သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေး ခရီးရှည်ချီတက်ပွဲ လုံခြုံရေးစိုးရိမ်ရ


ုမြင်းခြံမြို့ရောက် အမျိုးသားပညာရေးကန့်ကွက်ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ fb)
ုမြင်းခြံမြို့ရောက် အမျိုးသားပညာရေးကန့်ကွက်ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ fb)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ကျောင်းသားတွေ တည်းခိုနေထိုင်ရာ မြင်းခြံမြို့က စွန်းလွန်းဂူကျောင်းကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကျောင်းသားတွေရဲ့လုံခြုံရေးအတွက် မြို့ခံတွေက တာဝန်ယူပေးနေပါတယ်။ တချိန်တည်းမှာပဲ ကျောင်းသားသပိတ်စစ်ကြောင်း ဖြတ်သန်းသွားမယ့် တောင်သာမြို့က လမ်းတချို့ကို သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်တဲ့အနေနဲ့ မန္တလေးမြို့ကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်နေကြတဲ့ကျောင်းသားတွေဟာ တနင်္ဂနွေနေ့က မြင်းခြံမြို့ကိုရောက်လာခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ မြင်းခြံနည်းပညာကောလိပ်ကျောင်းသားတွေနဲ့အတူ မြင်းခြံဒီဂရီကောလိပ်မှာ နိုင်ငံတော်အလံကိုဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်အတွက် ကျောင်းသားတွေကို ပုဒ်မ (၁၆) အလံတော်ဆိုင်ရာ ပုဒ်မနဲ့ အမှုဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့ကနေ တောင်သာမြို့ကိုဖြတ်သွားမယ့် လမ်းကြောင်းတလျှောက်မှာ သံဆူးကြိုါ်တွေကာရံပြီး လမ်းတချို့ပိတ်ထားသလို တောင်သာမြို့မှာလည်း လက်ပတ်အနီပတ်ထားတဲ့ အရပ်ဝတ်တွေ တွေ့နေရကြောင်း တောင်သာမြို့ဘက်က ဗကသကျောင်းသားတွေက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေပါတဲ့ ကားတွေ သွားလာနေတာကို နာရေးကူညီမှုအသင်းကမြင်တွေ့ခဲ့ရပုံကိုလည်း သတင်းပို့ကလာကြောင်း၊ တောင်သာမြို့မှာတော့ အတားအဆီးတွေ လုပ်နေကြောင်း ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ကိုသီဟဝင်းတင်က ပြောပါတယ်။

“နာရေးကူညီမှုကနေပြီးတော့ ဖုန်းဆက်တာ။ ဆက်လာပြီးတော့ ကျနော်တို့က စောင့်ကြည့်နေတဲ့အနေအထားမျိုးမှာပဲ အဲဒီကားတွေက မြင်းခြံမြို့ကိုပဲ ကျော်သွားတာလား၊ မြင်းခြံမြို့ထဲပဲ မရောက်တာလားတော့ မသိဘူး၊ ပျောက်သွားတယ်။ အဲဒါနဲ့ ကျနော်တို့ တချို့ရဲဘော်တွေကို အပြင်ထွက်ပြီး စုံစမ်းခိုင်းတော့ သူတို့က တောင်သာအထိကို ရောက်သွားတယ်။ တောင်သာအထိရောက်သွားတဲ့ အနေအထားမှာ တောင်သာဘက်မှာက barricade တွေလည်းချနေတယ်၊ အရပ်ဝတ်လူတွေအကုန်လုံးကလည်း လက်ပတ်အနီတွေ စည်းထားတာလည်းတွေ့တယ်။ တော်တော်များတယ်ပေါ့နော်။”

တနင်္လာနေ့ညဦးပိုင်းကစလို့ ကျောင်းသားတွေတည်းခိုနေရာကို အာဏာပိုင်တွေလာရောက်ပြီး ညဘက်ခရီးထွက်မထွက် စုံစမ်းခဲ့ပြီး ပုဒ်မ (၁၈) အရ ခွင့်ပြုမိန့်တင်ပြီးမှ လုပ်ဖို့ပြောခဲ့ကြောင်းလည်း သူက ပြောပါတယ်။ ညဘက်ထွက်မထွက် မေးမြန်းပြီးတဲ့နောက် တောင်သာလမ်းကိုသွားမယ်ဆိုရင် လုံခြုံရေး တာဝန်ယူပေးဖို့ စဉ်းစားနေကြောင်းလည်း လာရောက်ပြောဆိုခဲ့ကြောင်း ပြောပါတယ်။ အဲဒီအခြေအနေကလည်း ကျောင်းသားတွေ ညပိုင်း ခရီးထွက်မထွက် လာရောက်လေ့လာတဲ့သဘောဖြစ်နိုင်တယ်လို့ ကျောင်းသားတွေက သုံးသပ်ကြပါတယ်။ မနက် ၂ နာရီ ကျော်ချိန်မှာ ကျောင်းသားတွေ တည်းခိုတဲ့ စွန်းလွန်းဂူကျောင်းတဝိုက်ကို လုံခြုံရေးတွေ နေရာယူထားတာတွေရှိကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော်တို့ကို ဒီနေ့သွားဖြစ်မယ်လို့ သူတို့က ထင်ခဲ့တာပေါ့နော်။ ကျနော်တို့က အချိန်ကာလ တအားနောက်ကျပြီးတော့ ဒီအချိန်မှာ ညအမှောင်ကို မဖြတ်သန်းချင်တဲ့အတွက်၊ ရထားတဲ့သတင်းတွေကလည်း မကောင်းတဲ့အတွက် ကျနော်တို့ မဖြတ်သန်းတာလို့ပြောတော့ သူတို့ပြောတဲ့ပုံစံက - အဲလိုဆိုလို့ရှိရင် ကျနော်တို့က လုံခြုံရေးပေးပြီး လိုက်ပို့လိုက်မှာပေါ့-တဲ့။ ကျနော်တို့ဒီက ကျောင်းသားတစ်ယောက်အကူထည့်ပြီးတော့ မှန်မမှန်သွားပြီးတော့ ကြည့်ခိုင်းပြီးပါပြီလို့- အဲဒီလက်ပတ်ဝတ်ထားတဲ့ လူစုလူစုတွေ ဟိုမှာ ဆယ်ယောက်အစုတို့၊ အယောက် ၂၀ အစုတို့ မြောင်းကင်းတဲမှာ ထိုင်နေတာတို့၊ ကုန်းတွေပေါ်မှာ ထိုင်နေတာတို့ အဲလို …တွေမှာ တွေ့ရတဲ့အကြောင်း၊ အုပ်စုလိုက် တွေ့ခဲ့တဲ့ဟာတော့ ဓာတ်ပုံကတော့ လိုက်မောင်းနေတဲ့အတွက် မရိုက်နိုင်ခဲ့ဘူး၊ ကားမီးရောင်တွေကတော့ ရင်ဘတ်မှာ စွမ်းအားရှင်စာတန်းပါတယ်၊ လက်မောင်းမှာ အဝတ်နီတွေပတ်ထားတယ်လို့ ပြောတယ်ဗျ။”

တောင်သာလမ်းမှာ မန္တလေးကနေ ရန်ကုန်အထိ ချီတက်လာနေတဲ့ကျောင်းသားတွေရှိသလို ထားဝယ်ကနေ ချီတက်လာတဲ့ကျောင်းသားတွေကလည်း လမ်းခရီးတလျှောက်မှာ မြို့ရွာတွေ မရှိတဲ့အတွက် အစာရေစာ ပြတ်နေကြောင်း သိရပါတယ်။ အလားတူ မကွေး၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက် စတဲ့ မြို့တွေက ကျောင်းသားတွေလည်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ အခု ကျောင်းသားသပိတ်မှာ အထက်တန်း ကျောင်းသားတွေလည်း ပါဝင်လာနေကြပြီး မြင်းခြံမြို့မှာ ကျောင်းသားအင်အားက ထောင်ဂဏန်းဝန်းကျင်အထိ ဖြစ်သွားခဲ့ပါတယ်။

ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေခဲ့ကြပြီး အစိုးရဘက်က ရက်ပေါင်း (၆၀) အတွင်း တရားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတရဲ့သဝဏ်လွှာမှာတော့ ပညာရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ (၉၉) ကြိမ် ဆွေးနွေး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အမျိုးသားပညာရေးဥပဒေ ရေးဆွဲစဉ်ကပါဝင်ခဲ့တဲ့ ပညာရေးနဲ့ဆိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ National Level အဆင့်မှာ ပါဝင်ခွင့်၊ ဆုံးဖြတ်ချက်ချခွင့်တွေ ကန့်သတ်ခံရတဲ့အတွက် အမျိုးသားပညာရေးဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို သဘော မတူနိုင်ကြောင်း ပြောဆိုထားခဲ့တာပါ။

လွှတ်တော်ပြန်စခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး နိုင်ငံတော်သမ္မတက အမျိုးသားပညာရေးဥပဒေကို ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စု လွှတ်တော်နဲ့ ပညာရေးဝန်ကြီးဌာနတို့ အဆိုတင်သွင်းဖို့ အပြန်အလှန် သဝဏ်လွှာတွေ ပေးပို့နေကြပေမယ့်လည်း ကျောင်းသားတွေကို တရားဝင် ကမ်းလှမ်း ညှိနှိုင်းတာတွေ မရှိသေးပါဘူး။ ကျောင်းသားတွေဘက်ကတော့ သူတို့တောင်းဆိုနေတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ NNER နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီတို့ တရားဝင်ဆွေးနွေးဖို့ပဲ တောင်းဆိုနေပါတယ်ရှင်။

XS
SM
MD
LG