သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ


စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ
စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ

ရခိုင်ပြည်နယ် စစ်တွေမြို့က နည်းပညာကျောင်းကို ပြေးဆွဲနေတဲ့ ဖယ်ရီကားတွေ ပုံမှန်မပြေးတော့တာကို မကျေနပ်တဲ့အတွက် ကျောင်းသားတွေက ၂ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ လိုင်းကားတွေ ပြေးဆွဲခြင်း မရှိလို့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက စာမေးပွဲဖြေခွင့် မရလိုက်တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆက်ပြီး ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်တွေမြို့မှာရှိတဲ့ နည်းပညာကျောင်းကို ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးခြင်း မရှိတဲ့အပြင် ပြေးနေတဲ့ လိုင်းကားတွေကလည်း ကားခတွေ ပိုတောင်းတဲ့အတွက် ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်အခဲ ရှိနေကြတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲခြင်း မရှိတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲဖြေဖို့ နောက်ကျကုန်တဲ့အပြင် အပြန်လမ်းမှာလည်း ဖယ်ရီကားတွေ ပြေးဆွဲပေးခြင်း မရှိတဲ့အတွက် ၁၂ မိုင်လောက် ဝေးတဲ့ခရီးကို လမ်းလျှောက် ပြန်ခဲ့ကြပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြတာလို့ စစ်တွေ ဒေသခံတဦးက ပြောပြပါတယ်။

“ကလေးတွေ ကျောင်းသွားတာ ကားနောက်ကျသွားတော့ စာမေးပွဲဖြေခွင့် မရလိုက်ကြဘူး။ အပြန်ကျတော့လည်း ကားမရှိဘူးပေါ့လေ။ မရှိတော့ သူတို့ ကျောင်းကနေပြီးတော့ မြို့ထဲကို လမ်းလျှောက်လာကြတာပေါ့။ ၁၂ မိုင်အထိ လမ်းလျှောက်လာတာ။ တော်တော်ဝေးတယ်ဗျ။”

ဒါပေမဲ့ တခြား သတင်းဌာနတွေဖြစ်တဲ့ အာရကန်ရီဗျူးနဲ့ ဧရာဝတီ အွန်လိုင်း သတင်းဌာနတွေကတော့ ဖယ်ရီကားခတွေ ၁၅၀ ကနေ ၃၀၀ အထိ ၂ ဆတိုး ကောက်ခဲ့တဲ့အတွက် ကျောင်းသားတွေ အခုလို ဆန္ဒပြခဲ့ကြတာလို့ ဖော်ပြကြပါတယ်။

ပုံမှန်အားဖြင့်တော့ စစ်တွေတက္ကသိုလ်နဲ့ စစ်တွေ နည်းပညာ တက္ကသိုလ်တု့ိကို ဖယ်ရီကားတွေ ပြေးဆွဲပေးနေပေမဲ့ နည်းပညာတက္ကသိုလ်က ဝေးလွန်းတာကြောင့် ကားသမားတွေ ပြေးပေးဖို့ ဝန်လေးနေကြတာလို့ ဆိုပါတယ်။ မနေ့က ကျောင်းသားတွေ ထပ်ဆန္ဒပြကြပြီး ပယကရုံးရှေ့မှာ အော်ဟစ် တောင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပုံမှန်တော့ ရှိပါတယ်။ ဒါပေမဲ့ အခု ဒီ ကားသမားတွေကလည်း ကျောင်းသားတွေဆီက ရတဲ့ ကားခနဲ့ သူတို့ပြေးရတဲ့ ခရီးနဲ့ မကိုက်တော့လည်း မဆွဲချင်တာလည်း နေမှာပေါ့လေ။ မြို့ထဲက စစ်တွေတက္ကသိုလ်ကို ၁၀၀ ပေါ့ဗျာ။ နည်းပညာ တက္ကသိုလ်လည်း ၁၀၀ ပေါ့။ အဲတော့ ကားသမားတွေက နည်းပညာ တက္ကသိုလ်ကျတော့ ပြေးမဆွဲချင်ကြတော့ဘူးလေ။ တော်တော်လှမ်းတယ်လေ။ အင်္ဂါနေ့က သူတို့ ပယကရုံးရှေ့မှာ တော်တော်လေး တောင်းဆိုကြတယ်လို့ ပြောတယ်။ ပြန်လာတဲ့အချိန် ရုံးရှေ့မှာ တောင်းဆိုကြတယ်ပေါ့။ ဒီနေ့ ဝန်ကြီးတွေ ဒီကိုရောက်တယ်လို့တော့ ကြားတယ်။ ပညာရေး ဝန်ကြီးတို့၊ ဆက်သွယ်ရေး ဝန်ကြီးတို့။”

ဒီနေ့မှာတော့ ကျောင်းတွေ ဖွင့်ပေမဲ့လည်း ကျောင်းသားတွေ ကျောင်းမတက်ကြဘူးလို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။

“ဒီနေ့တော့ ကျောင်းသားတွေရော၊ ဆရာမတွေရော ကျောင်းမတက်ကြဘူးလို့ ကြားတယ်။ ကျောင်းပိတ်တာတော့ မဟုတ်ဘူးပေါ့လေ။ ကျောင်းသားတွေ ကျောင်းမတက်တာပေါ့။”

အခု ဇူလိုင်လ ၅ ရက်နေ့က စခဲ့တဲ့ ဆန္ဒပြပွဲ အပါအဝင် စစ်တွေတက္ကသိုလ် ကျောင်းသားတွေဟာ ဖယ်ရီကားခ ဈေးနှုန်းတွေ လျှော့ချပေးဖို့အတွက် ၂၀၀၆ ခုနှစ်မှာ တကြိမ်၊ ၂၀၀၈ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၀၉ ခုနှစ်မှာ တကြိမ် စုစုပေါင်း ၄ ကြိမ် တောင်းဆို ဆန္ဒပြခဲ့ကြပြီး ဖြစ်ပါတယ်။ ဖယ်ရီကားခတွေ လျှော့ပေးဖို့၊ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးဖို့ ကျောင်းသားတွေဘက်က အခုလို အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုနေပေမဲ့လည်း အာဏာပိုင်တွေဘက်ကတော့ အခုချိန်ထိ ဒီကိစ္စကို ပြေလည်အောင် ဆောင်ရွက်ပေးတယ်ဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG