သုံးရလွယ်ကူစေသည့် Link များ

သာယာဝတီခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၆၉ဦးကို ပုဒ်မ ၄၉၄ အရ အမူပြန်လည် ပိတ်သိမ်းလိုက်ကြောင်း တရားသူကြီးက ကြေညာခဲ့ပြီးတော့ ဒီကနေ့ ညနေမှာပဲ သာယာဝတီ အကျဉ်းထောင် ကနေ ပြန်လွတ်ပေးလိုက်ပါပြီ။ အကျဉ်းထောင်ကနေ အမှု ရင်ဆိုင်နေရသူ ၃၄ဦးနဲ့ အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်သူ ၃၅ဦးတို့ဟာ အမျိုးသား ပညာရေး ပြင်ဆင်ရေး အတွက် တောင်းဆို ဆန္ဒပြသူတွေနဲ့ ဝန်းရံသူတွေဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၆၉ ဦးကို သာယာဝတီတရားရုံးကနေ ဧပြီလ၈ရက်နေ့ ညနေ ၄နာရီ ထိုးခါနီး အချိန်မှာပဲ ပုဒ်မ ၄၉၄အရ အမူပိတ်သိမ်းပြီး လွတ်မိန့်ကြေညာခဲ့တယ် လို့ ဗကသများ အဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုသီဟဝင်းတင်ကဆိုပါတယ်။

"တရားသူကြီးက လွှတ်မိန့်ကိုဖတ်ပြတယ်။ ၄၉၄ နဲ့ လွှတ်ပေးလိုက်တယ်ပေါ့နော်။ ၄၉၄ နဲ့ အမှုရုပ်သိမ်းကြောင်း ဆိုပြီးတော့ ကျနော်တို့ကို လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ အခုလောလောဆယ် ကျနော်တို့က ထောင်ကို ပြန်ရဦးမယ်။ လိုအပ်တဲ့ ထောင်ပုံစံတွေ ဘာတွေ ဖြည့်ရဦးမယ်။ ပြီးတော့မှ ကျနော်တို့ ပြန်ထွက် လာမှာ။ ကျနော်တို့ အခု ရည်မှန်းချက်ကတော့ မူလကတည်းကအတိုင်း သပိတ်မှောက် ကျောက်စာတိုင်ကို သွားပြီးတော့ ဂါရဝပြုမယ်။ ဂါရဝပြုပြီးလို့ရှိရင် ကျနော်တို့ အဲ့ဒီ့မှာပဲ လမ်းခွဲမယ်ပေါ့နော်။ အဓိက လွတ်တဲ့ဟာကိုပြောချင် တာကတော့ ဒါက ကျနော်တို့ကို အစောကြီးကတည်းက မတရားဖမ်းဆီး အကျဉ်းချခံထားရတာဖြစ်တယ်။ ဒီ့ထက်ပိုပြီး စောစောကို လွှတ်သင့်တာပေါ့နော်။ အခု ကျနော်တို့ကို လွှတ်ပေးတာ အစိုးရသစ်တရပ်အနေနဲ့ လွှတ်ပေးတာ ဒီမိုကရေစီ ရဲ့ ခြေလှမ်းအစအဖြစ်နဲ့ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ နောက်တချက်ပြော ချင်တာက ကျနော်တို့ရဲ့ ဒီမိုကရေစီပညာရေး တိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ကျနော်တို့ရဲ့ ဒီမိုကရေစီပညာရေးအလံကို အမြင့်မားဆုံး လွှင့်ထူထားဆဲ ရှိသေးတယ်။ ကျနော်တို့ လိုလားချက်တွေ ပြည့်ဝတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားဦးမှာ လို့ ကျနော်တို့ပြောချင်ပါတယ်။ "

ဒါပေမဲ့ အမှုပေါင်း၂၀ကျော်ကနေ အမှုပေါင်း ၈၀ကျော် နဲ့ တရားစွဲဆိုခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် ကိုနန္ဒစစ်အောင်တို့ကို တော့ တခြားအမှုများ ကျန်နေသေးတာကြောင့် ထောင် က ပြန်ခေါ်ထားတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်ကဆိုပါတယ်။

" ထောင်က ကျနော်ရယ် ဖြိုးဖြိုးရယ် မင်းသွေးသစ်ရယ်ကို ပြန်ခေါ်မယ်ပြောနေတယ်။ ဘာမှန်းမသိသေးဘူး။ ကျနော်တို့ကတော့။ ဒီကစွဲတဲ့ သာယာဝတီက အမှုကိုပဲ ပိတ်သိမ်းလိုက်တာ။ ကျနော်ရယ် ဖြိုးဖြိုးရယ် မင်းသွေးသစ်ရယ် ကို ထောင်က ပြန်လာခဲ့ပါဦးပြောတော့ ရန်ကုန်အမှုတွေနဲ့ ကျနော်တို့ ကျန်ရင်ကျန်ခဲ့မယ်။ ပြောလို့မရသေးဘူး။"

ဒီ့အတွက် ဒီခေါင်းဆောင်တွေကတော့ ပြန်လွတ်မြောက်ရေး မသေချာသေးဘူး လို့လည်း ဆိုပါတယ်။

မန္တလေးအိုးဘိုထောင်မှာတော့ သင်္ကြန်ပိတ်ရက်မတိုင်ခင် လွတ်ရက်စေ့ခါနီး အကျဉ်းသား ၂၀၀ကျော် လွတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူး လို့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

"နိုင်ငံရေးနဲ့ပတ်သက်ပြီး အကျဉ်းသားတော့ တယောက်မှ လွတ်လာတာ မတွေ့ဘူး။ အောင်မြေသာဇံ တရားရုံးမှာ ရှေ့နေကြီးဦးဇော်ဝင်း ရုံးထုတ်တာ အခုလေးတင် ပြန်ခေါ်သွားတယ်ပေါ့။ မေမြို့က ရှေ့နေကြီးကို ဆိုတော့ ရုံးချိန်း ၂၂ရက်နေ့ ပြန်ချိန်းလိုက်တယ်။ တရားသူကြီးက လွှတ်ဖို့ ၊ မလွှတ်ဖို့ အပေါ်က ဟာက ဆုံးဖြတ်ရမှာဆိုပြီး အဲ့ဒီ့မှာတော့ အငြင်းအခုန်တွေဖြစ်နေကြ တယ်။ ရှေ့နေကြီး ကို လွှတ်ပေးဖို့ မလွှတ်ပေးဖို့ ဆိုပြီးတော့ နောက် ဆုံး ထောင်ကိုပြန်ခေါ်သွားတယ်။"

ဧပြီလ ရရက်နေ့ နေစွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ် နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ရဲ့ ကြေညာချက် အမှတ် ၁ / ၂၀၁၆ မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေရ တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိအစိုးရ ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပြီးတဲ့နောက်မှာတော့ ဒီကနေ့မှာ ပဲ ကျောင်းသားနဲ့ တက်ကြွ လှုပ်ရှားသူတွေ ပြန်လည် လွတ်မြောက် လာတာဖြစ်ပါတယ် ။

ဖွဲစည်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတဟာ လွတ်ငြိမ်းခွင့်ပေးနိုင်သလို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေးစီရင်တဲ့ အမှုတွေမှာစီရင်ချက်မချမီ လူတစ်ယောက်ကို စွဲဆိုထားတဲ့ အမှုတွေကို ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာ စစ်ဆေးနေတဲ့ ပြစ်မှုများ အနက် ပြစ်မှု တစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုတ်သိမ်းနိုင်ကြောင်း ကို ဖော်ပြထားတာကြောင့် တနှစ်ကျော်ကြာ အမှုရင်ဆိုင်နေရတဲ့ သပိတ်မှောက် ကျောင်းသားတွေကို ပုဒ်မ ၄၉၄အ ရ ပြန်လည် လွှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

အမျိုသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေ ကို ပုဒ်မ၄၉၄အရ အမူပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် မှာတော့ ကျောင်းသားတွေဟာ သာယာဝတီကနေ ညတွင်းချင်းပဲ ရွှေတိဂုံဘုရားဆီ ကို သွားရောက် စုဝေးဖို့အတွက် ကား၃စီးမှာ ခွပ်ဒေါင်းအလံများထောင်ပြိး ခရီးထွက် သွားနေကြကြောင်း ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုသီဟ၀င်းတင် က ပြောပါတယ်။

ပထမပိုင်းမှာတော့ ကျောင်းသားခေါင်းဆောင် ၃ဦကို ပြန်မလွတ်သေးဘူး လို့ ပြောဆိုနေပေမဲ့ ညပိုင်းမှာတော့ အားလုံးကို ပြန်လွှတ်ပေးခဲ့ပြိး နောက် သူတို့ဟာ သပိတ်မှောက်စဉ်က ပထမ ရည်မှန်းချက်အတိုင်း ရွှေတိဂုံဘုရားမှာ စုဝေ ဖို့အတွက် သွားနေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကျောင်းသားအားလုံးကို လမ်းတလျောက်မြို့ရွာတွေက ကြိုဆိုနေကြပြီး အခု ည၉နာရီ အချိန်လောက်မှာတော့ မှော်ဘီမြို့ကိုရောက်ရှိလာကြပြီလို့လည်းပြောဆိုကြပါတယ်။

XS
SM
MD
LG