သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄ ပွင့်ဆိုင်တွေ့ရက်ထိ ကျောင်းသားတွေ ဆက်လက်ချီတက်မည်


အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်ဦးဆောင်ကျောင်းသားတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအကြား ဆွေးနွေးပွဲအပြီး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ လမ်းလျှောက် ချီတက်နေကြတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ အကြောင်းစုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ ဆွေးနွေးပွဲလုပ်အပြီးမှာ ကျောင်းသားတွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာ ရောက်ရှိနေတဲ့မြို့ကနေ စောင့်ကြည်တဲ့အနေနဲ့ သပိတ်ရပ်နားမှာဖြစ်ပြီး သပိတ်လှန်လိုက်တာ မဟုတ်ဘူးလို့ သပိတ်မှောက် ကျောင်းသားတွေက ဆိုပါတယ်။

“သဘောတူညီချက်မှာလည်း ပါပါတယ်။ ကျနော်တို့ဆိုလိုတာက သပိတ်ရပ်နားထားတာ မဟုတ်သေးဘူးခင်ဗျ။ ကျနော်တို့က ဆွေးနွေးပွဲစတဲ့နေ့မှာ သပိတ်ကို ခဏ ရပ်နားမယ်လို့ပဲ ပြောတာပါ။ အဓိကက ကျနော်တို့ ဒီဆွေးနွေးပွဲစတဲ့အချိန်မှာ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ အနေနဲ့ ဒီသပိတ်ကို ဆက်ပြီးတော့ ချီတက်တာ မလုပ်ဘဲ ခဏရပ်နားထားမှာ။ ကျနော်တို့ အဲ့ဒီဆွေးနွေးပွဲ မတိုင်ခင်အထိကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်အထိကတော့ ကျနော်တို့က နဂိုစီစဉ်ထားတဲ့အတိုင်းပဲ ဆက်လက် ချီတက်နေမှာပဲခင်ဗျ။ သပိတ်ရပ်နားတယ်ဆိုတာကလည်း ကျနော်တို့က သပိတ်လှန်တာမဟုတ်ဘူး။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို အပြည့်အ၀ တင်းပြည့်ကျပ်ပြည့် မရဘူးဆိုလို့ရှိရင် ကျနော်တို့ ဒီထက် ပိုပြီးတော့ ပြင်းထန်တဲ့သပိတ်တွေ ဆက်လုပ်မယ်ဆိုပြီး ကျနော်တို့ ကြေညာထားပါတယ်။ ကျနော်တို့ ဒီဆွေးနွေးမယ့်ရက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၄ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးနေတဲ့ အချိန်မှာ သပိတ်ရပ်နားထားမယ်လို့ ကျနော်တို့ သဘောတူညီချက်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလို သပိတ်ရပ်နားထားတာဟာ သပိတ်လှန်လိုက်တာ လုံး၀ မဟုတ်သေးပါဘူး။ ကျနော်တို့ ဒီဆွေးနွေးတဲ့ရလဒ်ကို စောင့်ကြည့်တဲ့အနေနဲ့သာ ကျနော်တို့ ချီတက်နေတဲ့ သပိတ်လမ်းကြောင်းတွေကို ခဏ ရောက်တဲ့နေရာမှာ ရပ်နားထားမှာကို ပြောတာပါ။”

ဆွေးနွေးပွဲမှာ သပိတ်စစ်ကြောင်းအနေနဲ့ ပါဝင်မယ့် ကိုယ်စားလှယ် ကျောင်းသားတဦး ပြောပြသွားတာပါ။ သူတို့အနေနဲ့ တောင်သာမြို့အဝင် ပိတ်ဆို့ဟန့်တားမှုတွေ ကြုံရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ တောင်သာကနေ ဝဲလောင်မြို့ကို ရောက်ခဲ့ပါတယ်။ ဝဲလောင်မြို့မှာ သူတို့အတွက် လုံခြုံမှုမရှိတဲ့အတွက် ပုပ္ပါးမှာ ညအိပ်နားမယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ ကျောင်းသားတွေနဲ့ အစိုးရဆွေးနွေးမှုတွေ လုပ်ခဲ့ပေမဲ့ သူတို့ကို အာဏာပိုင်တွေက နောက်ကနေလိုက်ပြီး စောင့်ကြည့်မှုတွေ ရှိနေသလို ရဲတပ်ရင်းတွေက ရုပ်သိမ်းသွားတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

“လုံခြုံရေးက တဘက်မှာ အစိုးရဘက်ကလည်း ကျနော်တို့ကို မနေ့က ခွင့်ပေးလိုက်တယ်ဆိုပေမဲ့ သူတို့ရဲ့တပ်တွေကို လုံး၀ ရုပ်သွားသေးတာ မဟုတ်ဘူး။ ဒီနေ့အချိန်မှာလည်း သူတို့က ပြင်ဆင်မှုတွေ ရှိနေသေးတယ်။ မြင်းခြံဘက်က တပ်ကိုလည်း ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်းနောက်မှာ ---- လွှတ်ထားတယ်လို့ ကျနော်တို့ သတင်းရတယ်။ ဒါကြောင့်လည်း စိတ်ချရတဲ့နေရာမဟုတ်တဲ့အတွက် ပုပ္ပါးကို ဆက်လက် ချီတက်ဖို့ ဆုံးဖြတ်ထားတာပါ။”

ပုပ္ပါးအဝင် မြင်စိုင်းတောင်ကြားမှာတော့ ကျောင်းသားတွေမလာခင် ရဲအင်အား ၂၀၀ လောက်က မီးသတ်ကားတွေနဲ့ လက်နက်တွေနဲ့ ပိတ်ဆို့ထားပြီး ရှေ့ပြေးလာတဲ့ ကားတစီးက နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကို ထိန်းသိမ်းထားကြောင်း အဲဒီနေရာမှာရှိနေတဲ့ ဆဲဗင်းဒေးဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်း က ပြောပါတယ်။

“အခု အခြေအနေကပေါ့ ၄ နာရီ ၅၀ ကနေ အာဏာပိုင်တွေ အယောက် ၂၀၀ လောက်ကနေပြီး ကျောင်းသားတွေ လာမယ့်လမ်းကို ပိတ်ဆို့ထားတယ်။ သူတု့ိပိတ်ဆို့ထားတဲ့နေရာက ဝဲလောင်မြို့အထွက် ပုပ္ပါးကိုသွားတဲ့လမ်းပေါ့နော် မြင်းစိုင်းတောင်ကြားနေရာမှာ ရဲတပ်ဖွဲ့တွေက ပိတ်ပင်ထားတယ်။ ကျောင်းသားတွေကတော့ အခုထိ ဒီနေရာကို မရောက်သေးဘူးပေါ့နော်။ အခု ရှေ့ပြေးတယောက်အနေနဲ့ ရောက်လာတဲ့ ကားတစီးကို ရဲတပ်ဖွဲ့တွေက စစ်ဆေးတယ်။ အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂထဲမှာ ပါတယ်လို့ ယူဆတဲ့ လူတယောက်ပေါ့နော် အဲ့ဒီလူက မြင်းခြံကနေ လိုက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ----- သူ့ကိုတော့ ရဲတပ်ဖွဲ့ကနေ ခဏထိန်းသိမ်းထားတယ်။ အခုလက်ရှိ ကျောင်းသားတွေကတော့ ဒီနေရာကို မရောက်လာသေးဘူးခင်ဗျ။ ရှေ့မှာရော သူတို့ရဲ့နောက်မှာရော မီးသတ်ကား ၂ စီး၊ ရေကား ၂ စီး အဆင်သင့်ထားပါတယ်။ ဒီဘက်တောထဲမှာလည်း သူတို့ လက်နက်တွေကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့တွေလည်း ဖြန့်ကျက်ထားတယ်။”

အမျိုးသားပညာရေးဥပဒေကို ဆန်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေက မန္တလေးကနေ ရန်ကုန်ထိ ခရီးရှည် ချီတက်သပိတ်မှောက်နေတာ တပတ်ကျော်သွားပြီဖြစ်သလို သူတို့ရဲ့တောင်းဆိုချက်တွေအရ အစိုးရလွှတ်တော် ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ NNER ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီတို့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို တောင်းဆိုထားသလို အစိုးရကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြောင်း ကျောင်းသားတွေဘက်က ပြောဆိုပါတယ်။

XS
SM
MD
LG