သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားတွေ နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ ပါဝင်ခွင့်


လက်ပံတန်းမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ (မတ်လ ၃၊ ၂၀၁၅)
လက်ပံတန်းမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ (မတ်လ ၃၊ ၂၀၁၅)

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးသင့်တယ်လို့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတဲ့(၇၇)နှစ်ပြည့်မြောက် နေ့မှာ ကျောင်းသားခေါင်းဆောင်ဟောင်းတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်ရာမှာ ဦးဆောင်ပါဝင်ခဲ့လို့ မြင်းစီးပုလိပ်တွေရဲ့လက်ချက်နဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကွယ်လွန်ခဲ့တာ ခုဆိုရင် (၇၇)နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကစပြီး မြန်မာနိုင်ငံမှာ ကျောင်းသားလှုပ်ရှားမှုကို အစိုးရတွေက နှိမ်နင်းခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းကလဲ ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို အစိုးရက အလုံးအရင်းနဲ့ ဖြိုခွင်းခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့စိတ်ဓါတ်ကို ကိုင်စွဲပြီး ဒီကနေ့အချိန်ထိ တိုင်းပြည်ရဲ့အကျိုး ပြည်သူလူထုအကျိုးအတွက် အလေးထားလုပ်ဆောင်ခဲ့ကြတယ်လို့ မြင်မိကြောင်း ၁၉၇၆ မှိုင်းရာပြည် တိုက်ပွဲဝင် ကျောင်းသားတဦးဖြစ်ခဲ့သူ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဗိုလ်အောင်ကျော်က ကျနော်တို့ရှေ့က လမ်းပြခဲ့တာဗျာ။ တိုက်ပွဲဝင်ရင်းကျဆုံးသွားတယ်။ ဒါတောင်မှ ဗိုလ်အောင်ကျော်က အင်္ဂလိပ်တွေက သေပါစေလို့ရိုက်တာမဟုတ်ဘူး။ မြင်းတပ်နဲ့ဖြိုခွဲတော့ သွေးလွန်ပြီးတော့ သေသွားတာ။ ကျနော်တို့သမိုင်းမှာတော့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကြိုးပေးသတ်တယ်။ အဲဒီလိုမျိုးတွေ ဆက်တိုက်ဖြစ်နေတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့ ၇၇ နှစ် မြောက်မှာလည်း ဗိုလ်အောင်ကျော်တို့ကိုင်စွဲခဲ့တဲ့ ဒီမိုကရေစီပညာရေး စနစ်တည်ဆောက်ရေးတိုက်ပွဲကြီးကို နောက်မျိုးဆက်ကျောင်းသားတွေက ဆက်လက်တိုက်ပွဲဝင်နေစဲပဲဖြစ်တယ် ဆိုတာကို ကျနော်အသိအမှတ်ပြုပြောကြားချင်ပါတယ်။”
တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ ကျောင်းသားတွေကို ပါဝင်ခွင့်ပေးသင့်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့က ၁၉၆၂ ကတည်းက စနစ်သစ်ပညာရေးဆိုပြီးတော့ စစ်ကျွန်ပညာရေးစနစ်ကိုထူထောင်လာလိုက်တာ ယနေ့အချိန်အထိလည်း ကျနော်တို့က ဒီသံသရာထဲက မလွှတ်ပါဘူး။ လက်ရှိအချိန်မှာကျောင်းသားတွေက ဒီမိုကရေစီပညာရေးစနစ်ကို ရိုးရိုးသားသားတောင်းဆိုတာကို မတရားဖိနှိပ်ခြေမှုန်းပြီးတော့ ထောင်ထဲထည့်ထားတယ်။ ဒါလုံးဝမဖြစ်သင့်ဘူး။ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်ကြီးပေးပြီးတော့ ကျောင်းသားတွေကို စာသင်ခန်းထဲကိုပြန်ခွင့်ပေးပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခွင့်ပြုသင့်တယ်လို့ ကျနော်ယုံကြည်တယ်ဗျာ။”

အစိုးရက ဖိနှိပ်မှုတွေလုပ်ပေမယ့်လဲ ကျောင်းသားလှုပ်ရှားမှုတွေကတော့ ဆက်ရှိနေဆဲပါ။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှု ပေါ်ပေါက်လာချိန် နိုင်ငံတည်ဆောက်ရေးမှာ ကျောင်းသားတွေ ရဲ့ပါဝင်မှုကလဲ ပိုပြီးပီပြင်လာလိမ့်မယ်လို့ ၈၈၈၈ ကျောင်းသားလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ အရင်ဆုံးစခဲ့တာလည်းကျောင်းသားတွေပဲ။ ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ကျောင်းသားတွေရဲ့ပါဝင်မှုအခန်းကဏ္ဍမြင့်မားတယ်။ အစဉ်တစိုက်ပါဝင်ခဲ့တယ်။ အဲဒါကလည်းဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်ရဲ့ အာဏာတည်မြဲရေးအတွက်ပြည်သူတရပ်လုံးကို ဖိနှိပ် နှိပ်စက်နေတဲ့ အချိန်မှာ ကျောင်းသားတွေက ဒီအတိုင်းမကြည့်နိုင်လို့ အမျိုးသားရေးအခန်းကဏ္ဍ၊ နိုင်ငံရေးကဏ္ဍမှာကျောင်းသားတွေပါဝင်နေရတာ။ အကယ်၍သာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်သွားတဲ့ထိရောက်သွားပြီဆိုရင်တော့ ကျောင်းသားတွေရဲ့ စစ်မှန်သောအခန်းကဏ္ဍက ခိုင်ခိုင်မာမာပေါ်လာမှာပဲ။”

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ၁၉၁၅ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့က အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာမှာမွေးဖွားခဲ့တာပါ။ အလယ်တန်းပညာကို ဟင်္သာတမြို့နယ် မယ်ဇလီကုန်း အမျိုးသားကျောင်းကနေ အောင်မြင်ခဲ့ပြီး အထက်တန်းကိုတော့ ဟင်္သာမြို့ကနေ အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်မှာ ဥပစာတန်းတက်နေတုန်း ကျောင်းသားတွေကို ဖိနှိပ်တဲ့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်အတွင်းဝန်ရုံးကို ပိတ်ဆို့ဆန္ဒပြချိန် မြင်းစီးပုလိပ်တွေရဲ့ရိုက်နှက်မှုနဲ့ သွေးလွန်ပြီး ကွယ်လွန်ခဲ့ရသူ ဖြစ်ပါတယ်။

XS
SM
MD
LG