သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၈) လေးလုံးနှစ်ပတ်လည် ဖမ်းဆီးမှုအပေါ် ၈၈ အဖွဲ့ ကန့်ကွက်


(၈) လေးလုံး ၂၅ နှစ်ပြည့်အခမ်းအနားမှာ စကားပြောနေသော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင် ကိုမင်းကိုနိုင်။
(၈) လေးလုံး ၂၅ နှစ်ပြည့်အခမ်းအနားမှာ စကားပြောနေသော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင် ကိုမင်းကိုနိုင်။
(၈) လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ် ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြသူ တချို့အပေါ် အဖမ်းအဆီးတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ကန့်ကွက်လိုက်သလို ဒီအဖမ်းအဆီးတွေကို ကြည့်ခြင်းအားဖြင့် အစိုးရအတွင်း အထက်နဲ့ အောက်ခြေအဆင့်တွေမှာ ကွာဟချက်တွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။ တပြိုင်တည်းမှာပဲ မနေ့က ကျင်းပခဲ့တဲ့ ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ၃ ရက်ဆက်တိုက် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

(၈) လေးလုံး အရေးတော်ပုံနှစ်ပတ်လည် အခမ်းအနားတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူမှုတချို့ ရှိနေတယ်ဆိုတဲ့အပေါ် လက်မခံနိုင်ဘူးလို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မနေ့က ရန်ကုန်မှာ ၈၈ မျိုးဆက်အဖွဲ့က ဦးဆောင်ကျင်းပခဲ့တဲ့ ၈ လေးလုံး အထိမ်းအမှတ် ငွေရတုအခမ်းအနားကို အစိုးရဝန်ကြီးတွေရော၊ လွှတ်တော် အပြင် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကရော ပူးပေါင်းပါဝင်လာတဲ့အချိန်မျိုးမှာ အခုလို ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် ကျင်းပသူတချို့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရတွင်း အထက်နဲ့အောက်ခြေအဆင့်တွေမှာ ကွာဟမှုရှိနေတာ တွေ့ရတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်မြင်တာကတော့ အခမ်းအနား ကျင်းပလို့ ဖမ်းဆီးတဲ့ဟာမျိုးဆိုရင်တော့ ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရလိမ့်မယ်ဗျ။ အခုက ဘယ်လိုရှိသလဲအခါကျတော့ အပေါ်ပိုင်းအုပ်ချုပ်ရေးနဲ့ အောက်ခြေအုပ်ချုပ်ရေး တဆက်တစပ်တည်း မဖြစ်သေးဘူးလို့ ကျနော် မြင်တယ်။ အပေါ်ပိုင်းက ပြောင်းလဲသလောက် အောက်ခြေက လိုက်ပြီး ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးတွေ မရှိသေးဘူးလို့လည်း တွေ့ရတယ်။ ဥပမာအားဖြင့်ပြောမယ် ကျနော်တို့ကိုယ်တိုင်သည်ပင်လျှင် အရေးတော်ပုံ ဆိုတဲ့ စကားလုံးကို ဖြုတ်ခိုင်းတာတို့၊ ဘာတို့ ညာတို့ ကြုံရတယ်။ ကျနော်တို့ မဖြုတ်နိုင်ဘူးလို့ ခပ်တင်းတင်းပဲ ကျနော်တို့ ရပ်တည်ခဲ့တာပဲ။ ဒါပေမဲ့ အပေါ်ပိုင်းကကျတော့ အရေးတော်ပုံဆိုတဲ့ စကားလုံးနဲ့ သဝဏ်လွှာတွေ ပေးပို့ထားတာ အခုဆိုရင် အကုန်လုံး အသိပဲဗျာ။ အဲ့လိုမျိုးတွေရှိနေပါတယ်။ အခြေအနေတွေက။ အခြေအနေတွေက ရှိနေတယ်ဆိုတဲ့အခါကျတော့ ဒီလိုမျိုး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို ကျနော် သဲသဲကွဲကွဲ မသိသေးဘူး။ ဖမ်းဆီးတဲ့သူရဲ့ စာရင်းကိုလည်း ကျနော် မရသေးဘူး။ အကယ်၍ ဖမ်းဆီးခဲ့မယ်ဆိုရင် ဒါက သိပ်တော့ အဓိပ္ပာယ်မရှိဘူး။ လက်ခံလို့လည်း မရဘူးလို့ ကျနော် ပြောချင်တယ်ဗျ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက တရားဝင် ခမ်းခမ်းနားနား လုပ်ခွင့်မပေးခဲ့တဲ့ ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေကို သမ္မတဦးသိန်းစိန်လက်ထက်မှာ ပထမဆုံးအကြိမ် အကြီးအကျယ် လုပ်ခွင့်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို တိုင်းရင်းသားအဖွဲ့တွေရော၊ နိုင်ငံရေးအင်အားစုတွေရော၊ အစိုးရဝန်ကြီးတွေရော၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေပါ တက်ရောက်ခဲ့ကြတာဖြစ်သလို အစိုးရကရော၊ လွှတ်တော်နှစ်ရပ်စလုံးကရော၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပါ ဒီအရေးတော်ပုံကြီးကို အသိအမှတ်ပြုတဲ့ သဝဏ်လွှာတွေကို ပေးပို့ခဲ့ကြတဲ့အပြင် ဒီအခမ်းအနားကြီးကနေ တိုင်းပြည်အနာဂတ်အတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ချမှတ်နိုင်ခဲ့တဲ့အတွက် အောင်မြင်ခဲ့တဲ့ အခမ်းအနားတစ်ခုဖြစ်ခဲ့တဲ့အကြောင်းလည်း ကိုမြအေးက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီ ကြိုးစားပမ်းစားလုပ်ခဲ့သမျှ အားလုံးဟာ မနေ့ကတော့ မျှော်လင့်ထားသလောက် အောင်မြင်ခဲ့တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဓိကကျတဲ့ အချက် ၃ ချက်ပေါ့လေ ကျနော်တို့ ဒီ တိုင်းပြည် ရှေ့အနာဂတ်ကို ဖန်တီးရမယ့် အချက် ၃ ချက်စလုံး ကျနော်တို့ ဆွေးနွေးပွဲကြီးကနေပြီးတော့မှ ကျနော်တို့ ချနိုင်ခဲ့တယ်။ နောက် လယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ အစရှိတဲ့ တိုင်းပြည်ရေးရာ အကျပ်အတည်းတွေအားလုံးလည်း ဆွေးနွေးအကြံပြုချက်တွေအနေနဲ့ လည်း ကျနော်တို့ ထုတ်နိုင်ခဲ့တယ်ဆိုတော့ ဒီလောက် ရက်တိုတိုအတွင်းမှာပဲ ကျနော်တို့ ဒီလောက်လုပ်နိုင်တယ်ဆိုတဲ့အပေါ်မှာ အားရကျေနပ်မှု အပြည့်အ၀ ရှိပါတယ်။”

ဒီအချက် ၃ ချက်ကတော့ - ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ (ဒါမှမဟုတ်ရင်) အသစ်ပြန်လည်ရေးဆွဲဖို့နဲ့ နောက်ဆုံးအချက်ကတော့ - ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် - အစိုးရနဲ့ တပ်မတော်အပါအဝင် တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီအင်အားစုတွေရော အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကနေ အခုလို ၈ လေးလုံး အရေးတော်ပုံကို အသိအမှတ်ပြုတာ၊ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးလာတာတွေလို ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အကဲဆတ်နေသေးလို့လည်း ၈၈ မျိုးဆက်အဖွဲ့က ပြောပါတယ်။

“အားလုံးလည်း မြင်တဲ့အတိုင်းပေါ့ဗျာ ကျနော်တို့ အခု သွားနေတဲ့ကာလ အလွန် နူးညံ့ပြီး အလွန် သိမ်မွေ့တဲ့ကာလပေါ့ အလွန်တရာလည်း အကဲဆတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ဗျာ ကျနော်တို့က တထိုင်တည်းနဲ့ အကုန်လုံး အပြီးအပြတ် ယူချင်တာပေါ့ဗျာ။ ဒါပေမဲ့လည်း အိမ်တအိမ်ရဲ့ အပေါ်ဆုံးထပ်ကို တက်ရသလိုပဲလေ။ လှေကားတထစ်ချင်း ကျနော်တို့ တက်နေရတယ်လေ။ တက်နေရတဲ့ အချိန်မျိုးမှာတော့ ဒီလောက်ရတာနဲ့တော့ လောလောဆယ်အနေနဲ့ကတော့ လက်ခံရမှာပါပဲ။ ဒါပေမဲ့ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကတော့ ဘယ်ရောက်ဦးမလဲ။ အကုန်လုံးတော့ ကျနော်တို့ ဝိုင်းလုပ်ရဦးမှာပဲ။ အခုအချိန်မှာ ကျနော်တို့ အားလုံးကို တထိုင်တည်းနဲ့ ယူလိုက်မယ်ဆိုရင် ကျနော်တို့က မမှီနိုင်တဲ့ အရာတစ်ခုကို ဘာတုံးမှ မခုဘဲနဲ့ ခုံပြီးတော့ ခူးစွပ်တဲ့ဟာ အကျမတော်ရင် ကျနော်တို့ ခြေထောက်ကျိုးမှာ စိုးရိမ်လို့ပါ။”

ရန်ကုန်မှာ သြဂုတ်လ ၆- ရက်၊ ၇-ရက်နဲ့ ၈ ရက်၊ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ (၈) လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ၂၅ နှစ်ကြာ ဒီမိုကရေစီ တိုက်ပွဲကြီးမှာ ကွဲကွာသွားခဲ့ရတဲ့ ပြည်တွင်း ပြည်ပအခြစိုက် အဖွဲ့အစည်း ၆၀ ကျော်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြသလို၊ လူပေါင်း ၁ သောင်းနီးပါး တက်ရောက်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG