သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ဖွဲ့စည်းပုံပြင်ရေး ၈၈ အကြမ်းမဖက် ဆောင် ရွက်မည်


ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ NLD နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ၈၈မျိုးဆက်)
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ NLD နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ၈၈မျိုးဆက်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြမ်းမဖက် လူထု လှုပ်ရှားမှုနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောလိုက်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ် ကျင်းပခဲ့တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြထားပါတယ်။

ဒီဆွေးနွေးပွဲဟာ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ လက်ရှိမြန်မာနိုင်ငံ ရဲ့ အခြေအနေမှာ ရှေ့ဆက် ဘာတွေဆောင်ရွက်မလဲ ဆိုတာတွေကိုဆွေးနွေး ခဲ့ကြတာပါ။ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူမှုဘ၀ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ဒီမိုကရေစီ်ပြုပြင်ပြောင်းလဲရေး မျက်ခြေမပြတ်ဆောင်ရွက်နိုင်ဖို့ စတဲ့ အချက်တွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောပါတယ်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မြို့နယ်ဆက်ဆံရေးရုံးအဖွဲ့များနှင့် တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄။ (88 FB)
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မြို့နယ်ဆက်ဆံရေးရုံးအဖွဲ့များနှင့် တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄။ (88 FB)

"အရင်အစိုးရလက်ထက် အများစု ပစ်ချခဲ့ဲတဲ့ အထုတ်တွေ ရှိတယ်ဗျ။ အဲ့တာတွေ တော်တော် ရှုပ်ထွေးနေတယ်။ အဲ့တာတွေက ကျနော်တို့ ရှေ့ဆက် တက်ရမယ့်လမ်းမှာ အတားအဆီးလည်းဖြစ်တယ်။ ဝန်ထုတ်ဝန်ပိုး လည်း ဖြစ်တယ်။ ကျနော်တို့ အဲ့တာတွေကို လျစ်လျူရှုလို့မရဘူး။ လျစ်လျူရှု့လိုက်ရင် မြန်မာပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေကို လတ်တလော နစ်နာဆုံးရှုံးမှုတွေကို ကျနော်တို့က လျစ်လျူရှု့သလိုဖြစ်သွားမယ်။ အဲ့တာကြောင့် ကျနော်တို့တွေက အဲ့တာကိုလည်း ကူညီပြီးတော့ ဖြေရှင်းပေးတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီမိုကရေစီအရေးကိုလည်း မျက်ခြေပြတ် သွားလို့မရဘူးဆိုတာလည်း အမြဲတမ်း အသိပေးတယ်။"

ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဓိက ဘာတွေဆွေးနွေးခဲ့သလဲဆိုတာမေးကြည့်တော့-

" ပုဒ်မ ၄၃၆ ကျနော်တို့က တည့်တည့်ပဲပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးရဲ့ အချုပ်ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အင်မတန် ကျပ်တည်းနေတယ်။ အခက်အခဲဖြစ်နေတဲ့ အချက်ကို အမှန်တကယ်ဖြေပေးနိုင် မယ့် အချက်ဖြစ်တယ်။ ဆိုလိုတာက ဒါကတော့ အဓိက သော့ချက်ကိုပြောတာပဲ။ အဲ့ဒီ့ တစ်ချောင်းကို ပွင့်ပြီဆိုရင် ကျန်တာတွေက လွယ်ကူချောမော သွားလိုက်မယ်။ အဲ့ဒီ့အတွက် ကျနော်တို့က အားစိုက်ဖို့က မျက်ခြေမပြတ်ဖို့ အဲ့ဒီ့အလုပ်ကို ဝိုင်းပြီးတော့ အလုပ်လုပ်ကြဖို့ ဒီဟာကိုတော့ ပြောချင်ပါတယ်။"

မေး။ ။ ဒီနေရာမှာပေါ့နော်။ အားလုံးသိအောင်လို့ ချပြမယ့် အပိုင်းရှိမလားရှင့်။ တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်သွားမယ်ဆိုတဲ့ အပိုင်းမှာ ဘယ်လိုပုံစံမျိုးလဲပေါ့နော်။ ဒီလိုချီတက်ဆန္ဒထုတ်ဖော်တဲ့ပုံစံမျိုး သွားမလား။

"အမှန်က ဒီလိုပါ။ ဘယ်လိုပြောပြော။ ဆန္ဒပြတယ်လို့ ကျနော်တို့က တသက်လုံးပြောလာတာပါ။ အခုမှ ဆန္ဒထုတ်ဖော်တယ်။ဆိုတော့ နည်းနည်းသက်သာမလားလို့ အတူတူပဲဗျ ဆန္ဒပြတာပဲ။ ဆိုလိုတာက ဆန္ဒပြတယ်ဆိုရင်ပဲ အပြစ်ရှိသလိုလို၊ ကြမ်းတမ်းသလိုလို ထင်နေတယ်။ အဲ့တာကြုံတုန်းမှာ ပြောတာပါ။ စကားလုံးရွေးချယ်မှုက အမှန်က ဆန္ဒပြတာပဲ။ အဲ့တာကို တမျိုးပြောချင်ရင် ကျနော်က သိပ်မငြင်းဘူး။ ဆန္ဒပြတယ်ဆိုတာ ဖော်ထုတ်ပြသတာပဲလေ။ ဘာမှ မထူးပါဘူး။ အရင်တုန်းက ကျနော်တို့က ဆန္ဒပြတယ်လို့ သုံးခဲ့တာကိုး။ သူတို့အမှောင်ခေတ်တလျောက်လုံးမှာ သူတို့လုပ်ချင်တဲ့ လူထုကန့်ကွက်ပွဲတွေဘာတွေ လုပ်ခဲ့တဲ့ အခါကျတော့ သဘောထား ဖော်ထုတ်ပွဲလို့ပြောတယ်။ ဘာထူးလဲ။ သဘောထားဆိုတာ ဆန္ဒပဲ၊ ထုတ်ဖော်တယ်ဆိုတာ ပြသတာပဲ။အတူတူပဲ။

အဲ့တော့ အဲ့တာတွေကို ကျနော်တို့ လုပ်မယ်ဆိုတာက နံပတ်တစ် သေချာတာက အကြမ်းမဖက်တဲ့နည်းပဲဗျ။ အဲ့တာကတော့သေချာတယ်။ အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်လို့ ကျနော်တို့ လုံ့လပြုကြမယ်ပေါ့ဗျာ။

နောက်တခုကကျတော့ ကျနော်တို့ ဒီအင်အားတွေနဲ့ချည်း မလုံလောက်တော့ဘူး။ တိုင်းရင်းသားအင်အားတွေ၊ သူတို့ရဲ့ လက်တွဲဆောင်ရွက်မှုတွေကို ပါအောင်လည်း နယ်ပယ်အသီးသီးမှာ ကျနော်တို့ကြိုးစားကြရမယ်။

နံပတ်တစ်ကတော့ဗျာ လူတွေကြားထဲမှာ အခုဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အင်မတန် အရေးကြီးတယ်။ လတ်တလော လုပ်ရမယ့် လုပ်ငန်း ပဲဆိုတာ နိုးကြားလာအောင် ကျနော်တို့ ရည်ရွယ်တယ်။ ပြီးတော့မှနိုးကြားလာပြီ တကယ်သိလာပြီဆိုတော့မှ ပူးပေါင်းဆောင်ရွက်မယ်လေ ကျနော်တို့က အဲ့တာကြောင့်မို့လို့ နားလည်အောင် အရင်ဆုံးကြိုးစားမယ်။

ပြီးတော့ နားလည်ပြီဆိုရင် ဒါ သူတို့အားလုံးရဲ့ ရှေ့အနာဂတ်အတွက် အရေးကြီးတယ် ဆိုရင် သူတို့ကိုယ်တိုင် ဘယ်လို ပါဝင်ရမလဲဆိုပြီးတော့ မေးခွန်းထုတ်လာကြမယ်။ အဲ့တော့မှာ ကျနော်တို့က ပါဝင်ဆောင်ရွက်မယ့် နည်းလမ်းတွေ ချပြမှာပေါ့။
အဲ့တော့ ပြမယ်ဆိုတဲ့နေရာမှာတော့ ကျနော်အသေအချာပြောနိုင်တာကတော့ ငြိမ်းချမ်းတဲ့နည်း၊ အကြမ်းမဖက်တဲ့နည်းပါပဲ အဲ့တာ လူထုလှုပ်ရှားမှုတွေ ဖြစ်လာပါလိမ့်မယ်။"

ကိုမင်းကိုနိုင်ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိကပြင်ဆင်ရမယ့် ပုဒ်မ၄၃၆ ကတော့

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ကိုယ်စားလှယ် ၅ ပုံ ၁ ပုံက တင်ပြရမယ်။ ကိုယ်စားလှယ်ဦးရေ လေးပုံသုံးပုံကျော်က ထောက်ခံရမယ်။ ပြီးတဲ့အခါ ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ တဝက်ကျော်က ထောက်ခံရမယ် ဆိုပြီး သတ်မှတ်ထားတာပါ။ ဒီအပေါ် ရွေးကောက်ခံ မဟုတ်ဘဲ လွှတ်တော်တက်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက မထောက်ခံရင် ပြင်မရတဲ့ အခြေအနေရောက်နေတာကြောင့်”
ပြင်ဆင်ဖို့ ထောက်ပြနေရတာဖြစ်တယ်လို့ ကိုမင်းကိုနိုင်ကဆိုပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ဟာ အခြေခံ ဥပဒေပြင်ဆင်ရေးဟာ အဓိကအချက်ဖြစ်နေပြီးတော့ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်လာဖို့လိုအပ်တယ်လို့ ကိုမင်းကိုနိုင်ပြောသွားပါတယ်။
XS
SM
MD
LG