မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့ ရောက်နေကြတဲ့ ကျောင်းသားတွေအပါအဝင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားငါးဦးဟာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းထိပ်မှာ စနေနေ့ညနေက အရိုက်ခံရပြီးတဲ့နောက် ကျောင်းသားတချို့ အတွင်းလူနာအဖြစ် ဆေးကုသခံနေရကြောင်း သတင်းရရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားတွေဟာ နိုင်ငံရေးအရဆွေးနွေးငြင်းခုံပြီးအပြန် ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းအောက်ဘလောက်ကိုအရောက် အင်အား ၃၀ ခန့်ရှိတဲ့လူအုပ်ကြီးက ရိုက်နှက်ထိုးကြိတ်ပြီး အုတ်နီခဲတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ကျောင်းသားတွေက ပြောပါတယ်။ အဲဒီအတွက် အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်သောင်းဦးကို ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တင်ရထားပြီး တခြားကျောင်းသားတွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း ရိုက်နှက်ခံရတဲ့ ကျောင်းသား ငါးဦးထဲက ဗကသများအဖွဲ့ချုပ်ဝင် ကိုထက်လင်းက ပြောပါတယ်။
“ဒဏ်ရာရတာတော့ ခေါင်းကွဲသွားတယ်။ ခေါင်းကွဲသွားပြီးတော့ သူက ဦးခေါင်းခွံအရိုးအက်သွားတယ်။ အဲဒါကြောင့် ဦးနှောက်နဲ့အာရုံကြောမှာ မနေ့ညက အရေးပေါ်အဖြစ်နဲ့တင်ခဲ့ရတယ်။ ၄၁ လမ်းထဲက အိမ်ရောက်မှ အရိုက်ခံရတာ။ ကျောင်းသားတစ်ယောက်က အော်လိုက်တယ်၊ အကျယ်ကြီးပေါ့လေ။ အဲလိုအော်လိုက်တာကို ဘေးကကျောင်းသားတွေက မအော်ဖို့ ဝိုင်းထိန်းတယ်။ အားလုံးပေါင်း ၅ ယောက်ပေါ့။ ၅ ယောက်ထဲမှာ တစ်ယောက်က အော်ပြီး ကျန်တဲ့လေးယောက်က မအော်ဖို့ ဝိုင်းထိန်းတယ်။ ဝိုင်းထိန်းတော့ သူက မအော်တော့ဘူး။ မအော်တော့ဘဲနဲ့ လမ်းအရှည်ကြီး ၄၁ လမ်းရှေ့လောက် ရောက်တဲ့ အခါမှာ နောက်က လူအုပ်လိုက်ကြီးက --တာ မင်းတို့လားကွ၊ ဘာလား ညာလား အော်ပြီးတော့ မပြေးနဲ့လို့ ပြောတယ်။ ကျနော်တို့ရှင်းပြပါရစေဆိုတာကို လက်မခံဘဲနဲ့ အတင်းဝင်ရိုက်တာ။ အုတ်နီခဲတွေတော့ မြင်လိုက်တယ်။ ကျန်တဲ့နောက်ပိုင်းကတော့ သူတို့ တုတ်တွေလည်း ပါချင်ပါမှာပေါ့။ ဒါပေမယ့် ကျနော်တို့က ခေါင်းငုံ့ထားလိုက်တော့ ဘာမှ မမြင်တော့ဘူး။”
ကိုအောင်သောင်းဦးအပါအဝင် အရိုက်ခံရသူ ငါးဦးကတော့ ကွန်ပြူတာတက္ကသိုလ် (မုံရွာ) ပထမနှစ်ကျောင်းသား ကိုဟိဏ်းနေဇော်၊ ကိုကျော်စွာလင်း၊ ကိုဗစ်တာနဲ့ ကိုထက်လင်းတို့ ဖြစ်ကြပြီး မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ၊ ကျောနဲ့ရင်ဘတ်တွေမှာ အညိုအမည်းစွဲဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ကိုအောင်သောင်းဦးကတော့ မျက်နှာမှာ ပြတ်ရှဒဏ်ရာ၊ ခြေလက်တွေမှာ အညိုအမည်းစွဲဒဏ်ရာတွေနဲ့ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာရခဲ့ပြီး ဦးခေါင်းခွံ အက်ကွဲတဲ့အတွက် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းထဲမှာ နယ်မြို့ကနေ ကျောင်းလာတက်တဲ့ကျောင်းသားတွေ အိမ်ငှားနေကြပြီး အခုအခါမှာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့သပိတ်အတွက် လာကြတဲ့ နယ်မြို့အသီးသီးက ကျောင်းသားတွေရောက်နေချိန်မှာ ပြည်သူနဲ့ကျောင်းသားကို ရန်တိုက်ပေးတဲ့ ပုံစံမျိုးကြုံရကြောင်း ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ဆိုပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို ရိုက်နှက်ခဲ့သူတွေကို သေချာစုံစမ်းပေးဖို့ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ပြောပါတယ်။
“ဖြစ်သွားတဲ့အနေအထားပေါ်မှာ ခံရတဲ့ကျောင်းသားတွေ၊ နောက်ပြီး ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း ကျနော်တို့လိုက်မေးတယ်။ နောက် ရပ်ကွက် ဥက္ကဋ္ဌကိုလည်း မေးတယ်ပေါ့လေ။ အဲလိုမေးတဲ့အချိန်မှာ ကျနော်တို့ ဘာသွားတွေ့ရလဲဆိုတော့ ရဲက ရှိနေရက်နဲ့ ရပ်ကြည့်နေတာ၊ နယ်ထိန်းရဲက ဝိုင်းရိုက် နေတာကို ရပ်ကြည့်နေတာ။ နောက် မင်းတို့ဆဲတဲ့အဖွဲ့အစည်းက-ကွ ဆိုပြီးပြောတာ၊ မေးမေးပြီးထိုးတာ၊ အဲလိုမျိုး လုပ်တဲ့ပုံစံတွေက သာမန် ရန်ဖြစ်တာ မဟုတ်ဘူး၊ သာမန်ရပ်ကွက်ထဲမှာ ဆူပူသောင်းကျန်းနေလို့ ရပ်ကွက်သားတွေက မခံနိုင်ဘဲ ဝင်ပြီးတော့ ရိုက်ပါတယ်ဆိုတဲ့ပုံစံမျိုး ချိုးပြီးတော့ ပြည်သူနဲ့ ကျနော်တို့ကို လှည့်တိုက်တာဖြစ်ပေမယ့် ဒီ ဦးဆောင်ပြီးတော့ ထိုးကြ၊ ရိုက်ကြတဲ့သူတွေရဲ့ ပါးစပ်က ထွက်လာတဲ့စကားသံတွေအရ၊ ဖြစ်တဲ့ အနေအထားအရ ဒါ တမင်ကိုလုပ်တာ၊ ရက် ၆၀ ပြည့်မှပဲ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုဖြစ်လာတယ်။ ကျနော်တို့က ပြောလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ကျနော်တို့ အမှုဖွင့်မယ်လို့၊ ရဲကလည်း လက်ခံပါတယ်။ ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ထားတယ်။”
မြန်မာနိုင်ငံက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေ အများစုဦးဆောင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကတော့ အမျိုးသားပညာရေးဥပဒေပါ အချက်တွေကို လက်မခံနိုင်တဲ့အတွက် အစိုးရအနေနဲ့ သူတို့နဲ့ရက်ပေါင်း (၆၀) အတွင်း တရားဝင် ဆွေးနွေးဖို့ ပြောထားတာလည်း ရှိပါတယ်။ သောကြာနေ့က ကျောင်းသားတွေဘက်က ပြောထားတဲ့ ရက်ပေါင်း (၆၀) ပြည့်ခဲ့ပြီး ဆွေးနွေးမှု မရှိတဲ့အတွက် သပိတ်တိုက်ပွဲတွေကို မန္တလေးမြို့ကနေ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မြန်မာတနိုင်ငံလုံးက ကျောင်းသားထုတရပ်လုံး ပူးပေါင်းချီတက်ပြီး ၁၅ ရက်အတွင်း ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်သွားမှာဖြစ်ကြောင်း စနေနေ့မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အစိုးရဘက်ကတော့ နည်းဥပဒေအဆင့်မှာပြင်ဆင်ဖို့ နိုင်ငံပိုင်သတင်းတွေကနေတဆင့် ကျောင်းသားတွေကို ပြောဆိုထားပြီး တက္ကသိုလ်အသီးသီးမှာ တက္ကသိုလ်ကျောင်းသားယူနီယံတွေကို အလျင်အမြန် ဖွဲ့စည်းနေတာတွေလည်း ရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ကိုသာ တောင်းဆိုထားပြီး ကျောင်းသားယူနီယံဖွဲ့စည်းနေတဲ့ ကျောင်းသားတွေကိုလည်း စည်းရုံးလှုပ်ရှားသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်ရှင်။