သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ် စစ်ကြောင်း ကျောက်ပန်းတောင်း မြို့ခံ ကြိုဆို


ကျောင်းသားသပိတ်စစ်ကြောင်း ကျောက်ပန်းတောင်းမြိုု့ခံ ကျောင်းသားများ ကြိုဆို (သတင်းဓာတ်ပုံ Credit to- ကိုအောင်ထက်နိုင် ရမည်းသင်း FB)
ကျောင်းသားသပိတ်စစ်ကြောင်း ကျောက်ပန်းတောင်းမြိုု့ခံ ကျောင်းသားများ ကြိုဆို (သတင်းဓာတ်ပုံ Credit to- ကိုအောင်ထက်နိုင် ရမည်းသင်း FB)

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်နေကြပြီး မန္တလေးကနေ ရန်ကုန် အရောက် ခရီးရှည် ချီတက်နေတဲ့ ကျောင်းသားတွေဟာ အခုဆိုရင် ပုပ္ပါးမြို့ ကနေ ကျောက်ပန်းတောင်းမြို့ကို ရောက်နေကြပါပြီ။ တချိန်တည်းမှာပဲ မနေ့က ကျောင်းသားခေါင်းဆောင်တွေ နဲ့ အစိုးရကြားမှာ ရခဲ့တဲ့ သဘောတူညီမှု လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ သပိတ်မှောက်ကျောင်းသားတွေကြားမှာ စိုးရိမ် မကင်းဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ အစိုးရနဲ့ သူတို့ကြား ဆွေးနွေးပွဲတွေ မလုပ်ခင် အထိ ခရီးရှည် ချီတက်မှုကို ဆက်လုပ် သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် မနေ့က ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်နေကြောင်း သပိတ်စစ်ကြောင်းခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က ဆိုပါတယ်။

"အဓိက က ကျနော်တို့ ဗကသ ကျောင်းသားတွေပေါ့နော်။ ဆွေးနွေးပွဲ ကို မြင်တာ တခုပေါ့ မြင်တာက ဘာလဲ ဆိုတော့ ဒီတိုက်ပွဲအရှိန်က အရမ်းမြင့် လာပြီးတော့ မြို့တိုင်းမြို့တိုင်းမှာ ကျနော်တို့ ဝင်လာပြီဆိုရင် မြို့လုံးကျွတ် ထွက်ပြီးတော့ အားပေးကြတယ်။ အားပေးကြတော့ အစိုးရက ဒီအရှိန်ကို လန့်လာတော့ ထိန်းတဲ့အနေနဲ့ အချိန်ဆွဲတာလို့ ဗကသ ကျောင်းသားတော်တော် များများက စိုးရိမ် ပူပန်နေကြတယ်အမ။"

ဗုဒ္ဓဟူးနေ့တုန်းကတော့ ဝဲလောင်နဲ့ ပုပ္ပါးကြားက မြင်စိုင်းတောင်ကြားမှာ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ပုပ္ပါးမှာညအိပ်ခဲ့ကြသလို ဒီနေ့မှာတော့ ကျောက်ပန်းတောင်းမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ တုန်းကတော့ လမ်းမှာ အတားအဆီးတွေရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကျောင်းသားတွေကတော့ သူတို့သတ်မှတ်ထားတဲ့လမ်းအတိုင်း ခရီးရှည် ချီတက်မှုတွေကို ဆက်လုပ်ခဲ့တာပါ။ လာမယ့် ဖေဖေါ်ဝါရီ လ (၁) ရက်နေ့ ဆွေးနွေးပွဲမှာ သပိတ်စစ်ကြောင်း ကိုယ်စားလှယ်အဖြစ် တက်ရောက်မယ့် ရမည်သင်း နည်းပညာကောလိပ်ကျောင်းသား ကိုအောင်ထက်နိုင်ကလည်း သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလိုပြောပါတယ်။

"ဘယ်လိုပြောမလဲ။ ဒီဆွေးနွေးပွဲကြီးကပေါ့နော် ကျနော်တို့သပိတ်တွေကို အမြန် ရပ်နားစေချင်တဲ့ ပုံစံမျိုး ပေါက်သွားတာပါ။ ကျနော်တို့ သပိတ် စစ်ကြောင်း က ကျောက်ပန်းတောင်းမြို့ ထဲကို ဝင်လာပြီခင်ဗျ။ ကျောက်ပန်းတောင်း ဂျီတီအိုင်ရှေ့မှာ ရောက်နေပါပြီ။ ကျနော်တို့ကို အတားအဆီးလုပ်မယ်ဆိုတဲ့ သတင်းတွေ ကို မနက်ပိုင်းက ကြားလိုက်ပါတယ်။ အခု ကျောက်ပန်းတောင်းမြို့ ကို ရောက် လာပါပြီ။ ဘယ်အတားအဆီးမှ လမ်းမှာ မတွေ့ခဲ့ဘူး ခင်ဗျ။"

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဟာ ဗကသများအဖွဲ့ချုပ်နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၊ မြေလတ်ကျောင်းသားများနဲ့ စုစည်း ထားတာဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ် စစ်ကြောင်းများကို အဖွဲ့၃ဖွဲ့ ခွဲပြီး ဦးဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်း ကတော့ ထားဝယ်မြို နဲ့ ပခုက္ကူ မြို့တို့မှာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်မူတွေ ဆက်တိုက် လုပ်နေပါတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်က ကျောင်းသားသမဂ္ဂတွေလည်း အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်မူတွေလုပ်နေပါတယ်။

ဧရာဝတီတိုင်းကနေ ရန်ကုန်ကို ချီတက်ဖို့အတွက် ကျောင်းသားတွေက ပြင်ဆင်နေ ကြပြီး ကျောင်းသားခေါင်းဆောင်တွေရဲ့ သဘောထား ဆုံးဖြတ်ချက်တွေ ကို စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာ အစိုးရဘက် တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးပွဲကို သွားရောက်တက်ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်က ခေါင်းဆောင်တွေလည်း ချီတက်နေတဲ့ သပိတ် စစ်ကြောင်း ကို ပြန်လည်ရောက်ရှိလာကြပြီဖြစ်လို့ သူတို့ရှေဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို မကြာခင်မှာထုတ်ပြန်သွားမှာဖြစ်ကြောင်း ကိုသီဟဝင်းတင် က ဆက်ပြောပြပါတယ်။

"ပြည်မှာပါတဲ့ သပိတ်စစ်ကြောင်းမှာပါတဲ့ ကျောင်းသားတွေရော ခရိုင် ကိုယ်စားလှယ်တွေရော အကုန်လုံးနဲ့ အပြေအလည်ဆွေးနွေးပြီးသွားလို့ရှိရင် ကျနော်တို့ (၇)နာရီလောက်ဆိုရင် အဲဒီ Decision က ထွက်လိမ့်မယ်အမ။"

အမျိုးသားပညာရေးဥပဒေပါ အချက်အလက်တွေဟာ ဒီမိုကရေစီ ပညာရေးကို ဖော်ဆောင်နိုင်ခြင်းမရှိဘူးဆိုပြီး ကျောင်းသားတွေက သပိတ်မှောက်ခဲ့ပြီးတဲ့နောက် အစိုးရနဲ့ လွှတ်တော်တို့ ကတော့ ပြန်လည် သုံးသပ်နိုင်ရေးပြောဆိုနေစဉ်မှာပဲ အစိုးရဘက်က ကျောင်းသားတွေတောင်းဆိုတဲ့ (၄)ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး လုပ်ပေးပါမယ်ဆိုပြီး သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ ကျောင်သားတွေ တောင်းဆိုတဲ့အချက်တွေကို ဘယ်လောက် အတိုင်းအတာအထိ လုပ်ဆောင်ပေးမလဲ ဆိုတာ ကိုတော့ ကျောင်းသားတွေက စောင့်ကြည့်လေ့လာပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ချက် ချသွားမယ်ဆိုပြီး ပြောဆိုနေပါတယ်။

XS
SM
MD
LG