သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ပြည်မြို့ ဝင်ရောက်


မန္တလေးကရန်ကုန်ကို ချီတက်နေတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပြည်မြို့ဒေသခံတွေက ဘုရားကြီးတိုးချဲ့ဆည်မြောင်းဝန်းအနီးမှာ ကြိုဆိုကြစဉ်။ (ဖေဖေါ်ဝါရီ ၉၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ fb)
မန္တလေးကရန်ကုန်ကို ချီတက်နေတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပြည်မြို့ဒေသခံတွေက ဘုရားကြီးတိုးချဲ့ဆည်မြောင်းဝန်းအနီးမှာ ကြိုဆိုကြစဉ်။ (ဖေဖေါ်ဝါရီ ၉၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ fb)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ရင်း မန္တလေးကနေ ရန်ကုန်ကို ဦးတည်ချီတက်လာနေကြတဲ့သပိတ်စစ်ကြောင်းဟာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ် ယုန်ဖြူတောင်နားမှာ အတားအဆီးတွေနဲ့ ကြုံခဲ့ရပေမယ့် လူအင်အားနဲ့ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့နည်းပညာတက္ကသိုလ်ကျောင်းသား ၆၀၀ ကျော် အပါအဝင် ပြည်မြို့က လူမှုအဖွဲ့အစည်းတွေပါ ပူးပေါင်းချီတက်လာတဲ့ လူအင်အား ထောင်နဲ့ချီရှိတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို မကွေးတိုင်းနဲ့ပဲခူးတိုင်းကြားမှာရှိတဲ့ ယုန်ဖြူတောင်နားမှာ အာဏာပိုင်တွေက တားဆီးထားခဲ့ပါတယ်။ ဒီလို တားဆီးမှုမျိုးကို တောင်သာမြို့မှာလည်း ကြုံခဲ့ရဖူးပြီး ကျောင်းသား၊ သံဃာ၊ လူထုအားနဲ့ ဖြတ်ကျော်နိုင်ခဲ့ကြောင်း ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုက အခုလို ပြောပါတယ်။

“ပြည်သူလူထု ကျနော်တို့ဘက်မှာရှိတယ်။ ပြီးတော့ ကျောင်းသားထုရဲ့ ညီညွတ်မှုအင်အားနဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခု ပြည်နည်းပညာ တက္ကသိုလ်ရော၊ ပြည်တက္ကသိုလ်ရောက ကျောင်းသူကျောင်းသားတွေ ကျနော်တို့ကိုလာကြိုတယ်။ အခြေခံပညာကျောင်းသားတွေလည်း လာကြိုတယ်။ ပြည်သူတွေလည်း လာကြိုတယ်။ ဒီလိုညီညွတ်မှုအင်အားရှိတယ်ဆိုလို့ရှိရင် ကျနော်တို့လိုချင်တဲ့တိုက်ပွဲဟာ အောင်ကိုအောင်ရမယ်လို့ ကျနော်တို့ ယုံယုံကြည်ကြည်ပြောနိုင်တယ်။”

အဲဒီလို ယုန်ဖြူတောင်နားက အတားအဆီးတွေကို ကျောင်းသားတွေက ဘယ်လို ဖြတ်ကျော်ခဲ့ကြသလဲဆိုတာကို အဲဒီနေရာမှာ သတင်းယူဖို့ ရောက်နေတဲ့ ကျမတို့ရဲ့ဗွီအိုအေသတင်းထောက် ကိုစည်သူက အခုလို ပြောပါတယ်။

“သပိတ်စစ်ကြောင်းက မကွေးတိုင်းနဲ့ပဲခူးတိုင်းနဲ့အစပ်က ယုံဖြူတောင်မှာ သံဆူးကြိုးတွေချပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက တားထားတဲ့သဘောပါ။ အစကတော့ ဥပဒေကြောင်းကိစ္စတွေကို ပြောပြချင်လို့ဆိုပြီးတော့ အကြောင်းပြချက်နဲ့တားထားတာပါ။ အဲဒီတားထားတာကို သပိတ်စစ်ကြောင်းက ရှေ့ကနေရောက်လာတဲ့ကားတစ်စီးနဲ့ ရှေ့ပြေးကားက အတင်းဖယ်ခိုင်းတယ်။ အဲဒီမှာ ဖယ်ပေးပါ..ဘာ..ညာ တောင်းဆိုပြီး မရတဲ့အခါကျတော့ သူတို့ဖာသာသူတို့ပဲ အဲဒါကြီးကို မ,ပြီးတော့၊ သံဆူးကြိုးတွေ ကာထားတဲ့ဟာကို မ,ပြီးတော့ ၊ ဖယ်လိုက်ပြီးတော့ ကားက အထဲကို အတင်းတိုးဝင်သွားတယ်။ ပြီးတော့ လမ်းလျှောက်လာတဲ့ သပိတ်စစ်ကြောင်းက နောက်ကနေပြီး လူအုပ်ကြီးက တားထားတဲ့အုပ်ချုပ်ရေးမှူးအပါအဝင် တခြား လူတွေတားထားတာကို သူတို့က လူအုပ်ကြီးနဲ့ပဲ ဘာမှ စကားပြောမနေတော့ဘဲနဲ့ ဖယ်ပေး၊ ဖယ်ပေး..ဆိုပြီးတော့ပဲ ဖောက်ပြီးတော့ ဝင်သွားတဲ့သဘောပါ။”

ပြည်မြို့ဟာ မကြာခနဆိုသလို နိုင်ငံရေး၊ လယ်သမားအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် အာဏာပိုင်တွေက သတိထား အာရုံစိုကခံနေရတဲ့မြို့ဖြစ်ပါတယ်။ မနေ့ကတော့ ပြည်တက္ကသိုလ် အင်္ဂလိပ်စာ ဒုတိယနှစ်ကျောင်းသား တက်ကြွလှုပ်ရှားသူ ကိုသန့်စင်ထက်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။

တချိန်တည်းမှာပဲ ဧရာဝတီသပိတ်စစ်ကြောင်းနဲ့ မအူပင်ကျောင်းသားတွေ ပူးပေါင်းလိုက်ကြပြီး ဆက်လက်ချီတက်နေသလို မြိတ်ကျောင်းသားသမဂ္ဂ ကလည်း ဒီနေ့မှာ မြိတ်မြို့အတွင်းမှာပဲ စတင်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး မကြာခင်မှာ ခရီးရှည်ချီတက်လမ်းလျှောက်နေတဲ့ သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းရေး ဆွေးနွေးတိုင်ပင်နေတယ်လို့ ဆိုပါတယ်။ အလားတူ တနင်္သာရီ၊ ထားဝယ်စစ်ကြောင်းကလည်း မွန်ပြည်နယ်က ကျောင်းသားတွေနဲ့ပူးပေါင်းပြီး ဧရာဝတီ စစ်ကြောင်းကနေ ချီတက်မယ်လို့သိရပါတယ်။ ပခုက္ကူ၊ မြေလတ်ဘက်က ကျောင်းသားသပိတ်စစ်ကြောင်းကတော့ မကွေးတိုင်းထဲမှာပဲ ရှိနေပါသေးတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်နေတဲ့ ကန့်ကွက်ဆန္ဒပြပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ခဲ့ပြီး အတားအဆီးတွေ၊ ခြိမ်းခြောက်မှုတွေကြားကပဲ တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေနဲ့ ခရီးဆက်နေတာကို တွေ့ရပါတယ်။

အာဏာပိုင်တွေဘက်က မြင်းခြံနဲ့တောင်သာကြားက နန်းမြင့်တောင်ကြားမှာ တခါတားဆီးခဲ့ပြီး တောင်သာနဲ့ဝဲလောင်ကြားမှာလည်း တားဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ယုန်ဖြူတောင်နားမှာ တားဆီးခဲ့တာဖြစ်ပါတယ်။

အတားအဆီးတိုင်းမှာ အာဏာပိုင်နဲ့ကျောင်းသားတွေကြား ညှိနှိုင်းတာသိပ်မရှိခဲ့ဘဲ တားဆီးနေတဲ့ကြားက ဖြတ်ကျော်ခဲ့တာတွေပဲရှိတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဥပဒေကြောင်းနဲ့မညီညွတ်တဲ့ ကျောင်းသားသပိတ် လှုပ်ရှားမှုအဖြစ် ပြောဆိုခဲ့ပြီး စာမေးပွဲဖြေရမယ့်အချိန်ဖြစ်တာကြောင့် ပညာရေးထိခိုက်မှာစိုးရိမ်ကြောင်း၊ တိုင်းပြည်မတည်ငြိမ်မှုတွေဖြစ်အောင် အဖွဲ့အစည်းတွေ၊ အစွန်းရောက်သူတွေက ကြိုးကိုင်မှုတွေပါနေတဲ့အကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားသပိတ်စစ်ကြောင်းဖြတ်သွားရာမြို့နယ်တိုင်းက အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူတွေက ပူးပေါင်းချီတက်ခဲ့ကြသလို တမြို့နဲ့တမြို့ကြားမှာ အန္တရာယ်မရှိရအောင် ရောက်လေရာမြို့နယ်အသီးသီးက အရပ်သားလူထုက ဝန်းရံကာကွယ် ပေးကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ကျောင်းသားတွေက သပိတ်မှောက်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရဘက်က ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရက် ၆၀ ကျော်လာပေမယ့် အစိုးရဘက်က ဘာမှ တစုံတရာ အရေးယူဖြေရှင်းပေးတာ၊ စေ့စပ်ညှိနှိုင်းတာတွေ မပြခဲ့တဲ့အတွက် မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG