သုံးရလွယ်ကူစေသည့် Link များ

ကျောင်းသားသပိတ် မြင်းခြံလူထုကြိုဆို


ကျောင်းသားသပိတ်ချီတက်ပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅) ဓာတ်ပုံ/မင်းသွေးသစ် fb)

အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်နေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက် ကျောင်းသားတွေ ဒီကနေ့ မြင်းခြံမြို့ကိုရောက်ရှိတာမှာ ဒေသခံပြည်သူတွေနဲ့ကျောင်းသားတွေက ကြိုဆိုပြီး သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ သပိတ်မှောက်ကျောင်းသားတွေချီတက်ရာ ခရီးလမ်းတောက်လျှောက် အာဏာပိုင်တွေဘက်က ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ခွင့်ပြုမိန့်ယူဖို့ဆိုပြီးတော့ ဖိအားပေးတာတွေနဲ့လည်း ကြုံနေရပါတယ်။ တချိန်တည်းမှာပဲ သပိတ်မှောက် ကျောင်းသားတွေကို ကျောင်းတွေဘက်က ကျောင်းခေါ်ချိန် ရာခိုင်နှုံးသတ်မှတ်ချက်တွေနဲ့ တင်းကျပ်မှုတွေ လုပ်လာပါတယ်။ ပညာရေးဥပဒေ ဆန့်ကျင်သပိတ်မှောက် ချီတက်လမ်းလျှောက်နေကြတဲ့ ကျောင်းသားသပိတ် အခြေအနေ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများ အဖွဲ့( တကသ) တို့က ကျောင်းသားတွေ ဦးဆောင်ပြီးတော့ ခရိုင်အသီးသီးက ကျောင်းသားတွေမန္တလေးကနေ ရန်ကုန်အထိ ခရီးရှည် လမ်းလျှောက်ချီတက် ဆန္ဒပြနေကြတာ ဒီကနေ့ဆို ငါးရက်မြောက်နေ့ဖြစ်သွားပါပြီ။ လမ်းခရီးတလျောက် ပုဒ်မ ၁၈ ခွင့်ပြုမိန့်တောင်းဖို့ အာဏာပိုင်တွေ ဘက်က ကျောင်းသားသပိတ်ကို လာရောက် ဟန့်တားဖိအားပေးမှုတွေ ရှိနေပေမဲ့လို့ ကျောင်းသားတွေဘက်က ငြိမ်းချမ်းစွာ ဆက်လက်ချီတက် ဆန္ဒပြနေကြတယ်လို့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်က ကိုမင်းသွေးသစ်ကပြောပါတယ်။

“မြင်းခြံမှာရှိနေတဲ့ ရဲတပ်ဖွဲ့မြို့နယ်မှူးက ကျနော်တို့ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ချင်ပါတယ်လို့ လာပြောတယ်။ ပြီးတော့ ပုဒ်မ ၁၈ ကို တင်ဖို့ဆိုပြီး ဆက်ပြောတယ်ပေါ့။ သူတို့ကလည်း တာဝန်အရပေါ့လေ၊ ဒီဟာကို တင်ဖို့ဆိုပြီး လာပြောတာပေါ့။ မတင်တာကတော့ ကိုယ့်အပိုင်းပါပဲ-လို့ ပြောပြီး ပြန်သွားတယ်။ ကျနော်တို့ကို တောက်လျှောက်စောင့်ကြည့်နေတယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်ရိုက်နေပြီးတော့ Report တင်တယ်။ ကျနော်တို့ကို ကြိုးရှည်ရှည်နဲ့လှန်ထားတာပေါ့။ ချည်ထားတဲ့ကြိုးတော့ ရှိတယ်။ ဘာလဲဆိုတော့ ဒီ ပုဒ်မ ၁၈ ၊ မြို့နယ်ကျော်တိုင်း တမြို့ပြီးတမြို့မှာ ကျနော်တို့ကို လာပြောတယ်။ သူတို့လုပ်ချင်တဲ့ပုံစံက အကယ်၍များ အခြေအနေ အကြောင်းတစုံတရာကြောင့် အစိုးရအနေနဲ့ စပြီး ဖြိုခွဲလို့ ရပြီလို့ သူတို့မြင်လို့ရှိရင် ခေါင်းဆောင်ပိုင်းတွေကို ပုဒ်မ ၁၁ နဲ့ တရားစွဲမယ်၊ အဲဒီအခါမှာ ပြောဖို့အတွက် သူတို့က သက်သေလိုတာ။ ဒါကြောင့်မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက ကျနော်တို့ကို သတိပေးခဲ့တယ်။ အဲဒါကို ပုဒ်မ ၁၈ ရှိတာကိုသိတယ်။ လက်မခံဘဲနဲ့လုပ်တယ်။ အဲဒါကြောင့် တရားစွဲတဲ့ပုံစံမျိုးပေါ့။ ဖြိုခွဲလို့ရပြီဆိုတဲ့ အခြေအနေမှာတော့ ဒီကြိုးနဲ့ချည်ပြီးတော့ ကျနော်တို့ကို လုပ်မယ်လို့ မြင်တယ်။ ထောင်ချမယ်လို့တော့မြင်တယ်။ အဲဒီတော့ ကျနော်တို့ကို ကြိုးရှည်ရှည်နဲ့ လှန်တဲ့သဘောပါ၊ ပုဒ်မ ၁၈ က- တမြို့နယ်ပြီး တမြို့နယ် ကျနော်တို့ကို လာလပြောနေတာ၊ သတိပေးနေတာလို့ မြင်ပါတယ်။”

လမ်းခရီးတလျှောက် ပြည်သူတွေဘက်က သောင်းသောင်းဖြဖြ ကြိုဆိုကြသလို ခရိုင်အသီးသီးက ကျောင်းသားတွေနဲ့အတူ ချောက်မြို့ ရွှေဝါရောင် ရဟန်းပျိုသမဂ္ဂက သံဃာတော်တချို့ကလည်း လာရောက် ပူးပေါင်းချီတက်နေကြတယ်လို့ ဗကသများအဖွဲ့ချုပ်ကပြောပါတယ်။

“ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဖြတ်သန်းခဲ့တဲ့ မြို့ရွာမှာ ရှိသမျှနိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ မြို့ရွာမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေတောင် ကျနော်တို့ကို ထောက်ခံအားပေးပြီး ကူညီမှုအမျိုးမျိုး ပေးကြတယ်။ နောက် လမ်းဘေးမှာ အဖွဲ့အစည်း မဟုတ်တဲ့ သာမန်ပြည်သူတွေလည်း ကြိုဆိုအားပေးကြတယ်ဗျ။ ကျောင်းသားဆိုတာက အိမ်တိုင်းမှာရှိတယ်။ ပြီးတော့ ကျနော်တို့မိဘတွေက ကျနော်တို့ကို စာသင်ပေးခဲ့တယ်ဆိုတာက ကျနော်တို့အသက်ကြီးလာခဲ့ရင် ပင်ပင်ပန်းပန်းအလုပ်မလုပ်ရအောင်၊ ပညာတတ်ဖြစ်အောင်၊ ပညာနဲ့ရင်းနှီးပြီး အလုပ်လုပ်လို့ ရအောင်လို့၊ ပင်ပင်ပန်းပန်းမလုပ်ရအောင်လို့ စာသင်ပေးခဲ့တာ။ အခု ကျနော်တို့မိဘတွေ ကျနော်တို့ကို စာသင်ပေးခဲ့တဲ့ ရည်မှန်းချက် မပြည့်မြောက်ဘူး၊ အဲဒီအတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် မိဘပြည်သူတွေလည်း နားလည်ပါတယ်။ ဒါက ကျနော်တို့ကျောင်းသားနဲ့တင် ဆိုင်တဲ့ သပိတ်မဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာသပိတ်ကြီးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ကျနော်တို့တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကိုတော့ လိုက်လျောပြီး တွေ့ဆုံပေးပါလို့ ပြောချင်တယ်။ အစိုးရအနေနဲ့ ဒါကိုမှ လိုက်လျောတွေ့ဆုံမပေးဘူးဆိုရင် မူလအာဏာရှင်အစိုးရလို့ပဲ ကျနော်တို့က မြင်ပါတယ်။ ပြည်သူတွေကလည်း အဲလို မြင်နေတာပါ။”

ခရီးလမ်းတလျောက်က မြို့တွေက ပြည်သူတွေကို အမျိုးသားပညာရေးဥပဒေထဲမှာ ကျောင်းသားတွေ လက်မခံနိုင်စရာအချက်တွေက ဘာတွေဖြစ်တယ်။ ပြဌာန်းထားတဲ့ပညာရေးဥပဒေထဲမှာ ကျောင်းသားအခွင့်အရေးတွေကို ဟန့်တားထားတဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ လက်မခံနိုင်စရာ ဘယ်လို အချက်တွေကို ထည့်သွင်းထားတယ်ဆိုတာ ပြည်သူတွေကိုရှင်းပြခဲ့ကြတယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။ အခုလို ကျောင်းသားတွေ စုပေါင်းပြီး ချီတက်လမ်းလျှောက်နေကြချိန်မှာပဲ တက္ကသိုလ် ကျောင်းတွေဘက်က ကျောင်းသားတွေကို ကျောင်းခေါ်ချိန်သတ်မှတ်ချက်တွေနဲ့ ဖိအားပေးမှုတွေ လုပ်လာတဲ့အပေါ် မြန်မာနိုင်ငံဆရာ၊ ဆရာများအဖွဲ့ချုပ်ဘက်က လက်မခံပါဘူး။ ကျောင်းသားတွေ ကျောင်းသားအခွင့်အရေးတောင်းဆိုနေချိန် အဓိက တာဝန်ရှိတဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသားတွေနဲ့ ပြေလည်နိုင်မယ့်နည်းလမ်းကို အဖြေရှာဖို့လိုတယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက ပြောပါတယ်။

“သပိတ်မှောက်လို့ ကျောင်းသားကို စာမေးပွဲဖြေခွင့်မပေးဘူးဆိုတာ လက်ခံနိုင်ခြေမရှိဘူး ခင်ဗျ။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံးအတိုင်းအတာမှာ ကျောင်းသား ၉၀ % က ၅ % ဘယ်သူမှ မပြည့်ဘူး၊ ကျနော်တို့က ၇၅ % ပြည့်မှ စာမေးပွဲဖြေခွင့်ပေးမယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတော်တော်များများက ကျောင်းသား ၃ ပုံ၊ ၂ ပုံဖြေခွင့်မရဘူး။ ဒါက အစိုးရအနေနဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ သပိတွေဖြိုခွင်းတာ နည်းစုံနဲ့လုပ်တယ်ဆိုတာ ထင်ရှားနေတာပေါ့နော်။ အဲဒီတော့ စည်းကမ်းက …လိုပေါ့နော်။ သူတို့လိုရင်လိုသလို ထုတ်သုံးတယ်။ မလိုရင် ဒါကြီးကို သိမ်းထားတယ်။ ဥပဒေဆိုတာ No one is above the Law; No one is beyond the Law. ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဘူး။ ဥပဒေရဲ့အပြင်မှာလည်း မရှိရဘူး။ ဥပဒေတွေအတိုင်း လုပ်မှာဆိုရင်တော့ ကျနော်တို့ကလက်ခံတယ်။ ဒါပေမယ့် ဒီသပိတ်မှောက်ကျောင်းသားတွေကို ရည်ရွယ်ပြီးလုပ်တယ်ဆိုရင်တော့ လုံးဝ လက်မခံဘူး။”

ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေ ရန်ကုန်မြို့ကို ဆိုက်ရောက်ရင်တော့ သပိတ်စခန်းဖွင့်ပြီး အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြန်ဆင်ပေးရေး ကျောင်းသား၊ ဆရာ၊ ပညာရှင်တွေနဲ့ လွှတ်တော် ၊ အစိုးရ၊ ပညာရေးဝန်ကြီးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆက်လက် တောင်းဆို တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို အရပ်ဘက်အဖွဲ့အစည်း (၅၀) ကျော်ကလည်း ထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပြီးတော့ ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းမဖက်ဖို့၊ နောက် ကျောင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ပြဿနာကိုအဖြေရှာဖို့ မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုထားကြတာလည်း ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG