သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်း ဖမ်းဆီးခံကျောင်းသားများ တရားရုံးထုတ်


အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေး သပိတ်မှောက်ဆန္ဒပြတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၇၀ ကို လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပါတယ်။ ရုံးထုတ်ခံရတဲ့ တရားရုံးအပြင်ဘက်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတချို့ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လုံခြုံရေးအင်အားတွေ တင်းကျပ်စွာချထားပြီး ကျောင်းသားကျောင်းသူအားလုံးကို လက်ထိပ်ခတ်ပြီး လက်ပံတန်းတရားရံုံးမှာ ရံုံးတင်စစ်ဆေးဖို့ ခေါ်ဆောင်လာခဲ့ချိန်မှာတော့ အချုပ်ကားပေါ်က ကျောင်းသားတွေနဲ့ အပြင်ကနေ လာရောက်ကြတဲ့ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“အရေးတော်ပုံအောင်ရမည်… အရေးတော်ပုံအောင်ရမည်…”

လက်ပံတန်းတရားရုံးထဲမှာ ရုံးထုတ်ခဲ့ပြီးတဲ့နောက် ဧပြီလ ၉ ရက်နေ့မှာ ပြန်လည်စစ်ဆေးဖို့အတွက် အမိန့်ချခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေကို အချုပ်ကားပေါ်အထိ လက်ထိပ်ခတ်ထားတာ မလုပ်ဖို့အတွက် အာဏာပိုင်တွေနဲ့ ရှေ့နေတွေ အတော်လေး အချေအတင် ပြောခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“ရုံးထုတ်တော့လည်းပဲ တရားလိုဘက်ကနေပြီးတော့ ရုံးပြောင်းပေးဖို့ဆိုပြီးတော့ လျှောက်ထားချက်အရ အမှုတွဲက အောက်ရုံးမှာမရှိတော့ဘူး။ ခရိုင်ရုံးကိုရောက်သွားတယ်။ အဲဒီတော့ ခရိုင်ရုံးမှာ ကြားနာပြီးမှ ဒီအမှုကို ပြန်ပြီးတော့ ချလို့ရမယ်။ ပြီးတော့တခါ ဘာဖြစ်လဲဆိုတော့ မိန်းကလေးတွေကို လက်ထိပ်ခတ်တယ်။ ရဲလက်စွဲအပိုဒ် ၁၃၈ အရ လက်ထိပ်ခတ်လို့မရဘူး။ ဒါပေမဲ့ လက်ထိပ်ခတ်တယ်။ ပထမတချိန်းတုန်းကတော့ တရားသူကြီးက မိန်းကလေးတွေကို လက်ထိပ်မခတ်ဖို့ အမိန့်ပေးတယ်ပေါ့နော်။ အဲဒါကို သူတို့က လက်ထိပ်ဆက်ခတ်တယ်။ လက်ထိပ်ဆက်ခတ်ပြီးတော့ ဒီအချုပ်ကားထဲအထိပါ လက်ထိပ်ခတ်တဲ့ ပြဿနာတွေကြောင့် တော်တော်လေးကို အချေအတင် ပြောရတာမျိုးတွေ ဖြစ်လာတယ်။ သူတို့နောက်ဆုံးတော့ ကျနော်တို့ အတင်းအကျပ် တောင်းဆိုတဲ့အခါကျတော့ အချုပ်ကားထဲမှာ လက်ထိပ်ကို တဘက်တော့ ဖြုတ်ပေးတယ်ပေါ့ဗျာ။”

လက်ပံတန်းတရားရုံး ထုတ်တဲ့နေရာကို ကျောင်းသားကျောင်းသူတွေ တက်ကြွလှုပ်ရှားသူတွေ အတော်များများ လာရောက်ခဲ့ပြီး ကျောင်းသားတချို့ကတော့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြတာ၊ performance လုပ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“ဆန္ဒကတော့ ပြကြတယ်။ အထဲကရော၊ အပြင်ကရော။ အထဲကလူတွေက ဘာလဲဆိုတော့ သူတို့ ကတိကဝတ်လုပ်ထားတယ်၊ လက်ထိပ်ဖြုတ်ပေးဖို့။ ကားပေါ်ရောက်တဲ့အခါ လက်ထိပ်ဖြုတ်ပေးမယ်လို့ ပြောထားတဲ့ဟာကို လက်ထိပ်မဖြုတ်ပေးလို့ အဲဒါကို အော်တာပေါ့နော်။ ကြွေးကြော်သံတွေ တိုင်တော့ လက်ထိပ်ဖြုတ်ပေးတယ်။ အပြင်ကလူတွေကလည်း performance တွေလည်း လုပ်တယ်။ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်။”

မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ ကျောင်းသားကျောင်းသူတွေလည်း ရုံးထုတ်တဲ့နေရာကို လာရောက်ကြပြီး ဆန္ဒထုတ်ဖော်ကြသလို ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားတွေကို လာရောက်မေးမြန်းခဲ့ပါတယ်။ ဒီထဲမှာ ပင်မသပိတ်စစ်ကြောင်းမှာပါဝင်ပြီး မကြာသေးခင်ကမှ ပြန်လွတ်လာခဲ့တဲ့ မခိုင်ဇင်သက်က အခုလို ပြောပြပါတယ်။

“သမီးတို့ ရဲဘော်တွေရဲ့ အခြေအနေကိုလည်း သိချင်လို့ပေါ့။ ပြီးတော့ သူတို့လုပ်စေချင်တာလေးတွေလည်း မေးတယ်ပေါ့။ အပြင်မှာ သမီးတို့ကို သူတို့ဘာတွေလုပ်စေချင်သလဲပေ့ါ။ သူတို့ကအထဲမှာဆိုတော့ လှုပ်လို့မရတော့ သမီးတို့ အပြင်ကလူတွေကို သူတို့ ဘာလုပ်စေချင်သလဲဆိုတဲ့ဟာကို အဓိကမေးတာ။ သူတို့ရဲ့သဘောထားကို မေးတာပေါ့ အဓိကကတော့။ သူတို့ကတော့ သူတို့လိုချင်တဲ့ ၁၁ ချက်ကို ရအောင်လုပ်ပါပေါ့။ အဲဒီကိစ္စကိုပဲ လုံးပန်းဆိုပြီးတော့ပဲ ပြောတယ်။ သူတို့ကတော့။ အဲဒါအဓိကပဲပေါ့။ သူတို့လွတ်တာ မလွတ်တာ အရေးမကြီးဘူးပေါ့။ အထဲကိုရောက်ရတဲ့ အကြောင်းရင်းကိုပဲ သူတို့ ဆက်လုပ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျောင်းသားတွေကိုတောင်မှပဲ ဒီလိုလုပ်ထားတယ်ဆိုကတည်းကိုက သူတို့ ၄ ပွင့်ဆိုင်ထဲမှာ ပါတဲ့အချက်တွေကို ချိုးဖောက်ပြီးတော့ ဖမ်းထားတာကိုး။”

ကျောင်းသားတွေကို လာမယ့် ၉ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး သူတ့ိုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ လုံခြုံရေးတင်းကျပ်စွာချထားသလို မိဘတွေနဲ့ တခြားလာရောက်ကြည့်ရှုသူတွေကို အစပိုင်းမှာ တွေ့ခွင့်မပေးတာကြောင့် အတော်ကို ဆွေးနွေးပြောယူရတယ်လို့လည်း ရှေ့နေတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လက လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ဖြိုခွဲဖမ်းဆီးပြီးတဲ့နောက် ကျောင်းသားနဲ့ ဝန်းရံအားပေးသူ ၇၀ ကို သာယာဝတီထောင်မှာ ဖမ်းဆီးထားခဲ့ပြီး နောက်ထပ်လည်း အဖမ်းဆီးတွေ ရှိနေသလို တရားစွဲဆိုမှုတွေလည်း ရှိနေတာပါ။

တိုင်းနဲ့ပြည်နယ်အနှံ့မှာတော့ ကျောင်းသားတွေ ပြန်လွတ်ပေးရေး တောင်းဆိုတဲ့သူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုမှုတွေ ရှိနေသလို ကျောင်းသားသပိတ်ကို အားပေးထောက်ခံတဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က သတိပေးနေတာတွေလည်း ရှိနေပါတယ်။ နိုင်ငံတကာမှာလည်း ကျောင်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုမှုတွေ လုပ်လာကြသလို အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတချို့ကလည်း ကျောင်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG