သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာယာဝတီထောင်ရှိ ကျောင်းသားတွေ နေ့စဉ်နီးပါး ရန်ကုန်မှာရုံးထုတ်ခံရ


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေး သပိတ်မှောက်ခဲ့တဲ့ ကျောင်သားတွေဟာ ၁၁ လကျော်ကြာ အမှုရင်ဆိုင်နေရပြီး ကျောင်းသားခေါင်းဆောင်တွေဟာ အမှုပေါင်း ၈၀ ထက်မနည်း ရင်ဆိုင်နေရသလို၊ နေ့စဉ်နီးပါး သာယာဝတီနဲ့ ရန်ကုန်ကို ရုံးထုတ်မှုတွေ လုပ်နေတာဟာ နှိပ်စက်ညှဉ်းပမ်းမှုတွေ လုပ်နေတာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရုံးချိန်းပေါင်း ၄၀ နီးပါးရှိလာပြီဖြစ်သလို၊ ပုဒ်မ ၁၈ နဲ့ အမှုပေါင်း ၈၀ နီးပါးလောက် ရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို နေ့စဉ်နီးပါး သာယာဝတီကနေ ရန်ကုန်ကို ရုံးထုတ်စစ်ဆေးနေတာဟာ နှိပ်စက်ညှဉ်းပမ်းသလို ဖြစ်နေတယ်လို့ ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးလှမျိုးမြင့် က ဆိုပါတယ်။

မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်
မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်

“ရန်ကုန်မှာ ပုဒ်မ ၁၈ ကို ခွဲခွဲပြီး စွဲထားတယ်။ ပြီးတော့ စစ်ဆေးတာတင် အမှု ၈၀ နီးပါးလောက်ရှိတယ်လို့ ပြောတယ်။ နောက် သာယာဝတီကနေ ရန်ကုန်က ရုံးထုတ်တယ်။ သာယာဝတီနဲ့ ခရီးက ၃ နာရီလောက်မောင်းရတယ်။ အသွားအပြန်လဲ ဖြစ်နေတယ်။ ရဲတွေလည်း အလုပ်ရှုပ်တယ်။ ရန်ကုန်ကို နေ့တိုင်းရုံးထုတ်နေတော့ နေ့တိုင်းကားစီးပြီး သွားနေရတယ်။ နန္ဒစစ်အောင်နဲ့ ဖြိုးဖြိုးအောင်က ရန်ကုန်ကိုထုတ်မှာ။ ရန်ကုန်က မြို့နယ်တိုင်းမှာ အမှုတွေရှိနေတော့ သူတို့ကို နေ့တိုင်းရုံးထုတ်စစ်မှာဖြစ်တော့ ရန်ကုန်ကိုနေ့တိုင်း ကားစီးလာရတဲ့ ဒုက္ခကို ခံစားနေရတယ်။ အဓိပ္ပါယ်က ကလေးတွေကို ဒုက္ခပေးဖို့ဆိုတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ သူတို့ ပေါ်လွင်နေတယ်။ သူတို့သက်တမ်းရှိတဲ့အတွင်းမှာ ရအောင် နှိပ်စက်သွားမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။”

အင်္ဂါနေ့တိုင်း သာယာဝတီတရားရုံးမှာ ရုံးထုတ်ချိန်မှာလည်း တရားသူကြီးနဲ့ ကျောင်းသားတွေကြားမှာ မကျေလည်မူတွေကြောင့် ဆန္ဒပြမှုတွေ ရှိနေသလို တရားခံရှေ့နေနဲ့ တရားလို ရဲအာဏာပိုင်တွေကြားမှာလည်း မွေးခွန်းတွေမေးရင်းနဲ့ မပြေလည်မှုတွေ ဖြစ်ရတဲ့အတွက် တရားရုံးစစ်ဆေးမှုတွေ ရပ်နားလိုက်ရတဲ့ အကြိမ်တွေလည်း မကြာခနဆိုသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့တရားခွင်ကိုလည်း အခုလို ပြသနာတွေဖြစ်တာကြောင့် ရပ်နားလိုက်ရတယ်လို့ ရှေ့နေဖြစ်သူက ဆက်ပြောပြပါတယ်။

“အမှုစစ်နေတဲ့တန်းလန်းကနေပြီးတော့ ပြဿနာဖြစ်တယ်။ ဖြစ်ပြီးတော့ ကျောင်းသားတွေကလည်း တရားခွင်ထဲမှာ မထိုင်ဘဲ အပြင်ဘက်ထွက်နေတာ့ တရားသူကြီးက ပြန်ဝင်ဖို့ ပြောတယ်။ အဲဒီမှာ စကားများပြီးတော့ ကျောင်းသားတွေက ဆန္ဒပြတယ်။”

ကျောင်းသားများတွေနဲ့ ဝန်းရံသူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ) တွေနဲ့ သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားတဲ့အတွက် ၁၁ လကြာတဲ့အထိ တရားရင်ဆိုင် နေရသလို ရန်ကုန်မှာက မြို့နယ်အတော်များများရဲ့တရားရုံးတွေမှာလည်း နေ့စဉ်နီးပါး တရားရင်ဆိုင်နေရပါတယ်။ ဥပဒေကြောင်းအရ တရားရုံးတက်နေရတဲ့ ရှေ့နေတွေအနေနဲ့လည်း အခက်အခဲတွေဖြစ်ရသလို စွပ်စွဲထားတဲ့ ပုဒ်မတွေဟာ ဥပဒေနဲ့အညီ ဖြေရှင်းခွင့်မရတဲ့အတွက် အစိုးရသစ်တက်လာမှသာ ဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ကျောင်းသားတွေရဲ့ ရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG