယ်။

XS
SM
MD
LG