သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံ ဒီဂရီကောလိပ်မှာ ကျောင်းသားအလံလွှင့်


မြင်းခြံဒီဂရီကောလိပ်အတွင်းမှာ ကျောင်းသားအလံလွှင့်ထူထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန) ဇန်နဝါရီ ၂၆၊ ၂၀၁၅
မြင်းခြံဒီဂရီကောလိပ်အတွင်းမှာ ကျောင်းသားအလံလွှင့်ထူထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန) ဇန်နဝါရီ ၂၆၊ ၂၀၁၅

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် ခရီးရှည်ချီတက်နေတဲ့ကျောင်းသားတွေ မြင်းခြံမြို့ကိုရောက်လာချိန်မှာ မြင်းခြံနည်းပညာတက္ကသိုလ် ကျောင်းသားတွေလည်း သပိတ်မှောက်ကျောင်းသားတွေနဲ့ပူးပေါင်းခဲ့ကြပြီး မြင်းခြံတက္ကသိုလ်ထဲမှာ အစိုးရအလံကိုဖြုတ်ချ၊ ကျောင်းသားသမဂ္ဂအလံကို လွှင့်တင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေရန်ကုန်မြို့ရောက်အောင် ခရီးရှည်ချီတက်လာရာမှာ မြင်းခြံမြို့ကိုရောက်တဲ့အချိန် ကျောင်းသားအင်အား ထောင်ဂဏန်းလောက်ဖြစ်သွားပြီး မြင်းခြံဒီဂရီကောလိပ်ကို ဝင်ရောက်ခဲ့ကြပါတယ်။ အတားအဆီးတွေကြားက ကျောင်းသားအလံကိုတင်နိုင်ခဲ့တယ်လို့ ရမည်းသင်းနည်းပညာကောလိပ် သပိတ်မှောက်ကျောင်းသား ကိုအောင်ထက်နိုင်က ပြောပါတယ်။

“မြင်းခြံနည်းပညာကောလိပ်ထဲကိုဝင်ပြီးတော့ ကျောင်းသားတွေကို အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ဟောပြောပါတယ်။ အဲဒီအခါမှာ ကျောင်းသားတွေကလည်း တခဲနက်ထောက်ခံပြီးတော့ ကျနော်တို့ သပိတ်စစ်ကြောင်းနဲ့အတူ နည်းပညာကျောင်းသား ၄၀၀ လောက်က ပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။ မြင်းခြံဒီဂရီကောလိပ်ကို သပိတ်စစ်ကြောင်းက ဗကသအင်အားစုတွေရော၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရော၊ မြင်းခြံနည်းပညာကျောင်းက ကျောင်းသားတွေရော အင်အား (၁) ထောင်လောက်ရှိတဲ့ သပိတ်စစ်ကြောင်းက မြင်းခြံဒီဂရီကောလိပ်ဘက်ကို သွားတယ်။ မြင်းခြံဒီဂရီကောလိပ်အပေါက်ကို ရောက်တဲ့အခါမှာ မြင်းခြံဒီဂရီကောလိပ်ရဲ့ကျောင်းအုပ်လား၊ ပါချုပ်လား ကျနော် မသိဘူးပေါ့နော်- ဆရာကြီးကထွက်လာပြီးတော့ ကျနော်တို့ကို ဝင်ခွင့်မပေးပါဘူး၊ သူ့ရဲ့ မြင်းခြံဒီဂရီကောလိပ်ကကျောင်းသားတွေသာလျှင် ဝင်ခွင့်ပေးပါတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေက လက်မခံဘဲနဲ့ ကျောင်းတခါးကို တွန်းဖွင့်ပြီးတော့ အထဲဝင်သွားတယ်၊ ဝင်သွားပြီးတော့ အထဲမှာ မြင်းခြံဒီဂရီကောလိပ်က ကျောင်းသူကျောင်းသားတွေကလည်း ကျနော်တို့ သပိတ်စစ်ကြောင်းကို ကြိုဆိုနေပါတယ်။ အဲဒီအခါမှာ ကျနော်တို့က အထဲကိုဝင်ပြီးတော့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး မြင်းခြံဒီဂရီကောလိပ်ရှေ့မှာ ဟောပြောပါတယ်။ တက်ရောက်လာတဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားတွေကနေပြီးတော့ မြင်းခြံဒီဂရီကောလိပ်ရှေ့မှာရှိတဲ့ အလံတိုင်ပေါ်က လက်ရှိအစိုးရသုံးထားတဲ့ နိုင်ငံတော်အလံကိုဖြုတ်ချပြီးတော့ ကျောင်းသားခွပ်ဒေါင်းအလံကို လွှင့်တင်ခဲ့ပါတယ်။”

လက်ရှိ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို ဗကသများအဖွဲ့ချုပ်က ဆက်လက် ဦးဆောင်သွားမှာဖြစ်ပြီး ကျန်စစ်ကြောင်းတွေကို ဗကသ (မြေလတ်) နဲ့ တကသများက ဦးဆောင်ပြီး သပိတ်တိုက်ပွဲဆင်နွဲသွားမှာဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ထုတ်ပြန်ကြေညာ ထားပါတယ်။ ထားဝယ်ဘက်က သပိတ်မှောက်ကျောင်းသားတွေလည်း ချီတက်လာနေပြီဖြစ်သလို ဧရာဝတီတိုင်းဘက်ကလည်း ချီတက်လာနေတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာတော့ မြို့နယ်ပေါင်းစုံက ကျောင်းသားတွေဆန္ဒပြနေကြောင်းနဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ပူးပေါင်းသွားမှာ ကျောင်းသူတဦးက ပြောပြပါတယ်။

“ဟုတ်ကဲ့၊ ညီမတို့က မပူးပေါင်းဘူးရယ်လို့တော့ မဟုတ်ဘူးရှင့်။ မြေလတ်ဒေသမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ မြေလတ်ဒေသမှာ သီးသန့်ဆန္ဒပြတာပါ။ သူတို့နဲ့ကတော့ ပူးပေါင်းဖို့အစီအစဉ်တွေတော့ ရှိပါတယ်။ ဘာကြောင့်ဆန္ဒပြတာလဲဆိုတော့ လွှတ်တော်ကနေပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ညီမတို့အနေနဲ့ သဘောမတူလို့ ဆန္ဒပြနေတာပါ။ မြေလတ်ဒေသမှာရှိတဲ့ ကျောင်းသားသမဂ္ဂအပါအဝင် မြေလတ်ဒေသကမှာရှိတဲ့ ပြည်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ မကွေး- အဲဒီမြို့ငါးမြို့က ကျောင်းသားတွေက ဆန္ဒပြနေတာပါ။”

ကျောင်းသားတွေ ချီတက်ရာလမ်းတလျှောက် မြင်းခြံမြို့မှာ ဒေသခံပြည်သူတွေကအားပေးခဲ့ကြတဲ့အတွက် လူဦးရေဟာ သောင်းဂဏန်းလောက်အထိ ဖြစ်ခဲ့ပြီး ရန်ကုန် နာရေးကူညီမှုအသင်းက ဆေးဝါး၊ အစားအစာနဲ့ လိုအပ်ချက်တွေကို အကူအညီပေးနေပြီး ရန်ကုန်ရောက်တဲ့အထိ ဆက်လက်ကူညီသွားမယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်တာမလုပ်ဖို့ အတားအဆီးတချို့ ရှိခဲ့သလို မြို့နယ်တွေအလိုက် လိုက်လံစောင့်ကြည့်မှတ်တမ်းယူတာတွေလည်း ရှိနေပါတယ်။

ကျောင်းသားတွေကတော့ အစိုးရ၊ လွှတ်တော်နဲ့ ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ NNER၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဆွေးနွေးကြဖို့ကိုသာ တောင်းဆိုနေပြီး အစိုးရနဲ့လွှတ်တော်ကတော့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်နိုင်ရေး အပြန်အလှန် သဝဏ်လွှာ ပို့နေဆဲဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နိုင်ခြင်းမရှိတာကြောင့် - ဆိုပြီး ကန့်ကွက်သပိတ်မှောက်နေကြတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG