သုံးရလွယ်ကူစေသည့် Link များ

ကျောင်းသားသပိတ်စစ်ကြေင်း မကွေးရောက်ရှိ


မကွေးမြို့ကို ချီတက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း (ဓာတ်ပုံ- မိုးစက်/မြင်းခြံ)
မကွေးမြို့ကို ချီတက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း (ဓာတ်ပုံ- မိုးစက်/မြင်းခြံ)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားတွေဟာ ရေနံချောင်းမြို့ကနေ မကွေးကို ချီတက်နေဆဲဖြစ်ပါတယ်။ မနေ့ကတော့ သပိတ်မှောက်ကျောင်းသားတွေထဲမှာ အသွင်ယူစုံစမ်းနေတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် မှတ်တမ်းယူနေတဲ့ စရဖ အဖွဲ့ဝင်သုံးဦးကို ကျောင်းသားတွေက ရေနံချောင်းရဲစခန်းကို အပ်နှံခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသား ကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး လာမယ့် (၃) ရက်နေ့ကျရင် နောက်ဆက်တွဲဆွေးနွေးပွဲတွေကို နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ရှိပါတယ်။

တချိန်တည်းမှာပဲ ခရီးရှည်ချီတက်နေတဲ့ကျောင်းသားသပိတ်ကတော့ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း စတဲ့မြို့ကြီးတွေကိုဖြတ်ပြီး မကွေးမြို့ဆီကို ဦးတည်ချီတက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟ ဝင်းတင်က ပြောပါတယ်။

“အခုထက်ထိတော့ တားဆီးတာမရှိဘူး၊ ကျနော်တို့ အေးအေးဆေးဆေးပဲ ရှိသေးတယ်။ အခု ရေနံချောင်းကနေ ထွက်လာပြီး မကွေးကို ရောက်ဖို့အတွက် ၁၇ မိုင်လောက်တော့လိုတယ်။ ဒါပေမယ့် သေချာတယ်၊ ကျနော်တို့ ဒီညတော့ မကွေးကို မရောက်နိုင်ဘူး။ ကန်ပြားမှာပဲ ညဘက် တည်းဖို့၊ ခိုဖို့တော့စီစဉ်ထားတယ်။”

မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကတော့ ဆွေးနွေးနေဆဲကာလမှ သပိတ်လှန်ဖို့ ထပ်မံပြောဆိုခဲ့ပြီး ကျောင်းသားတွေကတော့ တွေ့ဆုံဆွေးနွေးနေဆဲကာလမှာပဲ ဆွေးနွေးမှုတွေ အထောက်အကူဖြစ်စေရေး ဆက်လက် သပိတ်မှောက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။ အခုလို သပိတ်မှောက်နေတဲ့ကာလအတွင်း အာဏာပိုင်တွေဘက်က သတင်းမှတ်တမ်းယူတာ၊ တားဆီးပိတ်ပင်တာ၊ ခြိမ်းခြောက်ဖိအားပေးတာတွေအပြင် ကျောင်းသားအသွင်ယူပြီး ကျောင်းသားတွေကြားထဲ ထောက်လှမ်းသတင်းယူမှုတွေ ရှိတာကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ရေနံချောင်းရဲစခန်းမှာ အပ်နှံခဲ့ရတယ်လို့ ဆိုပါတယ်။ ခရိုင်ပေါင်းစုံက ကျောင်းသားတွေ၊ မြို့မိ၊ မြို့ဖတွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ စရဖအဖွဲ့ဝင်တစ်ဦး ကျောင်းသားအသွင်နဲ့ ဝင်ရောက်လာတဲ့အတွင် စတင်စစ်ဆေးမှုတွေလုပ်ခဲ့ရတယ်လို့ ကိုသီဟဝင်းတင်က ဆက်ပြောပြပါတယ်။

“သူ့ကိုခေါ်ပြီးတော့ သူနဲ့ အပေါင်းအပါ နှစ်ယောက်ပါသေးတယ်။ ကျနော်တို့က သူ့ကိုမေးတာပေါ့နော်၊ ခင်ဗျားအနေနဲ့ တာဝန်အရလုပ်တယ်ဆိုတာ သိတယ်၊ တာဝန်အရဆိုတာလည်း ခင်ဗျားကို အထက်က ဖိအားပေးလို့ လုပ်တယ်ဆိုတာလည်းသိတယ်။ ခင်ဗျားတို့၊ ကျနော်တို့တွေ အကုန်လုံးက လူတွေပဲ၊ စနစ်တခုအရသာ ခင်ဗျားအနေနဲ့ ဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့နားလည်တယ်၊ အဲဒီတော့ ခင်ဗျားတို့ ရှိတဲ့လူတွေအကုန်လုံးကို ထုတ်ပေးပါ။ ထုတ်ပေးပြီးသွားလို့ရှိရင် ခင်ဗျားတို့ကို ကျနော်တို့အနေနဲ့ ရဲစခန်းကို အပ်မှဖြစ်မယ်၊ ကျနော်တို့က ခင်ဗျားတို့ကို အကြာကြီးခေါ်ထားလို့ရှိရင်လည်း ပြန်ပေးဆွဲတယ်က ဖြစ်အုံးမယ်၊ ပြီးသွားလို့ရှိရင် အခု လွှတ်လိုက်ပြန်ရင်လည်း သူတို့က ခင်ဗျားတို့ကို တခုခုလုပ်လိုက်လို့ရှိရင် ကျနော်တို့ ကျောင်းသားတွေအနေနဲ့ ခင်ဗျားတို့ကို သတ်လိုက်တာတို့၊ ပြုလိုက်တာတို့ အထင်ခံရအုံးမယ်၊ အဲဒီတော့ ရဲစခန်းကို ပို့ပေးမယ်ဆိုပြီးတော့ ပြောပြီး သူ့ကိုသေချာမေးတဲ့အချိန်ကျမှ မီဒီယာသမားတွေလည်း ရောက်လာတယ်။ အဲဒီအချိန်ကျတော့မှ သူ့ရဲ့ တာဝန်ရှိတဲ့နှစ်ယောက်က သူ့ကို ပြန်လာခေါ်တယ်၊ သူတို့ စရဖထဲကပေါ့နော်- ကျနော်တို့ကျောင်းသားထဲ စိမ့်ဝင်နေတဲ့ အဲဒီနှစ်ယောက်ကနေ လာခေါ်တယ်၊ လာခေါ်ပြီးတော့မှ သူတို့သုံးယောက်ကို ရဲစခန်းကို ပို့လိုက်တယ်ဗျ။”

ကျောင်းသားတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအစည်းအဝေးကနေ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အနေနဲ့ (၄) ရက်ကြာ ထိုင်သပိတ်နဲ့ စတင်ခဲ့တာပါ။ အဲဒီနောက် ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်က ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တောင်းဆိုခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဒီဥပဒေကို ပြင်ဖို့ခက်တဲ့အတွက် နည်းဥပဒေအဆင့်မှာ ပြင်ပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကျောင်းသားတွေကလည်း အစိုးရကို အသိပေးထားတဲ့ ရက်ပေါင်း (၆၀) လွန်တဲ့အထိ အစိုးရဘက်က ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် ခရီးရှည်ချီတက်ပွဲဖြစ်လာရတာပါ။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ပြီး ပညာရေးဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း အစိုးရဌာနဆိုင်ရာက တင်ပြဖို့ ပြောခဲ့ပါတယ်။

ဒီလို သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့နေကြစဉ် ကာလ အတွင်းမှာပဲ ကျောင်းသားသပိတ် အရှိန်မြင့် လာခဲ့ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကျောင်းသားတွေက တောင်း ဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို အစိုးရဘက်က လိုက်လျောခဲ့ပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ လေးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း ကြိုတင်စည်းကမ်းသတ်မှတ်ချက် (၉) ချက်အပေါ်မှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ တချို့အချက်တွေမှာ သဘောတူညီချက်ရခဲ့ပြီး လက်ခံလိုက်ပေမယ့် ကျောင်းသားတွေကျေနပ်လောက်တဲ့ အဖြေမရသေးတဲ့အတွက် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG