သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး ဥပဒေ ဆန္ဒပြသူ ၃၀ ခန့် တရားစွဲခံရ


ကျောင်းသားများ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
ကျောင်းသားများ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)

အမျိုးသား ပညာရေး ဥပဒေကို ဆန်ကျင် ကန့်ကွက် သပိတ်မှောက်ခဲ့ တဲ့ ကျောင်းသားတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၃ခုလောက်နဲ့ တရားစွဲတဲ့ လူဦးရေ ၃၀နီးပါး ရှိသွားပြီလို့ ကျောင်းသားတွေက ဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားတွေကို အိမ်တွေထိ စောင့်ကြည့် သတင်းယူတာတွေ လုပ်တာမျိုးတွေဟာ အရင် အစိုးရလက်ထက်အတိုင်း လုပ်နေဆဲပဲလို့ ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်

မြန်မာအစိုးရ လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ နဲ့ ပတ်သက်လို့ ကန့်ကွက် သပိတ်မှောက်ကြတဲ့ ကျောင်းသားတွေကို အစိုးရက ပုဒ်မ ၁၈ခွင်ပြုမိန့် မရပဲ စီတန်းမူ အပါအဝင် တခြား ပုဒ်မ ၂ခုနဲ့ တရားစွဲဆိုခံရတာဟာ လူဦးရေ ၂၉ယောက် ရှိသွားပြီလို့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်းဖြစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

"ကျနော်တို့ ဗကသကြီးပဲ ၁၉ယောက် ရှိသွားပြီ နယ်အသီးသီးက ဗကသတွေပေါ့လေ။ ၁၉ယောက်ဆိုတာ လူအရေအတွက် ၁၉ယောက်ပါ။ အမှုအရေအတွက်ကျတော့ တယောက်တည်းကို ၂မှု သုံးမှုဖြစ်နေတယ်။ အမှုအရေအတွက်နဲ့ဆိုရင်တော့ ဒီ့ထက်များပါတယ်။ ကျနော်တို့ သပိတ်မှောက်ကျောင်းသားတွေကို ဝန်းရံပေးတဲ့ တခြား တက်ကြွ လှုပ်ရှားသူ နိုင်ငံရေးအင်အားစုတွေက ၁၀ယောက်ရှိသွားပြီ။ ဗကသတွေနဲ့ အတူတူ အားလုံးပေါင်း ၂၉ယောက်ပါ။ ကျောင်းသား ၁၉ယောက်၊ တခြားတက်ကြွလှုပ်ရှား ၁၀ယောက်။ သပိတ်ကော်မတီမှာ ပါတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ နောက် ဗကသ ဗဟိုကော်မတီက ခေါင်းဆောင်ပိုင်းတွေကိုတော့ အိမ်အထိကို လာပြီး စောင့်ကြည့် တာတွေရှိတယ်။ ထောက်လှမ်းရေးတွေ ပေါ့နော်။ နောက် သွားသမျှနေရာကို တကောက်ကောက် လိုက်ပြီး ထောက်လှမ်းရေး လိုက်နေတာကို ရှိတယ်ပေါ့။ ကျနော်တို့က ဒီပုံစံ မြင်တာက အထက်ကသာ ကျနော်တို့ကို ဖမ်း ဆိုတဲ့ အမိန့်တစုံတရာပေး ခဲ့မယ်ဆိုရင် အချိန်မရွေး ဖမ်းနိုင်အောင်လို့ ကျနော်တို့ နောက်ကို လိုက်နေတယ်လို့ ကျနော်တို့ကတော့ သတ်မှတ်ပါတယ်။ "

ကျောင်းသားေးတွဟာ ရန်ကုန်မြိုမှာ ကျောင်သားထု အရေးပေါ် အစည်းအဝေး လုပ်ပြီးနောက် အမျိုးသားပညာရေးဥပဒေကို ၄ရက်ကြာ သပိတ်မှောက်ခဲ့ပြီး နယ်အသီးသီးမှာလည်း ကျောင်းသားသပိတ်တွေကို ဆက်လုပ်ခဲ့ တာပါ။ ကျောင်းသားတွေရဲ့ လှုပ်ရှားမူတွေကို အိမ်တွေအထိ သွားရောက် သတင်းယူ စောင့်ကြည့်မူတွေကြောင့် အရင်စစ်အစိုးရ လက်ထက်ကလိုပဲ အချိန်မရွေး ဖမ်းဆီးနိုင်တဲ့ အခြေအနေကို ပြသနေတဲ့အပြင် မလုံမခြုံု ဖြစ်နေတဲ့ အနေအထားကို ဖြစ်စေတယ်လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

" ကျနော်တို့ တယောက်နဲ့တယောက် ယုံကြည်မှု လျော့နည်းစေတယ်။ ဒီလိုမျိုး လုပ်တဲ့ ပုံစံက ကျနော်တို့လည်း အစိုးရကို မယုံသလို အစိုးရကလည်း ကျနော်တို့ကို မယုံဘူးဆိုတာလည်း သိသာတယ်ပေါ့ဗျာ။ နောက်တချက်က ကျနော်တို့လည်း ကိုယ့်ကိုကိုယ် မလုံခြုံဘူး ခံစားရတယ်။ နောက် မှာ ထောက်လှမ်းရေးတွေ တောက်လျှောက် လိုက်နေတာတွေ၊ အိမ်မှာ လာပြီး စောင့်ကြည့်နေတာမျိုးတွေက။ အစိုးရအနေနဲ့ တကယ်တမ်း ကျနော်တို့ ကျောင်းသားတွေ တောင်းဆိုချက်တွေကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းပေးမယ်လို့ သဘောထား ရှိလို့ရှိရင် ဒါမျိုး အလုပ်တွေ လုပ်ဖို့လည်း မလိုဘူးလို့ထင်တယ်။ သူတို့စိတ်အခံကိုယ်က ကျောင်းသားတွေအပေါ် မယုံကြည်မှု ကြီးထွားနေတဲ့အတွက်ကို သံသယနဲ့ စောင့်ကြည့်နေတယ်လို့ မြင်ပါတယ်။ နဂိုစစ်အာဏာရှင်အစိုးရနဲ့ သိပ်အနှစ်သာရ တူနေတဲ့ အစိုးရလို့ ကျနော်တို့ကမြင်နေတယ်။ အဲ့တာကိုလည်း ပေါ်လွင်စေတယ်။ သူတို့ လုပ်နေတဲ့ပုံစံတွေက။"

ကျောင်းသားတွေကတော့ အမျိုးသားပညာရေး ဥပဒေဟာ ကျောင်းသားတွေရဲ့ ဆန္ဒ သဘောထားမပါပဲ ရေးဆွဲထားသလို ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့်တွေကိုလည်း အဆင့်ဆင့်ကန့်သတ်ထားတာမျုးိတွေ ရှိနေတယ်လို့ ဝေဖန်နေတာပါ။ အထူးသဖြင့် ဒီဥပဒေဟာ ဒီမိုကရေစီ မဆန်ဘူးလို့လည်း ပြောဆိုနေပါတယ်။

အစိုးရနဲ့ပညာရေး အသိုင်းအဝိုင်းကတော့ ကျောင်းသားတွေကို နည်းဥပဒေ အဆင့်ကျမှ ပြင်ဆင်နိုင်ဖို့အတွက် အလွတ်သဘော ညှိနှိုင်းခဲ့ကြ ပါတယ်။ ကျောင်းသားတွေကတော့ သူတို့ရဲ့ သပိတ်မှောက် ဆန္ဒြပမူတွေကို အစိုးရက တန်ပြန် သဘောမျိုးနဲ့ တက္ကသိုလ်တွေမှာ လှုပ်ရှားမူတွေ လုပ်လာတယ်လို့ ပြောပြပါတယ်။

" ပထမဆုံး တခုလုပ်တာက ဘာလဲဆိုတော့ သမ္မတရဲ့ပြောစကားအရ ကျောင်းသား ယူနီယံပေါ့လေ။ အင်္ဂလိပ်နဲ့မြန်မာနဲ့ပေါင်းပြီး ကျောင်းသားသမဂ္ဂ လည်း မဟုတ်ဘူး။ Student Union လည်း မဟုတ်ဘူး။ ကျောင်းသားယူနီယံဆိုပြီးတော့ အဲ့တာတွေကို ကျောင်းထဲမှာ ဖွဲ့ဖို့အတွက် သူတို့ စပြီး ကြိုးစားနေတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းထားခြင်း မရှိတဲ့ တက္ကသိုလ်တွေမှာ စလုပ်လာတယ်။ ဒုတိယတခုလုပ်တာက ဘာလဲဆိုတော့ တက္ကသိုလ်ဝင်းထဲတွေ မှာ ကျောင်းစဖွင့်ဖွင့်ခြင်း ကျောင်းသားတွေ ဆရာတွေ မစုံသေးတဲ့အချိန်မှာ သူတို့ပြောလို့ရတဲ့ ဆရာမတွေကိုခေါ်တယ်။ မဟာတန်းလိုမျိုး ကျောင်းသားတွေ ဘွဲ့အတွက် အရေးကြီးနေတဲ့ ကျောင်းသားတွေကိုခေါ်ပြီးတော့ အမျိုးသားပညာရေးဥပဒေရှင်းလင်းပွဲ ဆိုတာမျိုးတွေ လုပ်တယ်။ ကျနော်တို့ အရှေ့ပိုင်း တက္ကသိုလ်မှာ ဆိုလို့ရှိရင် ပြီးခဲ့တဲ့ တနင်္လာနေ့က ကျောင်းစစဖွင့်ချင်း ကျောင်းသားတွေ မတက်သေးတဲ့အချိန်မှာပဲ သူတို့ လက်သိပ်ထိုး လက်တို့ပြီးတော့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လာပြောသွားတယ်။ ပြီးတော့ သတင်းစာမှာ ပါလာတော့ ကျောင်းသားတွေလည်း ပါတယ်ဆိုတဲ့ပုံစံမျိုး ပါလာတယ်။ ဒီကျောင်းသားသပိတ်တွေကို တန်ပြန်ပြီးတော့ သူတို့လှုပ်ရှားမှုတွေကို တန်ပြန်လှုပ်ရှားမှု လုပ်တယ်။ အဲ့တာမျိုးတွေကလည်း မရိုးသားတဲ့ပုံစံမျိုး လုပ်ကြတာများတယ်။ "

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကတော့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကနေ ၄ရက်ကြာ သပိတ်မှောက်ခဲ့ပြီး ရက်ပေါင်း ၆၀အတွင်း အစိုးရအနေနဲ့ အမျိုသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆို ထားပါတယ်။ မြင်းခြံ မံုံရွာ မန္တလေး၊ ပြည် စစ်ကိုင်း တောင်ငူ စတဲ့နယ်တွေမှာတော့ အမျိုးသားပညာရေး ဥပဒေကို ရာနဲ့ချီ ရှိတဲ့ ကျောင်းသားတွေက ကန့်ကွက် သပိတ်မှောက်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြိး လှုပ်ရှားမူတွေ အတွင်း မန္တလးနဲ့ တောင်ငူမြို့တွေမှာတော့ အာဏာပိုင်တွေနဲ့ ကျောင်းသားတွေကြား တင်းမာမူတချိုု့ရှိခဲ့ပါတယ်။

XS
SM
MD
LG