သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် ပါတီ နိုင်ငံရေး ဝင်သင့်လား


၈၈ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမိုးသီးဇွန် ကိုမင်းကိုနိုင်၊ ကိုမောင်မောင်ကျော်နဲ့ ကို ကိုကိုကြီးတို့ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံစဉ်။ (Photo Credit to ကိုမောင်မောင်ကျော် FB)
၈၈ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမိုးသီးဇွန် ကိုမင်းကိုနိုင်၊ ကိုမောင်မောင်ကျော်နဲ့ ကို ကိုကိုကြီးတို့ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံစဉ်။ (Photo Credit to ကိုမောင်မောင်ကျော် FB)

မြန်မာနိုင်ငံမှာ ၈၈ လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တာ ဒီနေ့ဆိုရင် ၂၆ နှစ် တင်းတင်းပြည့်သွားပါပြီ။ ၈၈ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့နိုင်ငံရေးထဲ ပါတီနိုင်ငံရေးပုံစံနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့လိုမယ်လို့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့က သုံးသပ်ပြောဆိုပါတယ်။ ၈၈ လှုပ်ရှားမှုနဲ့ ယနေ့ နိုင်ငံရေး အခြေအနေတွေကို ပြည်ပရောက် ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုမောင်မောင်ကျော်တို့ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။ အပြည့်အစုံတင်ဆက်ပေးပါမယ်။

၈၈ လူထုလှုပ်ရှားမှုကြီးကို ကျောင်းသားတွေက စခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဝန်ထမ်းတွေ အလုပ်သမားတွေ တောရော မြို့ပါမကျန် ပြည်သူတရပ်လုံးနီးပါး ပါဝင်ပြီး ဒီမိုကရေစီရေးကို တောင်းဆိုခဲ့ကြတာမို့၊ မြန်မာနိုင်ငံမှာ ၁၃၀၀ ပြည့် အရေးတော်ပုံပြီးရင် ၈၈ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံး လူထုလှုပ်ရှားမှုဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေ သုံးသပ်ထားပါတယ်။ ၈၈ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်တဲ့ကိုမိုးသီးဇွန် ကိုယ်တိုင်က အဲဒီအချိန်တုန်းက အဲ့လောက် လူထုပါဝင်မှု များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

"အဲ့ဒီနေ့က လူတွေ သိန်းနဲ့ချီပြီးတော့ ကျနော်တို့ သင်္ဃန်းကျွန်းမြို့နယ် ကနေပြီးတော့ ဒီလူအုပ်ကြီးဟာ မြို့တော်ခမ်းမအထိ ကျနော့် စိတ်ထဲမှာတော့ ဒီ လူတစ်သိန်းလောက်ပဲ အောင်းမေ့တာပေါ့လေ။ ဒီလူအုပ်ကြီးတောင် ကျနော့်အတွက်က များနေပြီ။ ကျနော်ထင်ထားတာထက်ကို များနေပြီ။ ဟိုလည်းရောက်ရော ရောက်သွားရော တကယ့်ကို လူပင်လယ်ကြီးကို သွားတွေ့တယ်။ သွားတွေ့တော့တာပဲ"

၈၈ ရဲ့ထူးခြားချက်ကို ပြောမယ်ဆိုရင် ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ အားလုံးဟာ ပါတီစွဲ အယူစွဲတွေမထားပဲ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကို တညီတည်း တသံတည်း ဆန့်ကျင်ခဲ့ကြတာလို့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမောင်မောင်ကျော်က သုံးသပ်ပါတယ်။

"ကျနော်တို့ ဒီ ၈၈ ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ တစ်ခုပေါ့နော်။ ဒီပါတီ အဖွဲ့အစည်း အဲ့လို တစ်ခုတည်းရဲ့ ဦးဆောင်မှုနဲ့ ပါလာတာ မဟုတ်ဘဲနဲ့ လူတွေက ကိုယ်စီအသိနဲ့ ပါလာပြီးတော့ ဒီ တိုက်ပွဲ လမ်းကြောင်း တစ်ခုထည်းကို အလိုအလျှောက် ပါလာကြတာ။ အဲဒါဟာ ဘာလဲဆိုတော့ ကျနော်တို့ ပါဝင်လာတဲ့ အင်အားစု အသီးသီးမှာ ရှိတဲ့ အတွင်းစိတ်တွေ မသိစိတ်တွေကနေ ပေါင်းစည်းမိသွားတာဗျ"

တကယ်တော့ ၈၈ လူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီး အာဏာ သိမ်းယူခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး နှစ်အတော်ကြာပြီးမှ အခု တဖြည်းဖြည်း အရပ်သားအစိုးရအသွင်ပြောင်းလာတာဖြစ်ပါတယ်။ အဲဒီကာလ ဒီကြေကွဲစရာဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူရမယ့် မှတ်တမ်းတွေ ဖြစ်သင့်တယ်လို့ ကိုမောင်မောင်ကျော်က ပြောပါတယ်။

"လုံးဝ မမေ့နိုင်ပါဘူး။ ဒါကြီးဟာ အင်မတန်မှ ဆိုးဝါးတဲ့ ပုံရိပ်တွေဆိုတော့လေ။ ဒါကိုလည်းပဲ မေ့ကြပါဆိုပြီးတော့ ကျနော် ဘယ်တော့မှ ဘယ်သူ့ကိုမှ မတိုက်တွန်းခဲ့သလို အဲဒီလို တိုက်ထွန်းတဲ့ လူတွေကိုလည်း အားမပေးပါဘူး။ ဒါဟာ မေ့ပျောက်ရမယ့်ကိစ္စမဟုတ်ဘူး။ ဒါဟာ ကျနော်တို့ သမိုင်းရဲ့ သင်ခန်းစာလည်းဖြစ်တယ်။ အုပ်ချုပ်တဲ့ သူတွေအနေနဲ့လည်း ဒီဥစ္စာကြီးကနေ သူတို့ သင်ခန်းစာယူသင့်တယ်"

၈၈ လူထုလှုပ်ရှားမှုဟာ အနိုင်ရလား၊ ရှုံးခဲ့ပြီလား။ ကိုမိုးသီးဇွန်ကတော့ ၈၈ ဟာ မပြီးသေးတဲ့ တိုက်ပွဲဆိုပြီး ပြောသွားပါတယ်။

"ကျနော်တို့ လိုလားချက်တွေ ဘာမှ မရသေးတဲ့ အတွက် ကျနော်တို့ ရှစ်လေးလုံး လှုပ်ရှားမှုကြီးဟာ မပြီးဆုံးသေးသော လှုပ်ရှားမှုကြီးလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ဒါကို အနိုင်အရှုံးလို့ ကျနော်တို့ ပြောလို့ မရသေးဘူး"

အခု လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွေဟာ ၈၈ လူထုလှုပ်ရှားမှုရဲ့ ရလာဒ် တစိတ်တပိုင်းဖြစ်တယ်လို့လည်း ကိုမောင်မောင်ကျော်က မြင်ပါတယ်။ ဒါကြောင့်လည်း ၈၈ လူထုလှုပ်ရှားမှုရဲ့ လိုလားချက်တွေ အတွက် မျှော်လင့်ချက်ကောင်းတွေ မြင်နေရတယ်လို့သူက ယူဆပါတယ်။ ဒီလို အပြောင်းအလဲတွေ ပိုဖြစ်လာဖို့အတွက်လည်း အခုလက်ရှိ နိုင်ငံရေးထဲမှာ ၈၈ မျိုးဆက်တွေရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ ပါဝင်လာဖို့လိုတယ်လို့ ကိုမောင်မောင်ကျော်က ပြောပါတယ်။

"ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ဆိုပြီးတော့ ဒေါင်ဒေါင်မြည် လောက်လောက်လားလား တစ်ခါတည်း အားကောင်းမောင်းသန် နိုင်ငံရေးပါတီဆိုတာ မရှိသေးဘူးဗျ။ အဲ့လိုမရှိတဲ့ အတွက်ကြောင့် နိုင်ငံရေးသမားဆိုတာလည်း ယနေ့အတိုက်အခံထဲမှာ ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်ရဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဆိုတာ မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ အဲ့လို ဦးဆောင်မှု ကဏ္ဍမှာ ပါဝင်နိုင်ဖို့ အခြေအနေတော့ရှိတယ်။ သို့သော် ဦးဆောင်မှု အခန်းကဏ္ဍမှာ မရှိသေးဘူးလို့ ကျနော်မြင်တယ်"

၈၈ မျိုးဆက်တွေ နိုင်ငံရေးပါတီထောင်သင့်တယ်လို့ ကိုမောင်မောင်ကျော် ကပြောပေမယ့်၊ ကိုမိုးသီးဇွန်ကတော့ ၈၈ မျိုးဆက်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲ ဝင်ရောက် လှုပ်ရှားကြဖို့လိုမယ်လို့ သူက ယူဆပါတယ်။

"လက်တွေ့အနေအထားမှာ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ အနေနဲ့ အဓိက နိုင်ငံရေးရဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ သူတို့မရှိသေးပါဘူး။ အဲဒီတော့ အယ့်ဒီနေရာကို ရောက်လာအောင် ကြိုးစားဖို့လိုတယ်လို့ ကျနော့် အနေနဲ့ တိုက်တွန်းချင်တယ်။ ကျနော် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောရရင်တော့ ရှစ်ဆယ့်ရှစ် မျိုးဆက်ပြည်တွင်းရဲ့ ခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ဝင်ရမယ်ဗျ။ ဘယ်လိုနေရာမျိုးကဖြစ်ဖြစ် သူတို့ ဝင်ရမယ်။ သူတို့ သက်ဆိုင်ရာမြို့နယ်အသီးသီးကနေ ဝင်ရမယ်။ အဲဒါ ကျနော့်ရဲ့ တိုက်တွန်းချက်ပဲ။ အဲဒီ အပေါ်မှာဘာမှ ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲတွေ မပါဘူး။ လက်တွေ့နေရာမှာ အဖြစ်နိုင်ဆုံး အနေအထားပေါ့"

တကယ်တော့ ၈၈မျိုးဆက်လှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့ပြီးတဲ့နောက်ပိုင်း ၈၈ မျိုးဆက်ကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဟာ ပြည်တွင်း ပြည်ပ ထောင်ထဲ တောထဲ စသဖြင့် ပြန့်ကြဲသွားခဲ့တာပါ။ ဒါကြောင့်လည်း ဒီနေ့အခြေအနေမှာ တစုတစည်းတည်းပုံစံတော့မတွေ့ရသေးပါဘူး။

ဒါပေမယ့်လည်း မနှစ်က ၈၈ လှုပ်ရှားမှု ၂၅နှစ်မြောက်နှစ်ပတ်လည်မှာ အဲဒီအစုအဖွဲ့တွေ စုစည်းပြီး ငွေရတုအခမ်းအနားပြုလုပ် ၈၈မျိုးဆက်ရဲ့ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက်တွေ ဆိုပြီး ချမှတ်ခဲ့တာရှိပါတယ်။ အခု ဒီနှစ်ကျရောက်တဲ့ ၂၆ နှစ်မြောက်နှစ်ပတ်လည်အဖြစ်လည်း ရန်ကုန် မန္တလေးမှာ ၈၈ မျိုးဆက်အစုအဖွဲ့တွေရော စုစည်းပြီး နှစ်ပတ်လည်အခမ်းအနားတွေ လုပ်ဆောင်ဖို့ရှိသလို၊ ပြည်ပမှာလည်း ပြည်ပရောက် ၈၈ တွေ စုစည်းပြီး အခမ်းအနားတွေ လုပ်ဆောင်ကြဖို့ရှိပါတယ်။

XS
SM
MD
LG