အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ ကျောင်းသားတွေ စာမေးပွဲရှိတာကြောင့် သူတို့သပိတ်စစ်ကြောင်းကို ရောက်ရှိနေတဲ့ လက်ပံတန်းမြို့မှာပဲ လူအုပ်စုမခွဲဘဲ မတ်လ ၁ ရက်နေ့ထိ ခဏ ရပ်နားသွားမယ်လို့ ဆိုပါတယ်။ ပင်မသပိတ်စစ်ကြောင်းကတော့ ဒီနေရာကနေပဲ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဘက်က သပိတ်စစ်ကြောင်းကတော့ မအူပင်နဲ့ ပုသိမ်မှာ သပိတ်စခန်း ၂ ခုဖွင့်ပြီး စောင့်ကြည့်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
အစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတွေထဲက ပင်မသပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း လက်ပံတန်းမြို့ကို ရောက်ရှိလာနေပြီး တိုင်းနဲ့ ပြည်နယ် ခရိုင်အသီးသီးကနေ လိုက်ပါလာတဲ့ ကျောင်းသားအားလုံး ဆွေးနွေးပြီးတဲ့နောက် ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁ ရက်နေ့ထိ ခေတ္တရပ်နားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ လွှတ်တော်က ဆုံးဖြတ်ချက်ကို စောင့်ကြည့်တာအပြင် အခြေခံပညာ ကျောင်းသားတွေရဲ့ စာမေးပွဲကာလ ဖြစ်တဲ့အတွက် ခေတ္တရပ်နားခြင်းသာဖြစ်တယ်လို့ သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင် က ဆိုပါတယ်။
“အဓိကက ကျနော်တို့ ဆုံးဖြတ်ခဲ့တာကတော့ ပထမတချက်အနေနဲ့ ကျနော်တို့ ဒီကျောင်းသားတွေ စာမေးပွဲရှိတယ်၊ ကျောင်းသားတွေ စာမေးပွဲရှိတဲ့အတွက် အနှောင့်အယှက်ဖြစ်မှာကို ကျနော်တို့ စိုးရိမ်တယ်၊ စိုးရိမ်တဲ့အတွက် ဒီဥစ္စာကို လွှတ်တော်မှာ အတည်ပြု ပြဌာန်းတဲ့အထိကို သတိထား စောင့်ကြည့်ပြီးတော့ ဖိအားပေးမယ်၊ လူစုမခွဲဘဲနဲ့။ ဒါကတချက်ပေါ့နော်။ ဒုတိယတချက်အနေနဲ့ ကျနော်တို့ လွှတ်တော်ကို အချိန်ပေးတယ်ပေါ့နော်။ အချိန်ပေးတဲ့အနေနဲ့ မတ်လ ၁ ရက်နေ့အထိကို ကျနော်တို့ အချိန်ပေးထားတယ်။ ဒီဥပဒေကို အမြန်ဆုံး အတည်ပြုဖို့အတွက်ပေါ့နော်။ အဲ့ဒါမှ ကျနော်တို့ မရခဲ့ဘူးဆိုရင် ကျနော်တို့ ရည်မှန်းထားတဲ့အတိုင်း ရန်ကုန်ကို မရောက်ရောက်အောင် ချီတက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချခဲ့တာ။”
ဧရာဝတီသပိတ် စစ်ကြောင်းကတော့ လူစုမခွဲဘဲ မအူပင်နဲ့ ပုသိမ်မှာ သပိတ်စခန်း ၂ ခုဖွင့်ပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြည့်သွားမယ်ဆိုပြီး ဧရာဝတီ သပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော် က ဆိုပါတယ်။
“မအူပင်မှာ စောင့်ကြည့်သပိတ်စခန်းတခု ဖွင့်တယ်။ အခု ပုသိမ်ကို ပြန်နေတာပါ။ ပုသိမ်မှာ တခုဖွင့်ဖို့အတွက်။ ဘာကြောင့် ဒီလို ဆုံးဖြတ်တာလဲဆိုတော့ လွှတ်တော်က အတည်ပြု ဒီဥပဒေကို လွှတ်တော်ကို တင်ပြီးပြီပေါ့။ တင်ပြီးပြီဆိုတော့ လွှတ်တော်က ဒီဥပဒေကို အတည်ပြုပြီးတဲ့အချိန်အထိ စောင့်ကြည့်မယ်။ စောင့်ကြည့်တယ်ဆိုတာက အဲ့ဒီလို စောင့်ကြည့်ဖို့အတွက်ကို ကျနော်တို့က မအူပင်မှာ စောင့်ကြည့်သပိတ်စခန်းတခုဖွင့်မယ်။ ပုသိမ်မှာ စောင့်ကြည့်သပိတ်စခန်းတခု ဖွင့်မယ်။ အဲ့ဒီကနေ စောင့်ကြည့်မှာပေါ့။ အဲ့ဒီစောင့်ကြည့်နေတဲ့ ကာလအတွင်းမှာ ကျနော်တို့က ကျောင်းသားသမဂ္ဂတွေကို အင်အားပိုကောင်းအောင်လုပ်မယ်။ နောက်ပြီး အခုလက်ရှိ ကျနော်တို့ ပြန်ပြုပြင်မယ့် ပညာရေးဥပဒေအကြောင်းရယ်၊ လက်ရှိ အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့ ဥပဒေအကြောင်းတွေပေါ့။ ဘာဖြစ်လို့လဲဆိုရင် အခုလိုမျိုး ရန်ကုန်မဝင်ဘဲ ပြန်ခဲ့ရတဲ့ အကြောင်းတွေကို မိဘပြည်သူတွေသိအောင် လိုက်ရှင်းပြပြီး ဟောပြောပွဲတွေလုပ်ဖို့ အဲ့လို အစီအစဉ်တွေ ရှိပါတယ်။”
ဒီကနေ့မှာပဲ ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်က ကျောင်းသားတွေက သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံပြီး အမျိုသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ပါတယ်။ ထားဝယ် သပိတ်စစ်ကြောင်းကတော့ ထားဝယ်မြို့ကို ပြန်လည် ရောက်ရှိခဲ့တာကြောင့် ဒေသခံများက ကျောင်းသားတွေကို ကြိုဆိုခဲ့ကြပါတယ်။ ဗကသအဖွဲ့ချုပ်ဝင်များ ဦးဆောင်တဲ့ ပင်မသပိတ်စစ်ကြောင်းကတော့ လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားပေမဲ့ အာဏာပိုင်တွေက ဖိအားပေးမှုတွေ လုပ်လာရင်တော့ လက်ရှိ ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားပြီး လမ်းပေါ်မှာ ချီတက်ဆန္ဒပြမှုတွေ ပြန်ဖြစ်လာမှာဖြစ်ကြောင်း ကိုသီဟဝင်းတင် က ဆိုပါတယ်။
“အခု သတ်မှတ်ထားတာကတော့ လက်ပံတန်းမှာရှိတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှာပဲရှိမယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က ဖြိုခွဲတာ၊ တားဆီးတာတွေ ဆိုရင်တော့ ကျနော်တို့အနေနဲ့ ကျနော်တို့ ရွေးချယ်တာ မဟုတ်တော့ဘဲနဲ့ ပြန်လည်ပြီးတော့ လမ်းပေါ်ထွက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဒီအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တော့မယ်။ အဲ့လိုမျိုး အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့နော်။”
တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျောင်းသားတွေစုဝေးပြီး အမျိုးသား ပညာရေးဥပဒေကို နိုဝင်ဘာလက စတင်သပိတ်မှောက်ခဲ့ပြီးတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း အစိုးရဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရက် ၆၀ အလွန်မှာတော့ မန္တလေး - ရန်ကုန်ထိ ခရီးရှည်ချီတက်မှုကို လုပ်ခဲ့ပြီးတဲ့နောက် လမ်းတလျှောက် ပြည်သူတွေရဲ့ထောက်ခံမှု အကာကွယ်ပေးမှုတွေ ရခဲ့ပြီးတဲ့နောက်မှာတော့ အစိုးရက ကျောင်းသားတွေတောင်းဆိုတဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်ခံခဲ့ပါတယ်။ ဆွေးနွေးနေဆဲကာလမှာပဲ ရန်ကုန်ထိ ချီတက်မယ့် ကျောင်းသားတွေရဲ့ အစီစဉ်ကို လက်မခံကြောင်းနဲ့ သပိတ်မှောက်စစ်ကြောင်းတွေ သပိတ်လှန်ဖို့နဲ့ ရန်ကုန်ကိုဝင်ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ဆန္ဒအတိုင်း လွှတ်တော်ကို တင်ပေးခဲ့ပါတယ်။ သပိတ်စစ်ကြောင်းအသီးသီးက ကျောင်းသားတွေကတော့ လွှတ်တော်ကနေ အတည်ပြုပြဌာန်းပေးတဲ့အထိ သပိတ်မှောက်ပြီး စောင့်ကြည့်သွားမယ်ဆိုပြီး ကြေညာပြောဆိုထားပါတယ်။