အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ သပိတ်မှောက် ကျောင်းသားတွေ နဲ့ ပတ်သက်လို့ မြန်မာအစိုးရ ရဲ့ သတင်း ထုတ်ပြန်တာကို သပိတ်မှောက်ကျောင်းသားတွေက ပယ်ချခဲ့ပြီး ဒီလို ထုတ်ပြန် လိုက်တာဟာ ဆိုရင် သူတို့ကို နှိမ်နင်းဖို့အတွက် အစိုးရဘက်က ပြင်ဆင် တာဖြစ်တယ်လို့လည်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ အမျိုးသားပညာရေး ဥပဒေကို အကြောင်းပြုပြီး တချို့ နေရာဒေသမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်းနဲ့ စစ်မှန်တဲ့ ပညာရေးဆိုင်ရာ ဆန္ဒတွေကို အစိုးရအဖွဲ့က လွတ်တော်ကို တင်ပြပြီး ဆောင်ရွက်နိုင်တာတွေ ကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။
ပညာရေး ဆိုင်ရာကိစ္စတွေကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေ ရန် ကျောင်းသား လူငယ်များကို အသုံးချ ကျောင်းသား အမည်ခံ သူများ၊ နောက်ကွယ် မှ ကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေး အားမြှောက် ပြုနေ တဲ့ နိုင်ငံရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေ တာကို တွေ့ရှိရကြောင်း ဒီအတွက် မိဘပြည်သူတွေ အစိုးရနဲ့ ပူးပေါင်း ကူညီဖို့ ပြောဆိုထားချက်တွေကို ပင်မ သပိတ် စစ်ကြောင်းခေါင်းဆောင် တဦးဖြစ်တဲ့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပယ်ချခဲ့ပါတယ်။
"ကျောင်းသားမဟုတ်တဲ့လူတွေက နောက်ကွယ်က ကြိုးကိုင်ပြီးတော့ ဆူပူ လှုပ်ရှားမှုတွေ ဖန်တီးနေတယ်ဆိုတဲ့သဘောမျိုး သက်ရောက်အောင် ရေး ထားပြီးတော့ မိဘပြည်သူတွေ သူတို့နဲ့ ပူးပေါင်းကြပါ သူတို့ဘက်က ရပ်ကြပါဆိုတာ တနည်းအားဖြင့်ပြောရင် ကျနော်တို့ကို ပြည်သူလို့ အယောင်ဆောင်ပြီးတော့ လူအုပ်စုကြီးတစ်ခုကနေ ကျနော်တို့ကို လာပြီးတော့ တိုက်ခိုက်အောင်လို့ တမင်တကာ ပြင်ဆင်နေတဲ့ ကစားကွက်တစ်ခုလို့ပဲ ကျနော်တို့ကသွားပြီးမြင်တယ်။ အဲဒီတော့ ဒါဟာ မရိုးသားဘူး။ ဒီ ကြေညာချက်ကို အစ အဆုံး အယုံအကြည်မရှိဘူး။ ကျနော်တို့ကို ဖမ်းဖို့ဆီးဖို့ ဒါမှမဟုတ် ရိုက်ဖို့ နှက်ဖို့ အကြမ်းဖက်ဖို့ အကွက်တစ်ခု ခင်းနေပြီ ပြင်ဆင်နေပြီလို့ ။ အာဏာပိုင် လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ သူတို့လက်ထဲမှာ လက်နက်ရှိသူတွေကနေ ဒီကလေးတွေရဲ့ အန္တရာယ်ကို တာဝန်မယူဘူးလို့ ပြောတာ သူတို့က ဒီကလေးတွေကို ရိုက်မယ် ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ် လို့ ပြောတာနဲ့ အတူတူပဲ။
အဲ့လိုစကားမျိုးတွေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တာဟာ တော်တော်ကြီးကို မှားကို မှားနေပြီ။ ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်လို့ရှိရင် သူတို့အတွက် နောင်တရစရာ အချိန်မရှိတော့ဘူး ဆိုတာပဲ ကျနော်ပြောချင်တယ်။ အဲဒါမျိုးလုပ်ရပ်ကို လုံးဝမလုပ်ပါနဲ့။ ကျနော်တို့ မိဘပြည်သူတွေကို ကျီးလန့်စာစားဖြစ်အောင် ထိပ်လန့် ခြောက်ခြားအောင် လုပ်နေတာ အာဏာပိုင် အစိုးရပဲ။ ကျောင်းသားတွေ မဟုတ်ဘူး"
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါတဲ့ ဥပဒေနဲ့ မညီဘူးဆိုတာဟာ ပုဒ်မ (၁၈)နဲ့ ပုဒ်မ (၁၉) ကို ဆိုလိုတာဖြစ်ကြောင်း သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဋ္ဌေးက ဆိုပါတယ်။
" ပုဒ် ၁၈/၁၉ ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပေါ့နော်။ ဆန္ဒဖော်ထုတ်ခွင့် နေရာတွေနဲ့ ပါတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပေါ့နော်။ နောက် လုံခြုံရေးတပ်ဖွဲ့ကို အသိပေးအကြောင်းကြားရပါတယ်။ အဲဒီ အသိပေး အကြောင်းကြားတဲ့အပေါ်မှာ နေပြီးမှ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း အုပ်ချုပ်ရေးအဖွဲ့အစည်းကနေပြီးတော့ သူက ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်။ မကန့်ကွက်ရင်လည်း ခွင့်ပြုပေးနိုင်တယ်။ ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိရင် ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်တယ်။ ဒါက လွှတ်တော်က ပြင်ဆင်ထားတဲ့ ဥပဒေအတိုင်း နော်"
မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီးကနေ ချီတက်လာနေတဲ့ ပင်မကျောင်းသားသပိတ် စစ်ကြောင်းကတော့ လုံခြုံရေးအင်အားတွေ နဲ့ ပိတ်ဆို့ တားဆီးဖို့ ပြင်ဆင်နေတယ် ဆိုပြီး သတင်းထွက်နေတဲ့ ဆတ်သွားရွာကို ရောက်ရှိ လာခဲ့ပီဖြစ် ပါတယ်။ ကျောင်းသားတွေပြောပြချက်အရ ဆတ်သွားမှာစောင့်နေတဲ့ လုံခြုံရေး အင်အားတွေဟာ ကိုးပင်ဆိုတဲ့နေရာကို ပြန်ဆုတ်ထားတယ်လို့ဆိုပါတယ်။
ဒီကနေ့မှာပဲ တနင်္သာရီတိုင်းက ထားဝယ်သပိတ်စစ်ကြောင်းဟာ မြို့ထဲမှာပဲ လှည့်လည်ဆန္ဒပြခဲ့ပြီး လာမယ့် (၈) ရက်နေမှာ မော်လမြိုင်ကျောင်းသားသမဂ္ဂ နဲ့ အတူ ခရီးရှည်ချီတက်နေတဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းနဲ့ ပေါင်းပြီး ချီတက်မယ် ဆိုပြီး ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကဆိုပါတယ်။
"လက်ရှိအခြေအနေက ကျနော်တို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း မှာ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို သပိတ်မမှောက်ဘဲ တားထားတယ်ဗျ။ ဒီနေ့ ဒီမြို့ပေါ်မှာထွက်မယ်။ မနက်ဖြန်လည်း ဒီမြို့ပေါ်မှာပဲထွက်မယ်။ ထွက်ပြီးတော့ (၈) ရက်နေ့မှာ ကျနော်တို့ မော်လမြိုင်တက်ပြီးတော့ (၉) ရက်နေ့ မှာ မော်လမြိုင် ကျောင်းသားသမဂ္ဂ နဲ့ ပေါင်းလာနိုင် မယ်။ မော်လမြိုင် ပြီးရင်တော့ ဧရာဝတီ သပိတ်စစ်ကြောင်း နဲ့ ပေါင်းဖို့ စီစဉ်ထားတယ်ဗျ။"
ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းကတော့ ပန်းတနော်မြို့ ကနေ ညောင်တုန်းမြို့ ကို ဆက်လက် ချီတက်နေပါတယ်။ ဧရာဝတီ သပိတ်မှာတော့ အထက်တန်းကျောင်းသားကျောင်းသူတွေ လိုက်ပါနေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မိဘတွေကို ခေါ်ယူဆွေးနွေးတာတွေအပြင် သပိတ်ကျောင်းသားတွေ တည်းခိုလို့ မရအောင် ဘုန်းကြီးကျောင်းတွေကို ဖိအားပေးခြင်း၊ စစ်ကြောင်းမှာသုံးဖို့ ကားငှားလို့မရအောင် ဖိအားပေးမူတွေနဲ့ ကျောင်းသားအယောင်ဆောင်များ ထည့်ပြီး နှောက်ယှက်ခြင်းများရှိနေတယ်လို့ ကျောင်သားတွေကဆိုပါတယ်။
ပင်မ သပိတ်က ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကတော့ သပိတ် စစ်ကြောင်းများ အားလုံးဟာ ရန်ကုန်မှာ စုစည်းကြမှာဖြစ်ပြီး အစိုးရအနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွးနွေးနိုင်ဖို့အတွက် တောင်းဆိုကြောင်းပြောဆိုပါတယ်။
"တွေ့ဆုံဆွေးနွေးပွဲကို လုပ်ချင်တဲ့ ဆန္ဒ ကျနော်တို့မှာ အပြည့်ရှိတယ်။ သူတို့ကသာ မလုပ်ချင်လို့ နေ့ရွှေ့ ညရွှေ့နဲ့ ပုံစံအမျိုးမျိုးနဲ့ ဒါ နည်းမျိုးစုံ လှည့်စားနေတယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီတော့ ချက်ချင်းကို ဒီတွေ့ဆုံဆွေးနွေးပွဲကို ပြန်ခေါ်ပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုတယ်။"
အစိုးရဘက်ကတော့ (၄) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် လက်ရှိမှာ ပြင်ဆင်နေကြောင်း သမ္မတရုံးညွန်ကြားရေးမူး ဦးဇော်ဋ္ဌေးက ပြောသွားပါတယ်။
အမျိုးသားပညာရေးဥပဒေ ကို နိုဝင်ဘာလက စပြီး ကျောင်းသားတွေက သပိတ်မှောက်ခဲ့ တာပါ။ အစိုးရအနေနဲ့ ရက်ပေါင်း (၆၀) အတွင်းတွေ့ဆုံ ဆွေးနွေးဖို့လည်းပြောဆို ထားပါတယ်။ ရက် (၆၀) အလွန်မှာတော့ ခရီးှရှည် ချီတက်မှုကို စတင်ခဲ့ပြီး ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ပါတယ်။
အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ (၄) ပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ပေးမယ် လို့ ပြောဆိုခဲ့ပြီး သပိတ်လှန်ဖို့ တောင်းဆိုခဲ့ ပါတယ်။ ကျောင်းသားတွေ က ဆွေးနွေးနေဆဲ ကာလမှာဘဲ ပြေလည်မှု မရမချင်း သပိတ်မှောက်မူတွေ ဆက်ရှိနေမှာဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ (၂) ကြိမ်လုပ်အပြီး မှာ အစိုးရဘက်က ဖေဖေါ်ဝါရီလ (၁၂) ရက်နောက်ပိုင်းမှာဆွေးနွေးဖို့ ရက်ရွေ့ဆိုင်းခဲ့ပါတယ်။