အရွယ်အစားကြီးမားပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတွေကို ဦးတည်ပြီး တဖြည်းဖြည့် ရွေ့လျားနေပါတယ်။ Vongfong မုန်တိုင်းအရှိန်ကြောင့် Okinawa ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်အားလိုင်းတွေ ပြတ်တောက်ခဲ့တဲ့အတွက် လူပေါင်းထောင်သောင်းချီ လျှပ်စစ်မီးမရဖြစ်နေကြပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၁၂ ယောက်ထက် မနည်းရှိသလို လေယာဉ်ခရီးစဉ်တွေလည်း ထိခိုက်နေပါတယ်။ စနေနေ့နှောင်းပိုင်းလောက်မှာ Okinawa ကျွန်းနဲ့ အနီးဆုံးနားအထိ မုန်တိုင်းဖြတ်သွားမယ်လို့ မိုးလေဝသခန့်မှန်းသူတွေ မျှော်လင့်ထားကြပါတယ်။
ရှေ့သီတင်းပတ်အစောပိုင်းလောက်မှာ Kyushu နဲ့ Honshu ကျွန်းတွေဖက်ကို မုန်တိုင်းဦးတည်သွားမယ်လို့ ခန့်မှန်းပါတယ်။ Vongfong တိုင်ဖွန်း မုန်တိုင်းဟာ ပြီးခဲ့တဲ့ရက်တွေမှာ အားပျော့သွားခဲ့ပေမဲ့လဲ လေပြင်းတိုက်နှုန်းက တနာရီကို ၁၄၅ မိုင်လောက်ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံဖက်ကို တနာရီ ၆ နိုင်နှုန်းလောက်နဲ့ ဦးတည်နေတဲ့ မုန်တိုင်းကြောင့် ရေကြီးနိုင်တဲ့အန္တရာယ်လည်း ရှိနေပါတယ်။ Vongfong မုန်တိုင်းဟာ တရုတ်လို နကျီကောင်လို့ အဓိပ္ပာယ်ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ Phanfone မုန်တိုင်းဒဏ်ကို ဂျပန်နိုင်ငံခံထားရပြီး အဲဒီမုန်တိုင်းတုန်းကလည်း အမေရိကန်စစ်မှုထမ်း ၃ ယောက် အပါအဝင် ၇ ယောက်သေဆုံးခဲ့ပါတယ်။