လက်ပံတောင်းကြေးနီစီမံကိန်းကိစ္စ ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံတွေကို အကူအညီပေးနေသူ အထက်မြန်မာ ပြည် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ မဖြူနှင်းထွေးကို ရဲကဖမ်းပြီး မုံရွာထောင်မှာ ချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလမှာ ဝမ်ပေါင်ကုမ္ပဏီက တရုတ်အလုပ်သမားနှစ်ဦးကို ပြန်ပေးဆွဲမှုနဲ့စွပ်စွဲပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒီအတွက် သူ့ကိုပြန်လွှတ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းလုပ်နေတဲ့အတွက် လက်ပန်းတောင်းတောင် ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေဟာ မြန်မာ့ စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီတို့ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အခုထိ ကန့်ကွက်ဆန္ဒပြနေခဲ့ကြတာပါ။ ပြီးခဲ့တဲ့မေလတုန်းက လက်ပန်းတောင်း အရေး ဆောင်ရွက်သူ ကိုအောင်စိုးနဲ့ ရွာသားတွေကို လာရောက်ဖမ်းဆီးခဲ့ပြီး နောက်တရက်မှာပဲ လက်ပန်းတောင်းမှာ စီမံကိန်းအတွက် ခြံစည်းရိုးလာခတ်တဲ့ တရုတ်ဝန်ထမ်း နှစ်ဦးကိုလည်း ရွာသားတွေက ထိန်းသိမ်းထားခဲ့ပြီး လျော်ကြေးမယူတဲ့လယ်တွေ ခြံစည်းရိုးလာခတ်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့နဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတွေကို တောင်းဆိုခဲ့တာပါ။ ဒီ့အတွက် အာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး ရဲအင်အားနဲ့ ရွာထဲဝင်ခဲ့သလို ရွာသားတွေဘက်ကလည်း အာဏာပိုင်တွေရဲ့ ကားတွေ၊ ဆိုင်ကယ်လ်တွေကို ဖျက်ဆီးခဲ့တဲ့အထိ အခြေအနေ တင်းမာခဲ့ပါတယ်။
တရုတ်ဝန်ထမ်းနှစ်ဦးကို ရွာသားတွေက ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက်မှာတော့ မဖြူနှင်းထွေးအပါအဝင် ဒေသခံ ၇ ဦးကို ဆားလင်းကြီးမြို့နယ် ရဲစခန်းကနေ ပြန်ပေးဆွဲတယ်ဆိုတဲ့အမှုနဲ့ အမှုဖွင့်ထားပါတယ်။ ရုံးက ဆင့်ခေါ်ချိန်မှာ ၅ ဦး သွားခဲ့ပြီး မဖြူနှင်းထွေးနဲ့ တခြား ရွာသားတစ်ဦးက မသွားခဲ့ကြတဲ့အတွက် ပြီးခဲ့တဲ့စနေနေ့က မန္တလေးမြို့က နေအိမ်မှာလာရောက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဗကသများအဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။
“စနေနေ့ နေ့လည်း တနာရီခွဲမှာ မုံရွာ အမှတ်(၁) ရဲစခန်းကနေ မုံရွာထောင်ကြီးချုပ်ကို ပို့လိုက်ပြီလို့ ဒီနေ့ မုံရွာခရိုင် ကျောင်းသားတွေက ကျနော်တို့ဆီကို ဖုန်းဆက် အကြောင်းကြားလာတယ်။ အခု မုံရွာထောင်ကို ပို့လိုက်တဲ့အခါကျတော့ ဘာအမှုနဲ့လဲ၊ ဘာပုဒ်မနဲ့လဲမေးလိုက်တဲ့အခါကျတော့ သူတို့က ၃၆၄၊ ၃၆၈ လို့ နှစ်မှု တပ်ထားတယ်။ တာဝန်သိတဲ့ပြည်သူတစ်ယောက်အနေနဲ့၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေ၊ ပြည်သူတွေရဲ့ပြဿနာတွေကြားမှာ ဝင်ရောက်ဖြေရှင်းတာဖြစ်တယ်။ အရင်ကလည်း ကျနော်တို့လည်း ကူညီခဲ့တယ်။ သူကလည်း ကူညီခဲ့တယ်။ အာဏာပိုင်တွေက ကျနော်တို့ ကူညီဆောင်ရွက်နေမှုတွေကို ခေတ်အဆက်ဆက်ကတည်းက နာမည်ဖျက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာဖြစ်တယ်။ ဒီဖြစ်စဉ်မှာလည်း သူ့ကို ပြန်ပေးမှုထဲမှာ ပါတယ်။ ပြန်ပေးမှုကို ကြိုးစားအားထုတ်တဲ့အချိန်မှာ စီစဉ်ဆောင်ရွက်သူတွေထဲမှာတယ်။ ဒါကတော့ အာဏာပိုင်တွေက ကျနော်တို့ကျောင်းသူကို ဆွဲထည့်ထားတာပဲ။”
မေလတုန်းကတော့ ရဲစခန်းကိုလာရောက်စစ်ဆေးခံတဲ့ ရွာသားငါးဦးကို အာဏာပိုင်တွေက ကျေအေးပေးခဲ့ပါတယ်။ ကာယကံရှင်များဖြစ်တဲ့ ရွာသား ငါးဦးကို အပြစ်မရှိဘူးဆိုပြီး ကျေအေးပြီးခဲ့ရင် အဲဒီရွာမှာ ဧည့်သည်ဖြစ်တဲ့ မဖြူနှင်းထွေးဟာ ဥပဒေအရ အပြစ်ချစရာအကြောင်းမရှိဘူးလို့ မန္တလေးမြို့က ရှေ့နေ ဦးသိန်းသန်းဦးက ဆိုပါတယ်။
“အမှုဖြစ်စဉ်အရ ပြောရရင်တော့ မူလရွာသားတွေကို လွှတ်လိုက်တာတော့ သူ့ကို စွဲဆိုစရာမရှိပါဘူး။ ဒီ ဗကသ-က ဒီကလေးမလေးက ကူညီတာပဲဗျာ။ ကာယကံရှင်တွေ၊ စွပ်စွဲခံရသူတွေက ဟိုမှာ ဒေသခံတွေပဲ။ ဒေသခံတွေကိုမှ လွှတ်ပေးလို့၊ ကျေအေးပေးလို့ရှိရင် သူကလည်း အပြစ်ရှိတယ်လို့ ယူဆစရာ အကြောင်းမရှိဘူးဗျ။ ရုံးမတင်သေးဘူးပေါ့ဗျာ။ ရုံးတင်တယ်ဆိုရင်လည်း ကျနော်တို့ ဝိုင်းလိုက်ကြမှာပါ။ ကျနော်တို့လည်း ဒီကိစ္စကို လက်ပိုက်မကြည့်ပါဘူး။”
တကယ်တော့ အဲဒီဖြစ်စဉ်မှာ ရွာသားတွေကို သူတို့လယ်မြေမှာ ပြန်လည်ထွန်ယက်ခွင့် ပြုမယ်၊ တရုတ်နိုင်ငံသားနှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေ အပါအဝင် ဘယ်သူ့ကိုမှ အရေးမယူဘူးဆိုတာ ညှိနှိုင်းပြီးမှ တရုတ်နိုင်ငံသားနှစ်ဦးကို အာဏာပိုင်တွေလက်ထဲ ပြန်လည် လွဲှပြောင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးခွင့် ပြန်မရကြတော့တာကြောင့် ဒီကနေ့အထိ ဆန္ဒပြနေကြတာပါ။
စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ ဒေသခံအင်အား ရာနဲ့ချီပြီး လယ်ယာလုပ်ကိုင်နေသူတွေ လုပ်ကိုင်စားသောက်စရာမရှိတဲ့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လက်ပန်းတောင်းဒေသမှာ ကျောင်းဆရာမအဖြစ် လာရောက်သင်ကြားပေးနေတဲ့ လက်ပန်းတောင်းအရေး ကူညီပေးနေသူ မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ရေးကိုလည်း တောင်းဆိုခဲ့ကြောင်း ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက ကလည်း မိန့်ပါတယ်။
“သူတို့ ဆန္ဒဖော်ထုတ်တဲ့အချိန်မှာ လူအင်အားဖြင့်တော့ အနည်းဆုံး ၅၀၀၊ ၆၀၀ လောက်တော့ ရှိမယ်ပေါ့ဗျာ။ ဒါ မဖြူနှင်းထွေးလွတ်မြောက်ရေးအတွက် ကမ်ပိန်းတခုအနေနဲ့ ရွာတိုင်းရွာတိုင်းမှာ မဖြူနှင်းထွေး ချက်ချင်းလွှတ်တို့၊ Free..Free Phyu Hnin Htway အစရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးတော့ မဖြူနှင်းထွေး လွတ်မြောက်ကြောင်းအတွက် လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ၂၀၁၂ ခုနှစ်အတွင်း ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရှိခဲ့ပြီး စီမံကိန်းနယ်မြေထဲက လယ်တီသိမ်ကို ကာကွယ်ဖို့ သပိတ်စခန်းဖွင့် ကန့်ကွက်တဲ့ သံဃာတော်တွေလည်း မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခံခဲ့ရပါတယ်။ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရက ၅၁ %၊ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ ဦးပိုင်လိမိတက်တို့က ၄၉ % ခံစားဖို့ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ပန်းတောင်စီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့အစီရင်ခံစာအပေါ်မှာ လိုက်နာမှုမရှိဘူးလို့ ကော်မရှင်အဖွဲ့ဝင်တွေက ဝေဖန်ထားတာပါ။ လက်ပန်းတောင်အရေး တက်ကြွလှုပ်ရှားသူ အတော်များများကိုတော့ အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။