ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသဟာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရေးအတွက် ခရီးရှည်ချီတက်ပြီး ကန့်ကွက် သပိတ်မှောက်ခဲ့ တာကြောင့် ဖြိုခွင်းခံရပြီး ကျောင်းသားတွေဟာ အကျဉ်းထောင် အသီးသီး မှာ ထိန်းသိမ်းခံခဲ့ရတာပါ။ တနှစ်ပြည်တဲ့နေ့ မှာတော့၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့အတွက် လာမယ့် အစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အတွက် သပိတ်မှောက်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေက ဝန်းရံပြည်သူတွေကို ထိန်းသိမ်းခဲ့တာ တနှစ်ပြည့်ခဲ့ဖြစ်ပါတယ်။ တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မမျှတမူတွေကို ခံစားရပြီး တိုင်းပြည်ပြု ပြင်ပြောင်းလဲဖို့ အတွက် အခက်အခဲတွေ ရှိနေတာဟာ ၂၀၀၈ခုနှစ် ဖဲွဲ့စည်းပုံကြောင့် ဆိုပြီး ကျောင်းသားတွေ က ပြောဆိုလိုက်ပါတယ်။ ဒီအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ အတွက် တောင်းဆိုလိုက်ကြောင်း ဗကသများအဖွဲချုပ် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုရှိန်းရာဇာက အခုလိုပြောပါတယ်။
"ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ အဓိက ပြဿနာ အများစုရဲ့ အခြေခံ အကြောင်းရင်းထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံက အဓိက ကျတဲ့ အကြောင်းအရာ တရပ်လို့ ကျနော်တို့ရှု့မြင်သုံးသပ်တယ်။ ဒီဖွဲ့စည်းပုံနဲ့တော့ ဒီမိုကရေစီအစိုးရသစ် ၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် မဖြစ်ပေါ်လာနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီဖွဲ့စည်းပုံကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲသင့်တယ်လို့ ကျနော်တို့ကတော့ ယုံကြည်တဲ့အတွက် ကျနော်တို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားတာပါပဲ။ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးပါပဲခင်ဗျ။ ဒါပေမဲ့ ဖျက်သိမ်းရေး ဆိုတာ ကျနော်တို့ရဲ့ ရပ်တည်ချက်ကိုပြောတာပါ။ လက်ရှိအချိန်မှာတော့ ဘယ်လိုပဲပြောပြော ကျနော်တို့ အလုံးစုံ မဖျက်သိမ်းနိုင်ဘူးဆိုရင်တောင်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဟာ ဒီ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ စံချိန် စံညွန်းနဲ့ မမှီတဲ့ မညီတဲ့ အချက်အလက်တွေ အားလုံးကို မဖြစ်မနေ ပြင်ဆင်သင့်တယ်လို့ ကျနော်တို့မြင်တယ်။"
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း အခက်အခဲတွေ ကြုံနေရသလို စစ်တပ်ရဲ့အောက်မှာ ရှိနေမယ့် ဌာနဆိုင်ရာတွေထဲ မှာ ပြည်ထဲရေးဌာန ဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ကျောင်းသားတွေကဆိုပါတယ် ဒါဟာ တက်ကြွလှုပ်ရှားသူတွေ အတွက် နှိမ်နင်းလို့ ရအောင် လုပ်ဆောင်သေးတဲ့ အတွက် ဒီဖွဲ့စည်းပုံကနေ တချို့ အပိုင်းတွေကို ပြင်ဆင်ဖို့ လိုအပ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
" ဖွဲ့စည်းပုံအရ ပြည်ထဲရေးကို စစ်တပ်အောက်မှာပဲ ထားတဲ့အတွက် ကျနော်တို့ ထိခိုက်နစ်နာမှုတွေက အများကြီး ကြုံတွေ့နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာပဲပြောပြော အခု ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ တက်လာမယ်။ သူတို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ အကန့်အသတ်တွေကြောင့် သူတို့မှာ လုပ်နိုင်စွမ်းအားတွေ အများကြီး အခက်အခဲရှိတယ် ဆိုပေမဲ့ သူတို့လည်း သူတို့တတ်စွမ်းနိုင်သလောက် ပြည်သူလူထု အကျိုးစီးပွားအတွက် ဒီမိုကရေစီရေးအတွက် သူတို့တတ်နိုင်သလောက် လုပ်လိုက်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ယူဆပါတယ်။
ဒါပေမဲ့ အရေးကြီးတဲ့ နိုင်ငံ တနိုင်ငံရဲ့ အရေးကြီးတဲ့ ပြည်ထဲရေးလို ဌာနမျိုး ကို ရွေးကောက်တင်မြှောက်ခံရတဲ့ အနိုင်ရပါတီက ကိုင်တွယ် ထိန်းချုပ်ခွင့်မရှိပဲနဲ့ သူတို့နဲ့မဆိုင်တဲ့ စစ်တပ်က ထိန်းချုပ်ကိုင်တွယ် မှာဖြစ်တဲ့အတွက် စစ်တပ်က သူ့ရဲ့အကျိုးစီးပွားပေါ့နော် စစ်တပ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ ယူဆနိုင်တဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးဖို့တွေ ဆက်လက်အရေးယူဖို့တွေ အနှောင့်အယှက်ပေးမှုတွေ သူတို့က ဆက်လက်လုပ်ဆောင်သွားမှာက သေချာသလောက်ရှိတယ်။"
ပြီးခဲ့တဲ့ တနှစ်ကျော် မတ်လ (၁၀) ရက်နေ့ကစပြီး ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက်ဖြိုခွဲကာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ တနှစ်ကျော်ကြာတဲ့အထိ တရားရုံးတွေကနေ ကျောင်းသားခေါင်းဆာင်တဦးကို အမူပေါင်း ၂၀ကနေ့ ၉၀လောက်ထိ တရားစွဲဆိုနေတာတွေလည်း မပြီးဆုံးသေးတဲ့ အတွက် ကျောင်းသားတွေ အဖို့ တရားမျှတတဲ့ စီရင်မှုကို မခံစားရဘူး လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေအောက်မှာ အစိုးရသစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲမူတွေလုပ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲချုုပ်ကတော့ ပါတီ အနိုင်ရခဲ့ရင် အကျဉ်းထောင်တွေထဲ မှာနိုင်ငံရေးအကျဉ်းသားတဦး မှ မကျန်စေရဘူးလို့ရွေးကောက်ပွဲ မတိုင်ခင်က ပြောဆိုထားတာပါ ။ ဒါပေမဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကနေ နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူတွေ အရေးအတွက် ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာ လေ့လာသူတွေက အကဲခတ်နေကြပါတယ် ။
မကြာခင် တက်လာတော့မယ့် သမ္မတသစ်ဟာလည်း သူရဲ့လုပ်ပိုင်ခွင့် နဲ့ မြန်မာလူထုတွေ ရဲ့ နစ်နာမူတွေကို ဘယ်လောက်အတိုင်းအတာထိ လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ စိန်ခေါ်ချက်တွေ ရှိနေတယ်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံက သတင်းမီဒီယာတွေမှာလည်း ဝေဖန်ချက်တွေ ထွက်ပေါ်နေတာပါ။
ကျောင်းသားတွေကိုလည်း လက်ရှိမှာ တရားရုံးထုတ် တာတွေက နေ့စဉ် လိုလိုဖြစ်နေပြီး နေ့စဉ်သာယာဝတီနဲ့ ရန်ကုန်မှာ ရှိတဲ့ တရားရုံးကို တက်နေရတဲ့ အတွက်ကို သွားလာနေရတဲ့အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အပြင် ကျန်းမာရေး ထိခိုက်မူတွေပါ ခံစားနေရတယ်လို့လည်း ဗကသခေါင်းဆောင်တွေက ဆိုပါတယ်။
ဗကသများ အဖွဲ့ချုပ်ရဲ့တနှစ်ပြည့် ထုတ်ပြန်ချက်ထဲမှာတော့ သပိတ်မှောက် ကျောင်းသားများ တောင်းဆို ခဲ့တဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆို ချက်များ မရရှိသေးသလို အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ ပြစ်မှု ကျူးလွန်သူများကိုလဲ အမှန်တရားနှင့် အညီ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်သေးတဲ့ အကြောင်း ပြောဆိုထားပြီး အစိုးရလွှတ်တော် နဲ့ ကျောင်းသားတွေရဲ့လေးပွင့်ဆိုင် ကတိကဝတ်အတိုင်း လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ဆောင်ရွက် ခွင့်ပြန်ရရေးကိုလည်း တောင်းဆိုထားပါတယ်။