သုံးရလွယ်ကူစေသည့် Link များ

လိုက်လျောမှု ခိုင်မာသည်အထိ သပိတ်ဆက်မှောက်မည်


(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

၎ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနေတဲ့ ကာလမှာပဲ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကလည်း ဆက်လက် ချီတက်နေပါတယ်။ ထားဝယ် နဲ့ မွန်ကျောင်းသားတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကို မွန်ပြည်နယ် သထုံမြို့အလွန် နောင်ဘိုရွာမှာ ပြည်နယ်အစိုးရ အမိန့်နဲ့ဆိုပြီး တားဆီးမှုတွေ ရှိနေပါတယ်။

ပင်မသပိတ်စစ်ကြောင်းကတော့ တောင်းဆိုချက် ၁၁ချက်ရပြီဆိုရင်တောင် တိကျခိုင်မာတဲ့ အာခမံချက်တွေ မရမချင်း ကျောင်းသားတွေအနေနဲ့ ဆက်လက် တောင်းဆိုသွားကြမှာ ဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန်ကျင့်ကန့်ကွက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေထဲက ဗကသများ ဦးဆောင်တဲ့ ပင်မ သပိတ်စစ်ကြောင်းကတော့ ရွှေတောင်မြို့ကို ရောက်ရှိနေသလို တကသနဲ့ မြေလတ်ကျောင်းသားတွေ ဦးဆောင်တဲ့ ကျောင်းသားစစ်ကြောင်းက ပြည်မြို့ကို ရောက်ရှိနေပါတယ်။ တနင်္သာရီ ထားဝယ်နဲ့ မွန်ကျောင်းသားတွေ ဦးဆောင်တဲ့ စစ်ကြောင်းက သထုံမြို့အလွန် နောင်ဘိုရွာအနီးမှာ ပိတ်ဆို့တားဆီးခံခဲ့ရကြောင်း ထားဝယ်သပိတ်ခေါင်းဆောင် တဦးက ပြောပါတယ်။

“ကျနော်တို့ကို ရဲရယ်၊ နောက်ပြီးတော့ စစ်တပ်လည်း မြင်ရတယ်ခင်ဗျ။ ရဲရယ် နောက်ပြီးတော့ ကျနော်တို့ကတော့ စွမ်းအားရှင်လို့ထင်တယ်၊ အယောက် ၅၀ လောက်ရှိတယ်၊ စွမ်းအားရှင် အရပ်ဝတ်နဲ့ပေါ့။ အဲဒီမှာ ကျနော်တို့ကို သထုံမြို့က ပြည်သူလူထုနဲ့ နောင်ဘိုရွာက ပြည်သူလူထုက ဖြေရှင်းပေးခဲ့တယ်ခင်ဗျ။ သူတို့ကို မွန်ပြည်နယ်အစိုးရက သူတို့ကို တားလိုက်တယ်လို့ ပြောတယ်ခင်ဗျ။”

ပြည်မြို့ကနေ ရွှေတောင်မြို့ကို ရောက်ရှိလာတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကတော့ အတားအဆီးတွေ မကြုံရပေမဲ့ ရွှေတောင်မြို့ကို ရောက်ရှိချိန်မှာ အခြေခံပညာ ကျောင်းသားတွေကို ကျောင်းလွှတ်ချိန် ကျောင်းမလွှတ်ဘဲ ပိတ်လှောင်ထားတာကို ကြုံခဲ့ရတယ်လို့ ပင်မ သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“ကျနော်တို့ ရွှေတောင်မြို့ကို ရောက်တဲ့အချိန်မှာ အခြေခံပညာကျောင်း ရှေ့မှာတော့ ဆရာမတွေက ကျောင်းသားတွေကို ကျောင်းဆင်းချိန်အထိ မလွှတ်ပေးဘူး။ မလွှတ်ပေးဘဲနဲ့ အခန်းတံခါးတွေ ပိတ်ထားတယ်၊ မှန်ပြတင်းတွေပါ ပိတ်ထားတယ်။ အဲဒါကို တွေ့ရတာတော့ စိတ်တော့ စိတ်မကောင်းဘူးပေါ့။ တောင်းပန်ပြီးတော့ သူတို့ကိုတော့ ပြောခဲ့ပါတယ်၊ ဆရာ ဆရာမတွေကိုပေါ့နော် ကျောင်းသားတွေကို လွှတ်ပေးပါ၊ တံခါးက အလုံပိတ်ထားတော့ ကလေးတွေ အနေနဲ့ အသက်ရှူကျပ်မှာ ကျနော်တို့ စိုးရိမ်တယ်။ မှန်တွေက အလုံဖြစ်နေတာကိုး။”

ရန်ကုန်မြို့မှာလုပ်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီမှု ရသွားပြီဆိုပေမဲ့ တိကျခိုင်မာတဲ့ အာမခံချက် မရေသေးဘဲ သပိတ်တွေရပ်ဖို့ မလွယ်သေးကြောင်း မန္တလေးကနေ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် ရွှေတောင်ကို ချီတက်လာနေတဲ့ သပိတ်စစ်ကြောင်းက သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“(၁၁) ချက်လုံး ရပြီဆိုရင်တောင်မှ ကျနော်တို့ လိုချင်တာကတော့ အဓိကအားဖြင့် ပါးစပ်နဲ့ပြောတာ မဟုတ်ဘဲနဲ့ တိကျခိုင်မာတဲ့ အာမခံချက်တခု ကျနော်တို့ ရရမယ်။ ပြီးလို့ရှိရင် နောက်တချက်က (၁၁) ချက်ကို သူတို့အနေနဲ့ ဘယ်အတိုင်းအတာအတွင်း ဘယ်ကာလအတွင်းမှာ အကောင်အထည် ဖော်ပေးမယ်ဆိုတဲ့ အာမခံချက် ကတိတခု ကျနော်တို့ကို ပေးရမယ်။ အချိန်အတိုင်းအတာ တခုပေါ့နော်။ ဒီ ၂ ချက်ကို ရမှသာ ကျနော်တို့က ရပ်ဖို့ဖြစ်နိုင်တယ်ဗျ၊ မဟုတ်လို့ရှိရင် အစိုးရက ပေးခဲ့တဲ့ ကတိတွေ များပြီးတော့ တခါတခါကျရင် လုပ်ပေးတာက ဘာမှမရှိတာကို ကျနော်တို့ မြင်နေရလို့ဗျ။ အဓိကကတော့ ကျနော်တို့ တောင်းဆိုတဲ့ (၁၁) ချက်ကို mother law ထဲ အဓိကထည့်ပေးဖို့ ကျနော်တို့က တောင်းဆိုထားတယ်ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက mother law ထဲမှာ ပါတာတောင်မှ ကျနော်တို့ ပြည်သူတွေ အနေနဲ့ အာမခံချက် မရှိတာ အများကြီးပဲလေ။ ဥပမာ၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ လွတ်လပ်စွာ ဟောပြောခွင့်တို့ဆိုတဲ့ ဥစ္စာကို ပြန်ပြီးတော့ ချုပ်ထားတာက by law နဲ့ ပြန်ဖြစ်တယ်။ by law မှာ ပုဒ်မ (၁၈) ပုဒ်မ (၁၉) ဆိုတဲ့ ဥစ္စာမျိုးနဲ့ချုပ်တယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ mother law မှာတောင်မှ မသေချာတော့ by law ထဲဆိုရင်တော့ ကျနော်တို့ အနေနဲ့ လက်ခံဖို့တော့ ခက်ခဲတယ်ခင်ဗျ။”

ဧရာဝတီ သပိတ်စစ်ကြောင်းကတော့ ဆွေးနွေးပွဲ အလားအလာကြည့်ပြီး ကျောင်းသားတွေ ညှိနှိုင်းတိုင်ပင်မှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တွေမှာ ကျောင်သားတွေက မြို့တွင်းဆန္ဒပြပွဲတွေနဲ့ သပိတ်မှောက် ချီတက်ပွဲတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG