သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် (၆၀) အတွင်း လိုလားချက်တွေ အကြောင်းပြန်ဖို့ ဆန္ဒပြကျောင်းသားများ တောင်းဆို


စတုတ္ထမြောက်နေ့ အမျိုးသားပညာရေးဥပဒေကန့်ကွတ်မှုမြင်ကွင်း (နိုဝင်ဘာ ၁၇၊ ၂၀၁၄။ ဓာတ်ပုံ/ညီညီအောင်)
စတုတ္ထမြောက်နေ့ အမျိုးသားပညာရေးဥပဒေကန့်ကွတ်မှုမြင်ကွင်း (နိုဝင်ဘာ ၁၇၊ ၂၀၁၄။ ဓာတ်ပုံ/ညီညီအောင်)

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ (၄) ရက်မြောက်နေ့အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ် ဆက်ဆင်နွဲှနေပြီး ရက်ပေါင်း (၆၀) အတွင်း သူတို့ကို အစိုးရက အကြောင်းမပြန်ရင် ဆန္ဒပြပွဲကို အရှိန်မြှင့်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေါ်အပြီးမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီးပြီး ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို (၄) ရက်မြောက်နေ့အဖြစ် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြတာပါ။ သူတို့သတ်မှတ်ထားတဲ့ (၄) ရက်မြောက်နေ့ အပြီး ရပ်ပေါင်း (၆၀) အတွင်း တောင်းဆိုချက်တွေကို အစိုးရက အကြောင်းမပြန်ရင် သပိတ်မှောက်ဆန္ဒပြမှုကို အရှိန်မြှင့်သွားမယ်လို့ ဒီမိုရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ကျမတို့ သပိတ်တိုက်ပွဲကို ရပ်ဆိုင်းလိုက်မှာမျိုး လုံးဝမဟုတ်ပါဘူး။ သပိတ်တိုက်ပွဲက ဒီအတိုင်း ဆက်ရှိနေမယ်။ သပိတ်တိုက်ပွဲကို အရှိန်မြှင့်ဖို့အတွက် ကျမတို့ အစိုးရကို ရက်ပေါင်း (၆၀) ရာဇသံပေးမယ်။ ရက်ပေါင်း (၆၀) အတွင်းမှာ တစုံတရာ အကြောင်းပြန်ဖို့ပေါ့နော်- ဟိုတနေ့ကဆို ကျမတို့ ဘာလိုချင်လဲဆိုတာ တိတိကျကျ ပြောခဲ့တယ်။ ကျမတို့ ကြေညာချက်တွေ အသီးသီးလည်း ထုတ်ခဲ့ပြီးပါပြီ။ ကျမတို့ကို တစုံတရာ အကြောင်းပြန်ပါ။ တစုံတရာ အကြောင်းမပြန်လို့ရှိရင် ဒိထက်ကြီးမားတဲ့ပုံစံနဲ့ ပြန်လည် ရင်ဆိုင်ဖို့ ရှိပါတယ်။ ကျမတို့ ဒီသပိတ်တိုက်ပွဲက လုံးဝ ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ လုပ်စရာရှိတာကို ဒိထက်ပိုပြီး ကြီးကြီးမားမားလုပ်နိုင်ဖို့၊ ဒီထက်ပိုပြီး အစိုးရကို ဖိအားပေးနိုင်ဖို့အတွက် ဆက်ပြီးဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”

နိုဝင်ဘာလ (၁၆) ရက်နေ့က အဆင့်မြင့်ပညာရေးဦးစီးဌာနက ညွှန်မှူးအပါအဝင် တာဝန်ရှိသူတွေ၊ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ပါချုပ်တွေက သပိတ်မှောက် ကျောင်းသားတွေနဲ့တွေ့ဆုံပြီး နည်းဥပဒေအဆင့်မှာ ကျောင်းသားတွေလိုချင်တဲ့အချက်တွေ ဖြည့်စွက်ပေးဖို့ ကြားဝင်ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ အလွတ်သဘော ညှိနှိုင်းချက်ကို ကျောင်းသားတွေက ပယ်ချခဲ့ကြပါတယ်။ သပိတ်မှောက်နေတာကို ရပ်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“တာဝန်အရမဟုတ်ဘဲ personal လာရောက်ညှိနှိုင်းတယ်ဆိုတဲ့ ပါချုပ်နဲ့ အဆညရဲ့ လာရောက်တွေ့ဆုံမှုကလွဲလို့ ကျမတို့ကို တစုံတရာ တိကျတဲ့ ကမ်းလှမ်းချက်မျိုးမရဘူး၊ အဲဒီလိုပုံစံမျိုး ကျမတို့ကို အစိုးရဘက်က တုံ့ပြန်မှုမရတဲ့အတွက် ကျမတို့ရဲ့လှုပ်ရှားမှုကို ဒိထက်ပိုပြီး အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ ဒီလိုပုံစံနဲ့သွားတာထက် ဒီထက်ပိုပြီးတော့ ကြီးမားတဲ့အင်အားမျိုးနဲ့ ကျမတို့ သပိတ်တိုက်ပွဲကို ဆက်လက်ဆင်နွဲှဖို့ ကျမတို့ ကြိုးစားတယ်။ ရက်ပေါင်း (၆၀) အတွင်း ကျမတို့လှုပ်ရှားမှုက တနိုင်ငံလုံးအနှံ့မှာ ရှိမှာပါ။ အဲဒီအပြင်ကို ပိုကြီးမားတဲ့တိုက်ပွဲကတော့ ခုနပြောသလို ရက်ပေါင်း (၆၀) နောက်ပိုင်းမှာ ဖြစ်လာမှာပါ။”

ဒီနေ့မှာတော့ စံပြလမ်းတလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး မြို့တော်ခန်းမရှေ့မှာ နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ် ဟောပြောပွဲ လုပ်ပြီးတဲ့နောက် ထိုင်သပိတ် ဆက်ဆင်နွဲှခဲ့ပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့မှာတော့ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို အားပေးထောက်ခံကြတဲ့ ပြည်သူတွေကလည်း ရာနဲ့ချီပြီး ရှိနေခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း စောင့်ကြည့် မှတ်တမ်းယူတာ ရှိပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ဒိမိုကရေစီမဆန်တာတွေနဲ့ လူ့အခွင့်အရေး တန်းတူညီမျှမှုမရှိဘဲ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို အာမခံမှု မရှိဘူးဆိုပြီး ကျောင်းသားတွေဘက်က အချက် (၆) ချက်ထုတ်ပြီး ကန့်ကွက်ထားတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG