သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြကျောင်းသားတချို့ ကျန်းမာရေးစိုးရိမ်ရ


အကျဉ်းထောင်တွင်း ထိန်းသိမ်းခံနေရစဉ် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ အခြေအနေဟာ စိုးရိမ်စရာ ရှိနေပါတယ်။ ဒီကနေ့ ရုံးထွက်မှာ အစာငတ်ခံဆန္ဒပြသူတဦး အခြေအနေဆိုးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ အထိန်းသိမ်းခံ ကျောင်းသားတွေရဲ့ လွတ်မြောက်ရေး အခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အထိန်းသိမ်းခံ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ဦးဆောင်ပြီး ဖမ်းဆီးခံကျောင်းသားတွေ အသုတ်လိုက် အစာငတ်ခံ ဆန္ဒပြနေကြတာ အခုဆို အချို့က ၁၀ ရက် ကျော်လာပါပြီ။ ဒီကနေ့ သာယာဝတီရုံးထုတ်ချိန်မှာတော့ ဗကသကျောင်းသားတဦးဖြစ်တဲ့ ကိုဖြိုးဓနချစ်လင်းသိုက် ဟာ ကျန်းမာရေးအခြေအနေ ဆိုးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးအထိ ပို့ဆောင်လိုက်ရတယ်လို့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရှိန်းရာဇာထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ဆိုရင် ကိုဖြိုးဓနချစ်လင်းသိုက်က ဝမ်းအမဲတွေ သွားတယ်ပေါ့နော်။ သူက အစာအိမ်ရောဂါလည်းရှိတယ်။ အစာအိမ်သွေးကြောပေါက်တာလို့ ကျနော်တို့ကတော့ ယူဆတယ်။ အခုဆိုရင် ရန်ကုန်ဆေးရုံကြီးကို သူ့ကို လွှဲပြောင်းနေတယ်ပေါ့နော်။ ဆိုလိုချင်တာ ကျန်းမာရေးအရ ကျနော်တို့ စိုးရိမ်မှုရှိပါတယ်။ ကိုဖြိုးဓနချစ်လင်းသိုက်ပေါ့နော်။ သူက တောင်ငူတက္ကသိုလ်ကပေါ့နော်။ သူ့ကို သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲနေပါတယ် အခု ရန်ကုန်ဆေးရုံကြီးကို သွားတဲ့ လမ်းမှာပဲ ရှိသေးတယ်ပေါ့နော်။”

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ အဲဒီကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့ လက်ပံတန်းမြို့မှာ လုံခြုံရေးတပ်တွေနဲ့ ပိတ်ဆိုပြီး အင်အားသုံး ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ အဲဒီအထဲမှာ ကျောင်းသားအချို့ပဲ လွတ်မြောက်သေးပြီးတော့ ကျောင်းသားခေါင်းဆောင်ပိုင်း အတော်များများကတော့ ဖမ်းဆီးခံထားရဆဲ ရှိပါတယ်။ သူတို့ကို တရားရုံးထုတ် စစ်ဆေးနေပေမဲ့ တရားရုံးကြားနာမှုတွေ အသေအချာ မရှိသေးပါဘူး။ ဒီကြားထဲမှာပဲ ထိန်းသိမ်းခံကျောင်းသားအချို့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုပြီး အခုလို အစာငတ်ခံ ဆန္ဒပြလာကြတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရမှု ရှိလာတာကြောင့်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အနည်းအကျဉ်းတော့ မျှော်လင့်စရာ ရှိလာတယ်လို့ ကိုရှိန်းရာဇာထွန်းက ပြောပါတယ်။

“အများကြီး မဟုတ်ပေမဲ့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘာလို့ မျှော်လင့်လဲဆိုတော့ ပုံမှန် နိုင်ငံရေးလုပ်ငန်းစဉ် တခုအရလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ်တရပ် ထွက်လာရင်၊ ပေါ်လာရင်ပေါ့နော် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်လေ့ရှိတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ အမြဲတမ်း တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုနဲ့ နိုင်တယ်ဆိုတော့ ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်၊ ဖြေရှင်းလိမ့်မယ်လို့ ကျနော်ကတော့ မြင်တယ်။ ပြီးတော့ ကျနော်တို့နဲ့နီးစပ်တဲ့ ကျနော်တို့နဲ့ ရင်းနှီးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စကို ဆောင်ရွက်ပေးပါမယ်ဆိုတာမျိုး ကျနော်တို့ကို နှုတ်ကတိပြောဆိုဆွေးနွေးထားတာ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ အတိုင်းအတာတခုထိ မျှော်လင့်ထားပါတယ်။”

သမတဦးသိန်းစိန်အစိုးရအနေနဲ့ သူ့လက်ထက်တွင်း နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့သလိုပဲ၊ ဒီလူတွေနဲ့အတူ ရာဇဝတ်အကျဉ်းသား အများအပြားကိုပါ လွှတ်ပေးတာကြောင့် မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေ ထူပြောလာတယ်လို့ ဝေဖန်မှုတွေ ခံနေရတာပါ။ တဘက်မှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကိုလည်း သမ္မတ ဦးသိန်းစိန်အစိုးရ တရားဝင် အသိအမှတ်ပြု လက်ခံတာ မရှိပါဘူး။ လက်ရှိအားဖြင့်ဆိုရင် ကျောင်းသားတွေ တတ်ကြွလှုပ်ရှားသူတွေနဲ့ လယ်သိမ်းယာသိမ်းကိစ္စတွေမှာ ဆန့်ကျင်လှုပ်ရှား ဆောင်ရွက်သူတွေ စုစုပေါင်း နှစ်ရာဝန်းကျင် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

XS
SM
MD
LG