သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ပိတ်ဆို့မှု (၁၀) ရက်နေ့နောက်ဆုံးထား ဖယ်ပေးဖို့ ကျောင်းသားခေါင်းဆောင်တွေ တောင်းဆို


လက်ပံတန်းမြို့တွင်း ရန်ကုန်သွားခွင့်မရတဲ့ ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွဲှရာကို ပိတ်ဆို့တားဆီးဖို့ သွားနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၆၊ ၂၀၁၅)
လက်ပံတန်းမြို့တွင်း ရန်ကုန်သွားခွင့်မရတဲ့ ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွဲှရာကို ပိတ်ဆို့တားဆီးဖို့ သွားနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၆၊ ၂၀၁၅)

လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပိတ်ဆို့တားဆီးထားတဲ့ရဲအင်အားတွေကို မတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီနောက်ဆုံးထားဖယ်ရှားပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က အစိုးရအာဏာပိုင်တွေကို အရေးပေါ် တောင်းဆိုလိုက်ပါတယ်။ မတ်လ (၁၁) ရက် စတင်မယ့် ဆယ်တန်းစာမေးပွဲမတိုင်ခင် ရန်ကုန်မြိုကိုဝင်ပြီး ကျောင်းသားသပိတ် ရပ်နားနိုင်ဖို့ အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြပေးထားပါတယ်။

ကျောင်းသားတွေတောင်းဆိုထားတဲ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားထိ သပိတ်ကို ဝင်ရောက်ခွင့်ပေးဖို့အပါအဝင် အချက် (၈) ချက်နဲ့ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြေလည်မှု မရသေးပါဘူး။ တဘက်မှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆယ်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှာ စတင်တော့မှာပါ။

ဒီအခြေအနေကို ဗကသအဖွဲ့ချုပ်ခေါင်းဆောင်တွေဘက်က စိုးရိမ်မကင်းဖြစ်လာတဲ့အတွက် မတ်လ (၁၀) ရက် အင်္ဂါနေ့နောက်ဆုံးထားပြီး လုံခြုံရေး ရဲတွေကို ဖယ်ရှားပေးဖို့ အစိုးရတာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“အခုဆိုရင် ဒီနေ့ (၈) ရက်၊ (၉) ရက်ဖြစ်နေပြီ။ ၁၁ ရက်နေ့ကျလို့ရှိရင် စာမေးပွဲဖြေရမယ့်ဟာမှာ ကျနော်တို့အနေနဲ့ သပိတ်စစ်ကြောင်းကို ရန်ကုန် ရွှေတိဂုံ ရင်ပြင်မှာလူစုခွဲပြီးတော့ ကိုယ့်နေရာကိုယ်ပြန်ပြီးတော့ ၊ လူစုခွဲပြီး စောင့်ကြည့်တဲ့သပိတ်ပုံစံနဲ့ လွှတ်တော် …. ကို စောင့်ကြည့်မယ်ပေါ့။ အဲဒီတော့ ကျနော်တို့ ဒီမှာ ပိတ်ပင်တားဆီးခံရတဲ့ကိစ္စမှာ အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ကို ဖြေရှင်းမယ့်ဥစ္စာက ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ကို အဆင်မပြေဘူး။ ကျနော်တို့ တောင်းဆိုချက် (၈) ချက်တောင်းဆိုထားတာကို အစိုးရဘက်က လက်ခံ လိုက်လျောပေးမှုမရှိဘူး။ အဲဒီအတွက် ဒီနေ့ ဒီမှာ ကျနော်တို့ Statement ထုတ်တာက အစိုးရအာဏာပိုင်တွေက ကျနော်တို့ကို ပိတ်ဆို့ တားဆီးတဲ့ ဥစ္စာကို လာမယ့် (၁၀) ရက်နေ့ မနက် ဆယ်နာရီမတိုင်ခင်မှာ ဒီဟာတွေဖယ်ပေးဖို့၊ အကယ်၍ မဖယ်ပေးခဲ့ဘူးဆိုလို့ရှိရင် ထပ်ဖြစ်လာမယ့် ပြဿနာရပ်တွေက အစိုးရရဲ့တာဝန်ပဲဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က အစိုးရသိအောင်၊ အာဏာပိုင်တွေ သိအောင် ကျနော်တို့ အထူးကြေညာချက်ထုတ်ခဲ့တာပါ။”

မေး။ ။ သူတို့က ဒီပိတ်ဆို့တားဆီးထားတာတွေကို မဖယ်ရှားပေးဘူးဆိုလို့ရှိရင် ကိုမင်းသွေးသစ်တို့ ကျောင်းသားတွေဘက်က ဘာ ဆက်လုပ်မလဲရှင့်။

ဖြေ။ ။ မဖယ်ပေးဘူးဆိုရင်တော့ ကျနော်တို့ အချက် (၈) ချက်ကို တောင်းနေတဲ့နေရာမှာ အခု အချိန်တွေကြာလာတဲ့အမျှ အစိုးရအနေနဲ့က ဆယ်တန်းစာမေးပွဲအတွင်း လမ်းပေါ်မှာ ကျနော်တို့သပိတ်စစ်ကြောင်းရဲ့လှုပ်ရှားမှုတွေ ရှိနေတာဟာ ကျနော်တို့လိုလားချက်ကြောင့် မဟုတ်ဘဲ အစိုးရက ပိတ်ဆို့ထားလို့ဆိုတာမျိုး ပြည်သူသိအောင် ကျနော်တို့ဖော်ထုတ်ချင်တယ်။ နောက်တချက်က ဘယ်လိုမျိုးမဆို ကျနော်တို့ ကျောင်းသားအားလုံးရဲ့ သဘောဆန္ဒအရ (၁၀) ရက်နေ့၊ ဆယ်နာရီမှာ သူတို့က သဘောတူညီချက်တစုံတရာမရခဲ့လို့ရှိရင် သပိတ် စစ်ကြောင်းကို ဘယ်လိုပုံစံနဲ့ ဆက်ပြီးချီတက်မယ်ဆိုတာမျိုး အားလုံးတိုင်ပင်ထားတဲ့လမ်းကြောင်းတခုကျအောင်လို့ ကျနော်တို့ ဆက်ပြီးတော့ အဲဒီအတိုင်း အချိန်နီးတဲ့အချိန်ကျရင် ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ရှိရင် အားလုံးဆုံးဖြတ်ချက်ချတဲ့လမ်းကြောင်းကို ကျနော်တို့ ရွေးပြီးတော့ ဆက်ပြီးသွားမယ်။

မေး။ ။ အခုလို လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို ပိတ်ဆို့ခံထားရတဲ့အချိန်မှာ အမျိုးသားလွှတ်တော်မှာလည်း ပညာရေးဥပဒေ ပြင်ဆင်ရေး မူကြမ်းကြားနာပွဲ ကျင်းပနေပါတယ်။ …ဆိုတော့ အဲဒီပွဲကိုလည်း ကျောင်းသားကိုယ်စားလှယ်တွေပေါ့နော် - ကိုမင်းသွေးသစ် တို့ကလည်း တက်ရောက်နိုင်ခြင်းမရှိဘူး။ တဘက်မှာလည်း ကြားနာပွဲကို ဆက်ပြီးတော့ ကျင်းပနေတဲ့အပေါ်မှာ ကိုမင်းသွေးသစ်တို့ရဲ့ သဘောထား ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ ကျနော်တို့က ကြားနာပွဲကို ကျနော်တို့ရဲ့သဘောထားတွေကိုလည်း ထပ်ပြီးတော့ ပြောချင်တယ်။ ဒါပေမယ့် အစိုးရက တလျှောက် လုံးမှာ ကျနော်တို့နဲ့ သဘောတူညီချက် ချိုးဖောက်ထားတာရှိတယ်။ ကျနော်တို့ မယုံရတဲ့အထိကို လမ်းပေါ်မှာ ပိတ်ဆို့တားဆီးတာမျိုးတွေ ဖြစ်လာတယ်ပေါ့။ အဲဒီတော့ ကျနော်တို့က ပိတ်ပင်တားဆီးခံနေရတဲ့သပိတ်စစ်ကြောင်းကို ခေါင်းဆောင်ပိုင်းတွေက ခွာပြီးတော့ လွှတ်တော် ကြားနာပွဲကို သွားတက်လိုက်မယ်ဆိုရင် ကျနော်တို့ အားလုံးကတော့ သွားခွင့်ပေးပြီးတော့ ပြန်လာတဲ့အခါမှာ ပိတ်ပင်တားဆီးပြီးတော့ သပိတ် စစ်ကြောင်းနဲ့ ပူးပေါင်းလို့မရအောင် ကျနော်တို့ကို တခုခုလုပ်ခဲ့မယ်ဆိုလို့ရှိရင် ပင်မသပိတ်စစ်ကြောင်းနဲ့ ခေါင်းဆောင်မှု ကင်းကွာသွားတဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ အဲဒါတွေကို မျှော်တွေးပြီး ဒီအစိုးရကိုမယုံတဲ့အတွက် ကျနော်တို့ မတက်တာပါ။

လက်ပံတန်းမြို့တမြို့လုံး ပင်မကျောင်းသားသပိတ်ကိုပိတ်ဆို့တားမြစ်ထားတဲ့ ရဲအင်အားစုစုပေါင်း (၈၀၀)ကျော်လောက်ရှိတယ်လို့ မျက်မြင် သက်သေတွေကပြောပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကျောင်းသားသပိတ်ကို ထောက်ခံကူညီဖို့လာတဲ့ ဒေသခံပြည်သူတွေ ကိုလည်း ရဲတွေက တားမြစ်ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။ အစားအသောက်ရိက္ခာတွေလာရောက်လှူဒါန်းသူတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိကျောင်းသားသပိတ်အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားဆန္ဒပြပွဲတွေကိုအင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ပတ်သက်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းကခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုမြအေးတို့ပါဝင်တဲ့ ကိုယ်စားလှယ် (၆) ဦးဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကိုအစိုးရအာဏာပိုင်တွေက အင်အားသုံးအကြမ်းဖက်ဖြိုခွင်းတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလည်း စနေနေ့ကကျင်းပတဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG