တရုတ်နိုင်ငံ တောင်ပိုင်းကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှာစတင် ဝင်ရောက်နေပြီး ကမ်းရိုးတန်း ဒေသတွေကို ရိုက်ခတ်နေတာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေကြရပါတယ်။
တိုင်ဖွန်း Mujigae က တနာရီကို ၁၈ဝ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေပြီး မနက်ဖြန် တနလာၤနေ့မှာတော့ တချို့ဒေသတွေမှာ မိုးရေချိန် ၂၈ဝ မီလီ မီတာအထိ ရောက်ရှိမယ်လို့လည်း အမျိုးသား မိုးလေဝသ ဌာနက ကြေညာထားပါတယ်။ ဂွန်ဒေါင်းနဲ့ဟိုင်နန် ပြည်နယ်တို့မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားကြရဖွယ် ရှိနေပါတယ်။ သီတင်းတပတ်ကြာ တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် Mujigae တိုင်ဖွန်း ဝင်ရောက် တိုက်ခတ်မှုနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။ အပန်းဖြေ စခန်းတွေရှိတဲ့ ဟိုင်နန်ကျွန်းမှာလည်း ထောင်နဲ့ချီတဲ့ အားလပ်ရက်ခရီးထွက်ကြသူတွေ ရှိနေကြတာပါ။
မုန်တိုင်း Mujigae ဝင်ရောက် တိုက်ခတ်နေတာကြောင့် မော်တော်ဘုတ် ၄ သောင်းလောက်လည်း ဆိပ်ကမ်းဆီ ပြန်ကပ်ခဲ့ကြရတယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ အခု တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်နေတဲ့ မုန်တိုင်း Mujigae ကတော့ ကိုးရီးယား ဘာသာစကားနဲ့ အမည်ပေးထားတာ ဖြစ်ပြီးသက်တံလို့ အဓိပ္ပါယ်ရပါတယ်။